ထိုင်းနိုင်ငံသို့ တရားမဝင် ပို့ဆောင်ရန် ပွဲစားများ စုဆောင်းထားသည့် အလုပ်သမား ဦးရေ၂၀၀ကျော်ကို  တားဆီးနိုင်ခဲ့သော်လည်း ပွဲစားများကို မဖမ်းမိသေး

ထိုင်းနိုင်ငံသို့ တရားမဝင် ပို့ဆောင်ရန် ပွဲစားများ စုဆောင်းထားသည့် အလုပ်သမား ဦးရေ၂၀၀ကျော်ကို  တားဆီးနိုင်ခဲ့သော်လည်း ပွဲစားများကို မဖမ်းမိသေး

ဇန်နဝါရီလ ၁၉ ရက်

ထိုင်းနိုင်ငံသို့ တရားမဝင် ပို့ဆောင်ရန် ပွဲစားများ စုဆောင်းထားသည့် အလုပ်သမား ဦးရေ၂၀၀ကျော်ကို တားဆီးနိုင်ခဲ့သော်လည်း ပွဲစားများကိုမူ ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း ဇန်နဝါရီလ ၁၉ ရက်တွင် မြန်မာ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF)က ထုတ်ပြန်ထားသည်။ 

ဇန်နဝါရီလ ၁၆ ရက်တွင် ရွှေတိဂုံစေတီတော် အရှေ့ဖက်မုခ် ဘုန်းတော်ကြီးကျောင်းတစ်ခုတွင် ပွဲစားသုံးဦးက စုဆောင်းထားသော ယောကျ်ား၊ မိန်းမ စုစုပေါင်း ဦးရေ ၁၆၀ကျော်နှင့် ဇန်နဝါရီလ ၁၈ ရက်တွင် ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် (၄၃) ရပ်ကွက် မင်းရဲကျော်စွာလမ်းမှ အဆောင်တစ်ခုတွင် ပွဲစားများက စုဆောင်းထားသော ယောကျာ်း၊ မိန်းမ ၅၁ဦးတို့ကို ရှာဖွေတွေ့ရှိခဲ့ပြီး အဆိုပါပွဲစားများကို ဖမ်းမိခြင်းမရှိသေးကြောင်း ထုတ်ပြန်ထားသည်။ 

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ MOEAFမှ ဒုတိယဥက္ကဋ္ဌ ဦးပီတာညွှန့်မောင်က "ကိုယ်သွားတဲ့ အချိန်ကျတော့ ပွဲစားတွေက သတင်းရလို့ပဲလား ဘယ်လိုလဲတော့ မသိဘူး ပွဲစားတွေက မရှိတော့ဘူး။ တချို့ကလေးတွေဆိုရင် ပိုက်ဆံတစ်ဝက်ပေးထားတယ်။  တချို့က အပြည့်ပေးထားပြီးကြပြီ။  အဲ့လို ဖြစ်နေတဲ့ ကလေးတွေ အားလုံးကို တတ်နိုင်သမျှတော့ အချက်အလက်တွေအကုန်လုံး ပြန်အပ်ပြီးသူတို့နေရပ်ကို ပြန်ပို့ပေးဖို့ လူကုန်တားက စီစဉ်နေတာကိုလည်းတွေ့ခဲ့ရပါတယ်။ ဦးတို့ကတော့ ကူညီပူးပေါင်းပါဝင်ပေးတဲ့ သဘောပါပဲ”ဟု ပြောသည်။ 

"ကျွန်တော်တို့ကတော့ ဝမ်းတွင်းနယ်က ဖြစ်ပါတယ်။ ထိုင်းကို လေယာဥ်နဲ့ တက်ရမယ်ဆိုလို့ သိန်း၂၀ပေး ခဲ့ရပါတယ်။ ရန်ကုန်ရောက်နေတာ ၁၀ရက်ကျော် ကြာပါပြီ။ ပွဲစားကတော့ ထွက်ပြေးသွားပြီ။  Passportနဲ့ ပိုက်ဆံတွေပြန်ရအောင် ကူညီပေးပါ"ဟု ရွှေတိဂုံ အရှေ့ဘက်မုခ် ဖြစ်စဉ်တွင် အလိမ်ခံခဲ့ရသော လူငယ်တစ်ဦးက MOEAFကို ပြောထားသည်ကိုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

တခြားလုပ်ငန်းများနည်းတူ ပြည်ပအလုပ်အကိုင်ရှာဖွေရေးလုပ်ငန်းများသည်လည်း ထိခိုက်မှုများရှိသဖြင့် တရားဝင် အေဂျင်စီများ၏ ထိုင်း၊ မလေးရှားတင်ပို့ခြင်းလုပ်ငန်းများကို ရပ်ဆိုင်းထားရကြောင်းနှင့် အဆိုပါအခြေအနေကို အခွင့်ကောင်းယူ၍ လူကုန်ကူးပွဲစားများသည် တောရွာများရှိ လူငယ်၊ လူရွယ်များအား ထိုင်းနိုင်ငံသို့ တရားဝင် ပို့ပေးမည်ဟုဆိုကာ လူစုဆောင်းမှုများ၊ ငွေကြေးကောက်ခံမှုများ၊ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်လျက်ရှိနေသည်ဟု မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ် (MOEAF)က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်ကို တွေ့ရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required