တရုတ်သမ္မတ ရှီကျင့်ဖျင်သည် တစ်ပြေးညီ တရုတ်ကိုယ်ပိုင်လက္ခဏာကို မြှင့်တင်ရန် ကြိုးပမ်း နေသောကြောင့် မကြာသေးမီနှစ်များအတွင်း မျိုးဆက်သစ်လူငယ်များအကြား ဒေသိယစကားပြောဆိုခြင်း ကျဆင်းလာမှုမှာ ပိုမိုထင်ရှားလာသည်။
မန်ဒရင်းဘာသာစကားကို ယခုအခါ တရုတ်လူဦးရေ၏ ၈၀ ရာခိုင်နှုန်းကျော်က ပြောဆိုနေကြပြီး လွန်ခဲ့သော ၁၀ စုနှစ်က ၇၀ ရာခိုင်နှုန်းရှိရာမှ မြင့်တက်လာခြင်းဖြစ်သည်။ တရုတ်နိုင်ငံတော်ကောင်စီသည် လာမည့် ၄ နှစ်အတွင်း ကိန်းဂဏန်းအား ၈၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ရန် ကတိပြုခဲ့ကြောင်း Taipei Times သတင်းတွင် ဖော်ပြထားသည်။
သို့သော်တူညီသော တရုတ်လက္ခဏာတစ်ခုအတွက် ရှီ၏အစပြုမှုသည် ဟန်လူမျိုးကြီးများ၏ ဒေသိယစကားများနှင့် မွန်ဂိုလီးယားနှင့် ဝီဂါကဲ့သို့သော တိုင်းရင်းသားဘာသာစကားများအပါအဝင် ဒေသခံဘာသာစကားများ ပျောက်ကွယ်သွားစေသည်။
ဥပမာအားဖြင့် အတွင်းမွန်ဂိုလီးယားတွင် ၂၀၁၆ ခုနှစ်က ဒေသဆိုင်ရာ စည်းမျဉ်းများအရ တိုင်းရင်းသားကျောင်းများအား ၎င်းတို့၏ဘာသာစကားကို အသုံးပြုခွင့်ပေးခဲ့သည်။ မူဝါဒသည် ကျောင်းသားများ၏ ဘာသာစကားစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဘာသာစကားနှစ်မျိုးသုံးခြင်းကို
ပြုစုပျိုးထောင်ရန် ရည်ရွယ်သော်လည်း ၂၀၂၀ ခုနှစ်တွင် မန်ဒရင်းဘာသာကို ပြန်လည်ဦးစားပေးခဲ့သောကြောင့် တိုင်းရင်းသားလူမျိုးများ၏ကန့်ကွက်ဆန္ဒပြမှုများကို ဖြစ်ပေါ်စေခဲ့သည် ဟု Taipei Times က ဖော်ပြသည်။
အစိုးရက Standard Mandarin ချန်နယ်ကို တစ်နိုင်ငံလုံး ထုတ်လွှင့်ရန် အတင်းအကျပ်တိုက်တွန်းပြီးနောက်၂၀၁၄ ခုနှစ်တွင် Shanghai Dialect Talk တီဗီအစီအစဉ်ကို ဖြုတ်ချလိုက်သည်။
တရုတ်သည် ၂၀၀၀ ခုနှစ်တွင် စကားပြောနှင့် အရေးကို စံသတ်မှတ်ရန် ဥပဒေများကို အတည်ပြုခဲ့သည်။ ပြည်နယ်တစ်ခုစီတွင် ဘာသာစကားကော်မတီတစ်ခုစီက မန်ဒရင်းအသုံးပြုမှုကို စောင့်ကြည့်ကာ ထိန်းသိမ်းကြပ်မတ်သည်။
စက်တင်ဘာလတွင် စီချွမ်ပြည်နယ်၌ နိုင်ငံ့ဝန်ထမ်းများနှင့် ပါတီကေဒါများအား လုပ်ငန်းခွင်အတွင်းဒေသိယစကားသုံးခြင်းမှ တားမြစ်ခဲ့သည်။
ပေကျင်းယူနီယံတက္ကသိုလ်မှ ၂၀၁၀ ခုနှစ် လေ့လာမှုတစ်ခုအရ ၁၉၈၀ ခုနှစ်နောက်ပိုင်းမွေးဖွားသော ပေကျင်းဒေသခံ ထက်ဝက်နီးပါးသည် ပေကျင်းဒေသိယစကားထက် မန်ဒရင်းကို ပိုမိုနှစ်သက်ကြကြောင်း တွေ့ရှိရသည်ဟု Taipei Times သတင်းတွင် ဖော်ပြထားသည်။