နျူကလီးယားနဲ့ တာဝေးပစ်ဒုံး စမ်းသပ်မှုတွေ ပြန်စနိုင်ဟု မြောက်ကိုရီးယား အရိပ်အမြွက်ပြော

နျူကလီးယားနဲ့ တာဝေးပစ်ဒုံး စမ်းသပ်မှုတွေ ပြန်စနိုင်ဟု မြောက်ကိုရီးယား အရိပ်အမြွက်ပြော
Photo - AFP

ဇန်နဝါရီ ၂၀

နျူကလီးယားနဲ့ တာဝေးပစ် လက်နက်တွေ စမ်းသပ်တာကို ပြန်လည်စတင်နိုင်ကြောင်း မြောက်ကိုရီးယားက ဇန်နဝါရီ ၂၀ ရက်မှာ အရိပ်အမြွက် ပြောလာခဲ့ပါတယ်။ ဒါဟာ ဒဏ်ခတ်အရေးယူမှုတွေကို လျစ်လျူရှုပြီး မကြာသေးခင်က ဒုံးကျည်စမ်းသပ်မှုတွေ လုပ်ဆောင်ထားခဲ့တဲ့ မြောက်ကိုရီးယားဘက်က ယခုနောက်ထပ် ထုတ်ဖော်လာတဲ့ ခြိမ်းခြောက်မှုလည်း ဖြစ်ပါတယ်။

မြောက်ကိုရီးယားဟာ ၂၀၁၇ ခုနှစ်နောက်ပိုင်း တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်တွေ ဒါမှမဟုတ် နျူလက်နက်တွေ စမ်းသပ်တာတွေကို မလုပ်တော့ဘဲ ရပ်ဆိုင်းထားခဲ့တာဖြစ်ပြီး ခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ အဆင့်မြင့်လယ်ဗယ် သံခန်းတမန်ခင်း ဆွေးနွေးညှိနှိုင်းမှုတွေကို စလုပ်ခဲ့ပြီး ယင်းအချိန်ကာလအတွင်း အမေရိကန်သမ္မတဖြစ်ခဲ့တဲ့ ဒေါ်နယ်ထရမ့် နဲ့ သုံးကြိမ်တွေ့ဆုံခဲ့ကာ ယင်းနောက် နှစ်နှစ်အကြာမှာ ဆွေးနွေးမှုတွေ ပျက်ပြားထားခဲ့တာဖြစ်ပါတယ်။

ယင်းအချိန်ကစလို့ နျူကလီးယားလက်နက်ပိုင် မြောက်ကိုရီးယားဟာ အမေရိကန်ရဲ့ ဆွေးနွေးမှု ကမ်းလှမ်းချက်တွေကို လက်မခံဘဲ ငြင်းပယ်ထားခဲ့ပြီး တချိန်တည်းမှာလည်းပဲ ဟိုက်ပါဆောနစ်ဒုံးတွေအပါအဝင် စမ်းသပ်မှုတချို့ ပြန်စနေခဲ့ကာ ခေါင်းဆောင် ကင်မ်က ၎င်းရဲ့ စစ်တပ်ကို ထပ်မံအားကောင်းစေရေး ရည်မှန်းချက်အတိုင်း ဆက်လုပ်နေခဲ့ပါတယ်။

ပြီးခဲ့တဲ့အပတ်က ဝါရှင်တန်က ဒဏ်ခတ်ပိတ်ဆို့မှုအသစ်တွေ ချမှတ်ခဲ့ချိန်မှာ ဒါဟာ "ရန်စမှု" တစ်ခုဖြစ်တယ်လို့ ပြုံယမ်းက ပြောခဲ့ပါတယ်။ ယင်းနောက် မြောက်ကိုရီးယားက သမားရိုးကျ လက်နက်စမ်းသပ်မှုတွေကို အရှိန်မြှင့်ခဲ့ကာ ယင်းအပေါ် ချုပ်ထိန်းလိုတဲ့ အားထုတ်မှုတွေကို "ပိုမိုအားကောင်းပြီး သေချာတဲ့" တုံ့ပြန်မှုတစ်ခု လုပ်ဆောင်မယ်လို့ ပြောဆိုခဲ့ပါတယ်။

"အမေရိကန်ရဲ့ ရန်လိုတဲ့ မူဝါဒနဲ့ စစ်ရေး ခြိမ်းခြောက်မှုက ဘယ်လိုမှ လျစ်လျူရှုထားလို့ မရနိုင်တော့တဲ့ အန္တရာယ်မျဉ်းတစ်ခုကို ရောက်ရှိထားခဲ့ပါပြီ" လို့ ယင်းနိုင်ငံရဲ့ ပေါလစ်ဗျူရို အစည်းအဝေးတစ်ခုရဲ့ အစီရင်ခံစာမှာ ထုတ်ဖော်ထားတယ်လို့ နိုင်ငံပိုင် KCNA သတင်းဌာနက ဇန်နဝါရီ ၂၀ ရက်မှာ ဖော်ပြပါတယ်။

အမေရိကန် နယ်ချဲ့တွေနဲ့ ရေရှည် ထိပ်တိုက်တွေ့မှုတစ်ခုအတွက် မိမိတို့အနေနဲ့ ပိုမို စေ့စပ်တဲ့ ပြင်ဆင်မှုတစ်ခု လုပ်သင့်တယ် ဆိုပြီး မြောက်ကိုရီးယား ထိပ်တန်းအရာရှိတွေက တညီတညွတ်တည်း လက်ခံခဲ့ကြောင်း ယင်းသတင်းဌာနက ဖော်ပြပါတယ်။

ယင်းမှာတော့ ယာယီ ရပ်ဆိုင်းထားတဲ့ လုပ်ဆောင်ချက်အားလုံး ပြန်စရေးအပေါ် ဆန်းစစ်မှု ပါဝင်တယ်လို့ ယင်းသတင်းဖော်ပြချက်အရ သိရပါတယ်။

အမေရိကန်အထိ ရောက်နိုင်စွမ်း ရှိတယ်ဆိုတဲ့ တာဝေးပစ် ပဲ့ထိန်းဒုံးတွေ နဲ့ နျူလက်နက်တွေ စမ်းသပ်မှု ပြန်စနိုင်တဲ့ ဖြစ်နိုင်ခြေ အလားအလာကတော့ ယင်းဒေသမှာ နုနယ်ကွဲလွယ်တဲ့အချိန်ကာလတစ်ခုမှာ ပေါ်ပေါက်နေတာဖြစ်ပြီး ကင်မ်ရဲ့ တစ်ဦးတည်းသော အဓိကမဟာမိတ်ဖြစ်တဲ့ တရုတ်ဟာ လာမယ့်လမှာ ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲ ကျင်းပသွားဖို့ ရှိနေသလို တောင်ကိုရီးယားဟာလည်း မတ်လမှာ သမ္မတရွေးကောက်ပွဲတစ်ခုအတွက် အသင့်ပြင်လျက် ရှိနေတာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly