သတင်းအမှားဆိုတဲ့ စကားလုံးကို လက်နက်သဖွယ်အသုံးချပြီး စစ်ကောင်စီဘယ်လိုဝါဒဖြန့် ပုံဖျက်နေလဲ 

By ဇော်နွေဦး
20 January 2022
သတင်းအမှားဆိုတဲ့ စကားလုံးကို လက်နက်သဖွယ်အသုံးချပြီး စစ်ကောင်စီဘယ်လိုဝါဒဖြန့် ပုံဖျက်နေလဲ 

ဇန်နဝါရီ ၂၀

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းလိုက်သည့် ဖေဖော်ဝါရီ ၁ရက်နေ့ကစပြီး သတင်းမီဒီယာများကို ထိန်းချုပ်ကန့်သတ်မှုများ ပေါ်ပေါ်တင်တင်လုပ်ဆောင်ခဲ့သည်။ အာဏာမသိမ်းခင်က ပြန်ကြားရေး ဝန်ကြီးဌာနနှင့် တရားဝင်စာချုပ်ချုပ်ဆိုထားသည့် DVB, Mizzima ကဲ့သို့သော ရုပ်သံ သတင်းဌာနကြီးများကို အကြောင်းပြချက်မရှိဘဲ စာချုပ်ဖျက်သိမ်းပြီး ထုတ်လွှင့်ခွင့်ပိတ်ပင်ခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံ၏ ပရိတ်သတ်အများဆုံးသော သတင်းမီဒီယာဌာနကြီးဖြစ်သည့် 7 day သတင်းစာကိုလည်းထုတ်ဝေခွင့် ပိတ်ပင်ခဲ့သလို The Voice Daily သတင်းစာကိုလည်း ထုတ်ဝေခွင့်ရပ်ဆိုင်းခဲ့သည်။ ယင်းသို့သောနည်း လမ်းများဖြင့် တရားဝင်ထုတ်ဝေနေသည့် ပင်မရေစီးကြောင်း သတင်းမီဒီယာများကို နှိပ်ကွပ်ခဲ့ပြီး အခြားတစ်ဘက်တွင်လည်း စစ်တပ်ပိုင် မြဝတီပိုင် မီဒီယာများနှင့် ပြန်ကြားရေးဝန်ကြီးဌာနပိုင်မီီဒယာ များနှင့် လူမှုကွန်ရက်ဝါဒဖြန့်ချိရေးယန္တရားကိုအသုံးပြုပြီး စစ်အာဏာသိမ်းမှုကိုတွန်းလှန်သည့် သတင်းများကို တင်ဆက်နေ သော  သတင်းမီဒီယာများကို ပုံဖျက်မှုများ စနစ်တကျပြုလုပ်ခဲ့သည်။ 

ယခုဆောင်းပါးတွင် ဇွန်လမှ အောက်တိုဘာလ အထိ ၄လကြာ စောင့်ကြည့် လေ့လာခဲ့သည့် အချက်အလက်များကို အခြေခံပြီး စစ်ကောင်စီသည် သတင်းအမှားဆိုသည့် စကားလုံးကို အသုံးချပြီး လူထုယုံကြည်ကိုးစားသည့် သတင်းမီဒီယာများကို သတင်းအမှားဖြန့်သည်ဟု ပုံဖျက်မှုများကို အသေးစိတ်ဖော်ထုတ်သွားမည်ဖြစ်သည်။ 

သတင်းအမှားဆိုတဲ့စကားလုံးကို သုံးပြီး စစ်ကောင်စီ ဘာကြောင့် ဝါဒဖြန့်နေတာလဲ 

စစ်ကောင်စီသည် ၎င်းတို့ပိုင်မီဒီယာများဖြစ်သည့် MRTV ၊ MWD အပါအဝင် သတင်းစာများတွင် အချက်အလက်စစ်ဆေးခြင်းပုံစံကိုအသုံးချပြီး ၎င်းတို့ကျူးလွန်ခဲ့သည့်ဖြစ်စဉ်များကို ငြင်းဆို ဖုံးကွယ်ရန်အတွက် သတင်းအမှားများဟု ခေါင်းစဉ်တပ်ကာ သတင်းမီဒီယာများတွင်ဖော်ပြသည့် သတင်းများကိုသတင်းအတုသတင်းအမှားများဟု တန်ပြန်ဝါဒဖြန့်ခဲ့သည်။ အထူးသဖြင့် စစ်တပ်သည် ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြသည့် ပြည်သူများကို ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်ခဲ့သည့်ဖြစ်စဉ်များကို ဖုံးကွယ်ရန်နှင့် ပစ်သတ်မှုများကိုပြုလုပ်သည်မှာ စစ်တပ်မဟုတ်ကြောင်းသက်သေပြရန်အတွက် ယင်းကဲ့သို့နည်းလမ်းများကိုမတ်လကတည်းက စတင်အသုံးချခဲ့သည်။ အထင်ရှားဆုံးဖြစ်ရပ်မှာ မန္တလေးတွင်ပစ်သတ်ခံခဲ့ရသည့် မကြယ်စင် ဖြစ်စဉ်တွင် ဆန္ဒပြလူအုပ်စုတွင်းမှတစ်စုံတစ်ဦးကပဲ မကြယ်စင်ကို ပစ်သတ်သယောင် ၎င်းတို့ပိုင် မီဒီယာများမှ ဝါဒဖြန့်ခဲ့သည့် ဖြစ်စဉ်မှာ အထင်ရှားဆုံးဖြစ်သည်။ 

အာဏာသိမ်းစစ်တပ်သည် အချက်အလက်စစ်ဆေးခြင်းကို လက်နက်သဖွယ် အသုံးပြုပြီး သတင်းမီဒီယာများကို သတင်းအမှားဖြန့်သည်ဟု တန်ပြန်ခြင်းပြုလုပ်ရာ တွင်အခြေခံအားဖြင့် ရည်ရွယ်ချက် ငါးခုကိုဦးတည်ပြီးပြုလုပ်ခဲ့သည်ကို လေ့လာတွေ့ရှိရပါသည်။ ယင်းတို့မှာ 

(၁) ဒေသခံပြည်သူလူထုအပေါ်ကျူးလွန်ခဲ့သည့် တရားလက်လွတ်သတ်ဖြတ်မှုများနှင့်ရာဇဝတ်မှုများကို ဖုံးကွယ်ရန် ။

(၂)နိုင်ငံတကာကိုပေါက်ရောက်သည့်သတင်းဖြစ်စဉ်များကိုသတင်းအမှားဟုပုံဖျက်ရန်။

(၃)တိုက်ပွဲသတင်းများ စစ်ကောင်စီတပ်သားကျဆုံးမှုများနှင့်တပ်တွင်းCDMဖြစ်စဉ်များကိုဖုံးကွယ်ရန်။

(၄)သတင်းမီဒီယာများမှ သတင်းများကို လူထုအယုံအကြည်ကင်းမဲ့စေရန်အတွက် သတင်းအမှား ဖြန့်သည်ဟု ပုံဖျက်ရန်။

(၅)ကိုဗစ်ဖြစ်ပွားမှုနှင့်စေတနာ့ဝန်ထမ်းCDMဆရာဝန်များဖမ်းဆီးနှိပ်ကွပ်မှုကို ဖုံးကွယ်ရန် ။

စသည့်အချက်များကို ဦးတည်ပြီး အချက်အလက်စစ်ဆေးခြင်းနည်းလမ်းများနှင့် သတင်းအမှား များဆိုသည့် စကားလုံးကို အသုံးချပြီး ရည်ရွယ်ချက်ရှိရှိ ပုံဖျက်ခြင်းများကို ပြုလုပ်လာသည်။ 

ဒေသခံပြည်သူလူထုအပေါ်ကျူးလွန်ခဲ့သည့်စစ်ရာဇဝတ်မှုများကိုဖုံးကွယ်ရန်အတွက် သတင်းအမှား များဖြစ်သည်ဟု တုန့်ပြန်ခြင်း 

ဇွန်လနှင့်ဇူလိုင်လအတွင်း အပြစ်မဲ့ အရပ်သားများအပေါ်တွင်  စစ်တပ်၏ စစ်ရာဇဝတ် ကျူးလွန်မှုများအနက်အထင်ရှားဆုံးဖြစ်ရပ်များဖြစ်သည့် ကင်းမရွာမီးလောင်ကျွမ်းမှုဖြစ်စဉ်နှင့် ကနီဒေသခံများအပေါ်ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုများကို သတင်းမီဒီယာများမှဖော်ပြမှုများအား သတင်းအတုသတင်းအမှားများဖြစ်သည်ဟု စစ်ကောင်စီက ၎င်းတို့ပိုင် မီဒီယာများတွင် တန်ပြန်ခဲ့သည်။ 

ကင်းမရွာမီးလောင်ကျွမ်းမှုဖြစ်စဉ်တွင် စစ်တပ်၏ ရက်စက်ကြမ်းကြုတ်စွာ အရပ်သားများအပေါ် စစ်ရာဇဝတ်မှု ကျူးလွန်မှုကိုငြင်းဆိုရန်အတွက် စစ်တပ်ပိုင်မီဒီယာများ သည် ကင်းမရွာမီးလောင်ကျွမ်းမှုနောက်ကွယ်မှအမှန်တရားများ ဆိုသည့် ဝါဒဖြန့်ချိရေးရုပ်သံဗီီဒယို တစ်ခုကိုလည်း ထုတ်လွှင့်ခဲ့သည်။ ယင်းဗီီဒယိုတွင် ကင်းမရွာမီးလောင်ကျွမ်းမှုနှင့်ပတ်သက်ပြီး သတင်း မီဒီယာများမှဖော်ပြနေမှုများမှာ လုပ်ကြံဖော်ပြနေခြင်းဖြစ်ကြောင်းနှင့် ကင်းမရွာကိုမီးရှို့ခဲ့သည့်အဖွဲ့မှာ PDF အဖွဲ့ဝင်များသာဖြစ်သည်ဟုဆိုကာ အချက်အလက်စစ်ဆေးသည့်ပုံစံဖြင့် တန်ပြန်ဝါဒဖြန့်ချိခဲ့သည်။  ယင်းဗီဒီယိုတွင် အင်တာနက်လူမှုမီဒီယာများပေါ်၌ ပျံ့နှံ့ခဲ့သည့် အခြားမသက်ဆိုင်သည့် ဗီဒီယိုကလစ်များကို ဖြတ်ညှပ်ကတ်ပြုလုပ်အသုံးပြုပြီး ကင်းမရွာကို မီးရှို့ခဲ့သည့်သူများမှာ ဒေသခံ PDF အဖွဲ့တွေသာဖြစ်သည်ဟု လိမ်ညာဝါဒဖြန့်ခဲ့သည်ကိုတွေ့ရသည်။ 

အထင်ရှားဆုံးသက်သေတစ်ခုမှာ မိုလိုတော့ပ် ပုလင်းဖြင့် နေအိမ်ခြံစည်းရိုးကို လူငယ်တစ်ဦးက ပစ်နေသည့် ဗီဒီယိုကို ကင်းမရွာသားတစ်ဦးက နေအိမ်ကိုမီးရှို့နေသယောင်ဖော်ပြခဲ့ခြင်းဖြစ်သည်။ ယင်း ဗီဒီယိုကို အချက်အလက်စစ်ဆေးသည့် Tools များဖြင့်ရှာဖွေစစ်ဆေးခဲ့ရာတွင် ကင်းမရွာဖြစ်စဉ်နှင့်လုံးဝ သက်ဆိုင်ခြင်းမရှိပဲ ဧပြီလအတွင်းက ထားဝယ်မြို့တွင်ဖြစ်ပွားခဲ့ပြီး Tik tot တွင်ပျံ့နှံ့နေပြီးသား ဗီဒီယိုတစ်ခုကို အသုံးချပြီး ဝါဒဖြန့်ချိထားခြင်းဖြစ်သည်။ 

Tiktok ပေါ်တွင် ဧပြီလ ၃ရက်နေ့ကတည်းကတင်ထားသည့် ထားဝယ်မြို့မှဖြစ်စဉ်တစ်ခုကို ကင်းမရွာဖြစ်စဉ်ဟု စစ်ကောင်စီမှ လိမ်လည်ဝါဒဖြန့်ထားသည့်သက်သေ 


 ကင်းမရွာဖြစ်စဉ်နောက်ကွယ်မှ အမှန်တရားများ ဝါဒဖြန့်ချိရေးဗီဒီယိုကို လူမှုမီဒီယာတွင် စစ်တပ်ထောက်ခံသူများက ဖြန့်ချိထားပုံ

ကင်းမရွာဖြစ်စဉ်နှင့်ပတ်သက်ပြီး စစ်ကောင်စီထောက်ခံသူများက ဖေ့ဘွတ်ခ်ပေါ်တွင် စစ်တပ်ကမီးရှို့ခြင်းမဟုတ်ကြောင်း ဝါဒဖြန့်ထားပုံ 

 
 ကင်းမရွာဖြစ်စဉ်နှင့်ပတ်သက်ပြီး စစ်ကောင်စီထိန်းချုပ်မီဒီယာဖြစ်သည့် မြန်မာ့အလင်း သတင်းစာတွင်ဖော်ပြထားသည့်အာဘော်ကို ဖေ့ဘွတ်ခ်ဂရုများတွင်ဖြန့်ချိထားပုံ 

မင်းကင်းရွာဖြစ်စဉ်နှင့် ကနီအစုအလိုက်အပြုံလိုက်သတ်ဖြတ်မှုဖြစ်စဉ်ကိုဖုံးကွယ်ရန်အတွက် စစ်ကောင်စီသည် သတင်းအမှားဆိုသည့်စကားလုံးကိုအသုံးချခဲ့ 

ဇူလိုင်လအတွင်းဖြစ်ပွားခဲ့သည့် ကနီနှင့်ယင်းမာပင်ဒေသများတွင်  စစ်တပ်မှကျူးလွန်ခဲ့သော အစုအလိုက်အပြုံ လိုက်လူသတ်မှုဖြစ်စဉ်နှင့်တိုက်ပွဲဖြစ်စဉ်သတင်းများကို ရေးသားထုတ်လွှင့်ခဲ့ကြသည့် ပင်မရေစီး ကြောင်းသတင်းမီဒီယာများကို  စစ်ကောင်စီသည် အချက်အလက်စစ်ဆေးခြင်း နည်း လမ်းကိုအသုံးချပြီး သတင်းမီဒီယာများသည်  သတင်းအတုသတင်းအမှားများဖြန့်နေသည်ဟု တန်ပြန် ဝါဒဖြန့်ခဲ့သည်။ 

ယင်းသို့ သတင်းအမှားများ သတင်းအတု များဆိုသည့်စကားလုံးကို အသုံးချနိုင်ရန်အတွက် စစ်ကောင်စီသည် ၎င်းတို့ထိန်းချုပ်ထားသည့် မီဒီယာများဖြစ်သည့် MRTV, MWD များမှ ပြည်သူ့အတွက် သတင်းမှန်ကဏ္ဍ ဆိုသည့် ပရိုဂရမ်တစ်ခုကို ဖော်ဆောင်ပြီး သတင်းမီဒီယာများမှ ဖော်ပြသည့် စစ်ကောင်စီကို အထိနာစေမည့်သတင်းများကို သတင်းအတု/ သတင်းအမှား များဖြစ်သည်ဟုတံဆိပ်ကပ်ကာ ပုံဖျက်ခဲ့သည်။ 

ယင်းဖြစ်စဉ်များအနက် မင်းကင်းတောင်ဖြူကျေးရွာတွင်  PDF အဖွဲ့ဝင် ၅၇ဦးဖမ်းခံရသည့်သတင်း နှင့်ပတ်သက်ပြီး DVB  သတင်းဌာနမှသတင်းဖော်ပြခဲ့မှုကို စစ်ကောင်စီမီဒီယာဖြစ်သည့် MRTV မှ အဆိုပါသတင်းမှာ သတင်းအတုသတင်းအမှားများဖြစ်သည်ဟုဆိုကာ အချက်အလက်စစ်ဆေးသည့်နည်းလမ်းကိုအသုံးချပြီး ဇူလိုင်လ ၃၁ရက်က တန်ပြန်ငြင်းဆိုခဲ့သည်။ စစ်ကောင်စီ၏ အချက်အလက်စစ်ဆေးသည့်နည်းလမ်းမှာလည်း မတူညီသည့် သတင်းအရင်းအမြစ်များ ၏ အချက်အလက်များဖြင့် သက်သေပြခြင်းမဟုတ်ဘဲ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ  တစ်ဦးဦး၏ ပြောစကားများ၊ ဝန်ကြီးဌာနတစ်ခုခုမှ အရာရှိတစ်ဦးဦး၏ ပြောစကားများဖြင့်သာ ကိုးကား ပြီး သတင်းအတုသတင်းအမှားဖြစ်သည်ဟု တန်ပြန်ဝါဒဖြန့်ခဲ့ခြင်း ဖြစ်သည်။ 

 ယင်းအပြင် အမေရိကန် ဝါရှင်တန်ဒီစီအခြေစိုက် သတင်းဌာနတစ်ခုဖြစ်သည့် VOA သတင်းဌာနမှဖော်ပြခဲ့သည့် ကနီတိုက်ပွဲများတွင် ဖမ်းဆီး ခံခဲ့ရသည့် PDF အဖွဲ့ဝင်တွေ အလောင်းပဲပြန်ရသည်ဆိုသည့်သတင်းကိုလည်း စစ်ကောင်စီ မှ ယင်းသတင်းမှာ သတင်းအတုသတင်းအမှားများဟုတံဆိပ်ကပ်ကာ တန်ပြန်မှုကို ပြုလုပ်ခဲ့ပြီး စစ်တပ်မှ ကျူးလွန်သည့် စစ်ရာဇဝတ်မှုများကို ဖုံးကွယ်ရန်အတွက် သတင်းအမှား ဆိုသည့်စကားလုံးကို အသုံးချခဲ့သည်။ 

DVB သတင်းဌာနမှဖော်ပြထားသည့် မင်းကင်း PDF တပ်ဖွဲ့ဝင် ၅၇ ဦးဖမ်းဆီးခံရမှုသတင်းကို MRTV ပြည်သူ့အတွက်သတင်းမှန်ကဏ္ဍ ပရိုဂရမ်တွင် သတင်းအမှားဟု ငြင်းဆိုထားပုံ 

VOA သတင်းဌာနမှ ဖော်ပြထားသည့် ကနီတိုက်ပွဲတွင်အဖမ်းခံရသည့် PDF တပ်ဖွဲ့ဝင်များ အလောင်းပဲပြန်ရဆိုသည့်သတင်းကို MRTV မှ သတင်းအမှားဟု တန်ပြန်ထားပုံ 

မင်းကင်းရွာ နှစ်ရွာကို ညဘက်စစ်တပ်မှဝင်စီးသည့်အတွက် အရပ်သားများ ထွက်ပြေးရသည့်သတင်းကို MRTV အချက်အလက်စစ်ဆေးသည့်ပရိုဂရမ်မှ သတင်းအမှားဟုတန်ပြန်ထားပုံ 

နိုင်ငံတကာသတင်းမီဒီယာများကိုလည်း သတင်းအမှားဖြန့်သည်ဟု စစ်ကောင်စီက ပုံဖျက်ခဲ့

စစ်ကောင်စီသည် ပြည်တွင်းအခြေစိုက် သတင်းဌာနများကိုသာလျှင် သတင်းအမှားဖြန့်သည်ဟု ပုံဖျက်သည်သာမကဘဲ နိုင်ငံတကာသတင်းဌာနများဖြစ်သည့် CNN၊ ရိုက်တာ စသည့်သတင်းဌာနများအပါ အဝင် နိုင်ငံတကာမှဖော်ပြခဲ့သည့် စစ်တပ်၏ ရက်စက်ကြမ်းကြုတ်သတ်ဖြတ်မှုများနှင့်ပတ်သက်သည့် သတင်းများကိုလည်း သတင်းအမှားများဖြစ်သည်ဟု တန်ပြန်ခဲ့သလို အဆိုပါနိုင်ငံတကာသတင်းဌာနများ မှာလည်း ကျင့်ဝတ်နှင့်မညီသည့်သတင်းဌာနများဖြစ်ကြောင်းနှင့် သတင်းအမှားများဖြန့်ချိသည့် သတင်းမီဒီယာများဖြစ်သည်ဟု ၎င်းတို့ ပိုင်မီဒီယာများမှ တန်ပြန်ဝါဒဖြန့်ခဲ့သည်။ 

အထင်ရှားဆုံးအဖြစ်အပျက်မှာ CNN နှင့် ရိုက်တာသတင်းဌာနများမှ ဖော်ပြခဲ့ပြီး နိုင်ငံတကာတွင် ပျံ့နှံ့ခဲ့ သည့်သတင်းဖြစ်သည့်  ကင်းမရွာမီးလောင်ကျွမ်းမှုသတင်းများကိုလည်း သတင်းအမှားများဖြစ်သည်ဟု တံဆိပ်ကပ်ကာ လူမှုမီဒီယာများမှတစ်ဆင့် တန်ပြန်ဝါဒဖြန့်ချိမှုကို ပြုလုပ်ခဲ့သည်။ 

CNN နှင့် ရိုက်တာ သတင်းဌာနများမှဖော်ပြခဲ့သည့် ကင်းမရွာမီးလောင်မှုဖြစ်စဉ် သတင်းကို သတင်းအမှားဖြစ်သည်ဟုစစ်ကောင်စီဝါဒဖြန့်ချိရေးအကောင့်များက ဖေ့ဘွတ်ခ်ဂရုများတွင်ဖြန့် ဝေထားပုံ 

တိုက်ပွဲသတင်းများ စစ်ကောင်စီတပ်သား ကျဆုံးမှုများနှင့်တပ်တွင်း CDMဖြစ်စဉ် များကို သတင်းအမှားများဖြစ်သည်ဟု စစ်ကောင်စီက တန်ပြန်ခြင်း 

စစ်ကောင်စီသည် ဒေသခံ တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားရာတွင် တပ်သားများ ကျဆုံးမှု သတင်းများအပြင် တပ်တွင်းမှ ထွက်ပြေးပြီး CDM လုပ်ဆောင်ခဲ့သည့် ဖြစ်ရပ်များကို ဖော်ပြခဲ့ကြ သည့် သတင်းမီဒီယာများမှ သတင်းများကိုလည်း သတင်းအမှား များဖြစ်သည်ဟု တံဆိပ်ကပ်ကာ ပုံဖျက်တန် ပြန်ခြင်းများကို ပြုလုပ်ခဲ့သည်။ သို့သော် ၎င်းတို့ အနေဖြင့်သတင်းအမှားဟုသာပြောဆိုသော်လည်း သက်သေပြစရာအချက်အလက်နှင့် အကိုးအကားများမှာ စစ်ကောင်စီသတင်းပြန်ကြားရေးမှ ဗိုလ်ကြီး များ၏ နှုတ်ထွက်စကားများသာဖြစ်သည်ကိုတွေ့ရှိရသည်။ 

စစ်ကောင်စီလက်အောက်ခံမီဒီယာများသည် တိုက်ပွဲဖြစ်ပွားမှုအခြေအနေများနှင့် စစ်ကောင်စီတပ် သားများကျဆုံးသည့်သတင်းများကိုဖော်ပြသည့်သတင်းမီဒီယာများမှသတင်းများကို သတင်းအမှား များဖြစ်သည်ဟု တန်ပြန်မှုများပြုလုပ်ခဲ့သည်။ ယင်းသို့တန်ပြန်မှုများအနက် ထင်ရှားသည့် ဖြစ်စဉ်များမှာ DVB မှ ဖော်ပြခဲ့သည့် ပေါက် PDF က မိုင်းခွဲလို့ စစ်ကောင်စီ ၁၀ဦးသေတယ်ဆို သည့် သတင်းကို စစ်ကောင်စီ မှ သတင်းအမှားဖြစ်ကြောင်းကို   ဩဂုတ် ၂ ရက် ကငြင်းဆိုခဲ့သည်။

ယင်းအပြင် မကွေးတိုင်း ဂန့်ဂေါတွင် စစ်ကောင်စီယာဉ်တန်းမိုင်းဆွဲခံရလို့ စစ်သား ၃၀ သေသည့်သတင်းကို  DVB ကဖော်ပြမှုကိုလည်း သတင်း အမှားဖြစ်ကြောင်း ဩဂုတ်လ ၂၀ တွင် ၎င်းတို့ပိုင် MRTV ပရိုဂရမ်မှတုန့်ပြန်ခဲ့သည်။ 

သတင်းမီဒီယာများကို သတင်းအမှားဖြန့်သည်ဟုပုံဖျက်ခြင်း 

စစ်ကောင်စီသည် သတင်းမီဒီယာများမှသတင်းများကိုသတင်းအမှားဟုပုံဖျက်ကာတန်ပြန်ခြင်းကို ဇွန်လမှစတင်ပြီးတစိုက်မတ်မတ်လုပ်ဆောင်လာခဲ့သည်။ 

သမရိုးကျနည်းလမ်းမဟုတ်သည့် လူမှုမီဒီယာများပေါ်ရှိ အကောင့်များ ဂရုများမှတစ်ဆင့် သတင်းမီဒီယာအယောင်ဆောင် စာမျက်နှာများမှ တစ်ဆင့်လည်း အချက်အလက်စစ်ဆေးခြင်းပုံစံဖြင့် သတင်းမီဒီယာများ မှဖော်ပြထားသည့်သတင်းများ ကို သတင်းအတု/သတင်းအမှားဖြစ်သည်ဟု အကြိမ်ပေါင်း ရာနဲ့ချီ တန်ပြန်ရေးသား ဖြန့်ဖြူးခဲ့ကြသည်ကိုလေ့လာတွေ့ရှိရသည်။

ယင်းသို့ဖြန့်ဖြူးခဲ့ရာတွင်အဓိက အသုံးပြုခဲ့သည့် ဖေ့ဘွတ်ခ်ဂရုများမှာ We Love မြို့နယ်အလိုက်ဖွင့်လှစ်ထားသည့် ရာနဲ့ချီသည့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (IPRD) ဂရုများမှတစ်ဆင့် ဖြန့်ဖြူးခဲ့ခြင်းဖြစ်သည်။ 

ယင်းအပြင် ဖေ့ဘွတ်ခ်စာမျက်နှာများပေါ်မှ စစ်ကောင်စီအားပေးထောက်ခံသူများနှင့် မဘသကျော ထောက်နောက်ခံသတင်းမီဒီယာတစ်ခုဖြစ်သည့် မြန်မာနေရှင်းပို့စ်မှ သတင်းမီဒီယာများ၏ သတင်းဖော်ပြမှုများကို သတင်းအဆိပ် များဆိုသည့် ခေါင်းစဉ်ဖြင့် အပတ်စဉ် တန်ပြန်တုန့်ပြန်သည့် လုပ်ငန်းစဉ်များကိုလည်းစနစ်တကျလုပ်ဆောင်နေ သည်ကိုလေ့လာတွေ့ရှိရသည်။ 

စစ်ကောင်စီ၏ပစ်မှတ်ထားပြီး သတင်းအမှားဖြန့်ချိသည်ဟု တံဆိပ်ကပ်ခံခဲ့ရသည့် ပင်မရေစီးကြောင်းမီဒီယာများမှာ VOA ၊ BBC, Mizzima ၊ DVB ၊ Myanmar Now ၊ ခေတ်သစ် သတင်းဌာနနှင့် သံလွင်ခက်သတင်းဌာနတို့ဖြစ်သည်။ 

ကိုဗစ်ဖြစ်ပွားမှုနှင့်စေတနာ့ဝန်ထမ်းCDMဆရာဝန်များဖမ်းဆီးနှိပ်ကွပ်မှုကို ဖုံးကွယ်ရန် သတင်းအမှားဆို သည့်စကားလုံးကိုအသုံးချမှုတန်ပြန်သည့်ဖြစ်ရပ်များ 

စစ်တပ်ပိုင်မီဒီယာများသည် ကိုရိုနာဗိုင်းရပ်စ် တတိယလှိုင်းစတင်မှုကို ထိန်းချုပ်နိုင်စွမ်းမရှိမှုကို ငြင်းဆိုရန်အတွက် ဇွန်လမှ ဩဂုတ်လအတွင်း၌ စစ်တပ်ထိန်းချုပ်ထားသည့် မီီဒယာများမှ  ပြည်တွင်းသတင်းမီဒီယာများက ဖော်ပြထားသည့် ကိုဗစ်နှင့်ပတ်သက်သည့်သတင်းများကိုသတင်း အတု/သတင်းအမှားများဖြစ်သည် ဟု ငြင်းဆိုတန်ပြန်ခဲ့ကြသည်။

ယင်းဖြစ်စဉ်များအနက် ကိုဗစ် တတိယလှိုင်းမြန်မာနိုင်ငံတွင် ဖြစ်ပွားမှု အစောဆုံးသတင်းတစ်ခုဖြစ်သည့် ကူးစက်မြန်ဒယ်လ်တာဗိုင်းရပ်စ် ကလေးမြို့နဲ့တမူးမြို့များတွင် ဖြစ်ပွားနေကြောင်း ဒေသခံမီဒီယာများနှင့် ဒေသခံ လူပုဂ္ဂိုလ်များက ဖေ့ဘွတ်ခ်လူမှုမီဒီယာများမှာ ရေးသားတင်ပြနေမှုကို အချက်အလက်စစ်ဆေး ခြင်းပုံစံဖြင့် စစ်တပ်ထိန်းချုပ်ထားသည့် MRTV မှ ဇွန်လ ၆ရက်နေ့က ကျန်းမာရေးညွှန်ကြားရေးမှူးချုပ် ခင်ခင်ကြီးကို မေးမြန်းပြီး ယင်းသတင်းများမှာ သတင်းအတု သတင်းအမှားများသာဖြစ်ပြီး မြန်မာနိုင်ငံတွင် ဒယ်လ်တာမျိုးကွဲ ဖြစ်ပွားခြင်းမရှိဘဲ ပြည်သူလူထုစိုးရိမ်မှုဖြစ် ပွားအောင်သတင်းအမှားများဖြန့်နေခြင်းသာဖြစ်သည်ဟု တန်ပြန်ခဲ့သည်။  သို့သော် ယင်းသို့ပြောဆိုပြီး တစ်ပတ်ခန့်အကြာတွင် မြန်မာနိုင်ငံတွင် ဒယ်လ်တာမျိုးကွဲဖြစ်ပွားမှု တတိယလှိုင်းအကြီးအကျယ်ဖြစ်ပွား ခဲ့သည်။ 


ကူးစက်မြန်ဒယ်လ်တာဗိုင်းရပ်စ်ကလေးမြို့နဲ့တမူးမြို့များတွင် ဖြစ်ပွားနေကြောင်း ဒေသခံမီဒီယာများနှင့် ဒေသခံ လူပုဂ္ဂိုလ်များကရေးသားမှုကို သတင်းအမှားဖြစ်ကြောင်း ဇွန်လ ၆ရက်နေ့က MRTV မှ တန်ပြန်ခဲ့ပုံ 

ထို့အပြင် မြောက်ဒဂုံမှ စေတနာ့ဆရာဝန် ၅ဦးကိုဖမ်းဆီးမှုအား BBC သတင်းဌာမှ ဖော်ပြမှုကို သတင်းအမှား ဖြစ်ကြောင်းကို တန်ပြန်ခဲ့သည့်အပြင်  ပဲခူးထောင်ထဲတွင်  ကိုဗစ်ဖြစ်ပွားနေ ကြောင်း အကျဉ်းသားတစ်ဦးမှ ပေးပို့သည့်စာနှင့်ပတ်သက်ပြီး သတင်းဖော်ပြနေမှု မှာ သတင်းအမှားဖြစ်ကြောင်း နှင့် ထောင်ထဲတွင် ကိုဗစ်ကုသပေးနေကြောင်းကို စစ်ကောင်စီက တန်ပြန်ခဲ့သည်။ 


ဘာကြောင့် သတင်းအမှားဆိုသည့်စကားလုံးကိုအသုံးချပြီး စစ်ကောင်စီရဲ့ ဝါဒဖြန့်မှုတွေကို သတိထားသင့်လဲ 

စစ်ကောင်စီပိုင်မီဒီယာများနှင့်လက်ကိုင်တုတ် လူမှုမီဒီယာအကောင့်များ စာမျက်နှာများနှင့် သတင်းမီဒီယာအယောင်ဆောင် ဝါဒဖြန့်ချိရေးစာမျက်နှာများသည်  သတင်းမီဒီယာများ ၏ သတင်းများကို သတင်းအမှားများဖြစ်သည်ဟု တန်ပြန် ပုံဖျက်မှုများ၏ ၇၀ရာခိုင်နှုန်းမှာ သတင်းမီဒီယာများ၏ အရေးပါမှုကိုမှေးမှိန်အောင်နှင့် လူထုအယုံအကြည်မဲ့ရန်ရည်ရွယ်ပြီး  ကျန် ၃၀ ရာခိုင်နှုန်းမှာ လူထုကို ဝါဒဖြန့်ချိရန် ရည်ရွယ်သည်ကို လေ့လာတွေ့ရှိရသည်။ 

သတင်းအမှားများကို တန်ပြန်ရာတွင် အချက်အလက်စစ်ဆေးသည့်လုပ်ငန်းစဉ်အရ လိုက်နာရသည့် စည်းမျဉ်းစည်းကမ်းများရှိသည်။ သက်သေအထောက်အထားနှင့်တကွ မည်သည့်အချက်များကမှားယွင်း နေသည်ကို ခိုင်မာသည့်သက်သေများ၊ အချက်အလက်များ အကိုးအကားများဖြင့် ဖော်ပြပြီး မှားယွင်းကြောင်းကို ဖော်ပြရေးသားတန်ပြန်ရသည်။ သို့သော်လည်း စစ်ကောင်စီသည် သတင်းမီဒီယာများ မှ သတင်းများကို သတင်းအမှားဟုဆိုရာတွင် အရင်းအမြစ်အစုံမှ အချက်အလက်များနှင့်သက်သေအထောက်အထားများဖြင့် တန်ပြန်ခြင်းမဟုတ်ဘဲ စစ်ကောင်စီသတင်းပြန်ကြားရေးမှအေးသဇင်မြင့်ရဲ့ပြောကြားချက်ဖြင့် အများဆုံးတန်ပြန်ပုံဖျက်သည်ကိုတွေ့ရှိရသည်။

စစ်ကောင်စီသည် ဇွန်လမှစတင်ပြီး သတင်းအမှားဆိုသည့်စကားကိုအသုံးပြုပြီး ဝါဒဖြန့်ချိရာတွင် တွင်တွင်ကျယ်ကျယ်အသုံးပြု ခဲ့ခြင်းဖြစ်ကာ သတင်းမီဒီယာများ၏ အခန်းကဏ္ဍကိုမှေးမှိန်ရန်နှင့်လူထုအယုံအကြည်မရှိစေရန် ရည်ရွယ်ကာ သတင်းအမှားများဖြန့်သည်ဟု ပုံဖျက်ခြင်းသက်သက်သာဖြစ်သည်။ မဇ္စျိမ ဒီဗွီဘီ ခေတ်သစ်သတင်းဌာနများမှာ စစ်ကောင်စီ၏ပစ်မှတ်အထားခံရဆုံးသတင်းမီဒီ ယာများဖြစ်သည်။

စစ်ကောင်စီသည် ယင်းသို့သတင်းမီဒီယာများကို သတင်းအမှားဖြန့်သည်ဟု ပုံဖျက်တန်ပြန် ရာတွင် ၎င်းတို့ ထိန်းချုပ်ရုပ်သံ၂ခုအပြင် ဖေ့ဘွတ်ခ်နှင့်တယ်လီဂရမ်များမှတစ်ဆင့်တန်ပြန် ဝါဒဖြန့်ချိခဲ့သည်ကို တွေ့ရှိရသည်။ အထူးသဖြင့် စစ်လော်ဘီတယ်လီဂရမ်ချန်နယ်များ သည် MRTV  နှင့် မြဝတီရုပ်သံ များမှ တန်ပြန်သည့် သတင်းအမှားဖြစ်သည်ဆိုသည့် ဗီဒီယိုများနှင့်သတင်းအမှားတန်ပြန်သည့်ပို့စ်များကို ပြန်လည်ဝေမျှပြီး ပျံ့နှံ့စေခဲ့သည်။ 

 MRTVမှတင်သည့်သတင်းအမှားတန်ပြန်မှုဗီဒီယိုများကို အခြားဝါဒဖြန့်ချန်နယ်များမှပြန်တင်ခြင်း နှင့် အခြားဝါဒဖြန့်ချန်နယ်မှ မီဒီယာများအပေါ်ပုံဖျက်သည့်ပို့စ်များကိုလည်း MRTV MWD တယ်လီဂရမ်များမှ ပြန်လည်ဝေမျှခြင်းမျိုးကိုလည်းပြုလုပ်ဝါဒဖြန့်နေသည်ကိုတွေ့ရှိရသည်။ 
ဖေ့ဘွတ်ခ်ပေါ်တွင် သတင်းမီဒီယာများကို သတင်းအမှားဖြန့်သည်ဟုပုံဖျက်ရာတွင် We Love မြို့နယ်ဂရုများမှတစ်ဆင့် အဓိကထား တန်ပြန်လေ့ရှိပြီး မဘသကျောထောက်နောက်ခံသတင်းမီဒီယာ အယောင်ဆောင်များမှလည်း ပရိုဂရမ်များဖြင့် ပုံမှန်ဝါဒဖြန့်ချိမှုမျိုးပြုလုပ်နေသည်။ ထို့ကြောင့် စစ်ကောင်စီနှင့် ၎င်းတို့ လက်ကိုင်တုတ်ဝါဒဖြန့်ချိရေးအကောင့်များ စာမျက်နှာများမှ သတင်းအမှား ဆိုပြီးတန်ပြန်သည့် အကြောင်းအရာများကို သတိထားသင့်ကြောင်း ရေးသားဖော်ထုတ်လိုက်ပါသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required