တရုတ်ကျောင်းသား ၅ သန်းကျော် ကျောရိုးပုံမမှန်သည့် ဝေဒနာခံစားနေရ

တရုတ်ကျောင်းသား ၅ သန်းကျော် ကျောရိုးပုံမမှန်သည့် ဝေဒနာခံစားနေရ

ကျောရိုးရောဂါကာကွယ်ရေးဆိုင်ရာ တရုတ်ကြိုတင်ကာကွယ်ရေးဆေးပညာအသင်းမှ ပြုလုပ်သော သုတေသနတစ်ခုအရ လက်ရှိတွင် တရုတ်နိုင်ငံ၌ မူလတန်းနှင့် အထက်တန်းကျောင်းသား/သူ ၅ သန်းခန့်သည် ကျောရိုးပုံသဏ္ဍာန်မမှန်သည့် ဝေဒနာ ခံစားနေရကာ နှစ်စဉ် အရေအတွက် ၃ သိန်း ခန့်တိုးတက်နေကြောင်းလည်း သိရသည်။

တရုတ်နိုင်ငံ၏ လူမှုမီဒီယာပလက်ဖောင်း Sina Weibo တွင် အင်တာနက်အသုံးပြုသူအများအပြားက တရုတ်ကျောင်းသားများ၏အခြေအနေနှင့်ပတ်သက်၍ လေးလံသောကျောင်းလွယ်အိတ်များနှင့် မတူညီသောရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုအဆင့်များတွင် ကလေးငယ်များအတွက် အရွယ်အစားနှင့် သင့်တော်သည့် အမြင့်မဟုတ်သော ခုံစောင်းများကြောင့်ဖြစ်ကြောင်း ယူဆကြသည်ဟု Global Times ၌ ဖော်ပြထားသည်။

ယနေ့ခေတ် တရုတ်ကျောင်းသားများ၏ ပျမ်းမျှအရပ်အမြင့်သည် ယခင်ခေတ်ကထက် ပိုရှည်လာသော်လည်း စားပွဲခုံများနှင့် ကုလားထိုင်များသည် မပြောင်းလဲသေးကြောင်း အင်တာနက်သုံးစွဲသူများက ပြောသည်။

ထို့ပြင် ကျောရိုးကောက်ခြင်းသည် အဝလွန်ခြင်းနှင့် အဝေးမှုန်ခြင်းပြီးလျှင် တရုတ်ကလေးငယ်များနှင့် ဆယ်ကျော်သက်များ၏ ကျန်းမာရေးကို ထိခိုက်စေသော တတိယမြောက် အဓိကရောဂါဖြစ်လာကြောင်း China Central Television (CCTV) ကို ကိုးကား၍ သတင်းစာက ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံမြောက်ပိုင်း ဟဲပေပြည်နယ်ရှိ ဟန်းရွှီမြို့မှ အသက် ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦး၌ ပြင်းထန်သော ကျောရိုးကောက်ရောဂါ စစ်ဆေးတွေ့ရှိခဲ့ပြီး တာရှည်ထိုင်ပုံအနေအထား ညံ့ဖျင်းခြင်းကြောင့် ဖြစ်ရခြင်းဖြစ်သည်ဟု ဆရာဝန်က ယူဆခဲ့သည်။

သူမ၏ အခြေအနေ မတိုးတက်ပါက ပခုံးမညီညာခြင်း၊ အရှည်မညီသော ခြေထောက်များ၊ ခန္ဓာကိုယ် ပုံပျက်ခြင်းနှင့် အခြား ဆိုးရွားသောအကျိုးဆက်များ ဖြစ်ပေါ်လာနိုင်သည်ဟု သတင်းစာက ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required