ဒုတိယသက်တမ်းအကုန်တွင် ဂူအန်တာနာမိုဘေးအကျဉ်းထောင်ကို အိုဘားမား ပိတ်သိမ်းနိုင်လိမ့်မည်ဟုဆို

ဒုတိယသက်တမ်းအကုန်တွင် ဂူအန်တာနာမိုဘေးအကျဉ်းထောင်ကို အိုဘားမား ပိတ်သိမ်းနိုင်လိမ့်မည်ဟုဆို

ဝါရှင်တန်၊ ဇန်နဝါရီ - ၁၁ ။                  ။ ဘားရက်အိုဘားမား သမ္မတစ်ယောက်အနေဖြင့် ပထမဆုံးပေးခဲ့သည့် ကတိကဝတ်များထဲတွင် ဂူအန်တာနာမိုဘေး အကျဉ်းထောင်ကို ပိတ်ပေးဖို့မှာလည်း တစ်ခုအပါအဝင် ဖြစ်ခဲ့ပြီး ထိုကတိမှာ ခုနှစ်နှစ်ကြာလာခဲ့ပြီဖြစ်သည့် ယခုအချိန်တွင်မှာ အကောင်အထည်ပေါ်လာတော့မည် ဖြစ်သည်။

မစ္စတာ အိုဘားမား၏ ရုံးအဖွဲ့မှူး ဒင်းနစ် မက္ကဒိုနတ်က ဇန်နဝါရီလ ၁၀ရက်နေ့ အင်တာဗျူးတစ်ခုတွင် ပြောကြားချက်အရ ဒုတိယသက်တမ်း အကုန်လောက်တွင် စစ်ဦးစီးချုပ်က သူ့ကတိကို ဖြည့်ဆည်း လိမ့်မည်ဖြစ်သည်ဟု ဆိုသည်။

‘ဒီအစိုးရရဲ့ အစမှာကတည်းက သမ္မတက ကုန်ကျစရိတ်များလွန်းတာကြောင့် နိုင်ငံတော်လုံခြုံရေးကို ထိခိုက်လာနိုင်တဲ့အတွက် ကျနော်တို့ ဂျစ်မိုကို ပိတ်ရလိမ့်မယ်လို့ ပြောခဲ့ပါတယ်’ဟု မစ္စတာ မက္ကဒိုနတ်က Fox News Sunday အစီအစဉ်တွင် ပြောကြားခဲ့သည်။

ပထမဆုံး အိုဘားမားအနေဖြင့် ၎င်း၏ ကာလကြာစောင့်စားနေခဲ့ရသည့် အစီအစဉ်ကို ကွန်ဂရက်က ထောက်ခံအတည်ပြုလာစေရန် လုပ်ဆောင်ရမည်ဖြစ်ပြီး၊ အကယ်၍ ကွန်ဂရက်က ၂၀၁၀ခုနှစ် တုန်းကလို အတည်မပြုနိုင်ခဲ့ပါက အိမ်ဖြူတော်အနေဖြင့် အခြားအစီအစဉ်တစ်ရပ်ကို စဉ်းစားရမည်ဖြစ်သည်။ လက်ရှိ အကျဉ်းထောင်တွင် အကျဉ်းသား ၁၀၄ယောက်ကို ဖမ်းဆီးထိန်းသိမ်းထားသည်။

၂၀၀၉ခုနှစ်က သမ္မတကျမ်းသစ္စာကျိန်ဆိုပြီး နှစ်ရက်အကြာတွင် အိုဘားမားက ဂူအန်တာနာမိုတွင် ကျန်ရှိနေသည့် အကျဉ်းသားများကို လွှဲပြောင်းပေးရန်နှင့် တစ်နှစ်အတွင်း ကျူးဘားမှ ထိုအကျဉ်းထောင်ကို ထာဝရပိတ်ပစ်ရန် သမ္မတအမိန့်တစ်ခုကို လက်မှတ်ရေးထိုးခဲ့သည်။ သို့ရာတွင် ၂၀၁၀ခုနှစ်တွင် အဆိုပြုထားသည့် လွှဲပြောင်းမှုကို ကွဂရက်က ပိတ်ဆို့ခဲ့သောကြောင့် အိုဘားမား၏ သတ်မှတ်ရက်အမီ ပိတ်သိမ်းနိုင်ရေးမှာ အတားအဆီးဖြစ်ခဲ့ရသည်။

လက်ရှိတွင် ဂူအန်တာနာမိုအကျဉ်းသားများကို အခြားသောနိုင်ငံများသို့ လွှဲပြောင်းခွင့်ပြုသော်လည်း အမေရိကန်နိုင်ငံအတွင်းတွင်မူ လွှဲပြောင်းခွင့် မပြုထားချေ။ အကျဉ်းထောင်မှ ထွက်ခွာဖို့ဆိုလျှင် အကျဉ်းသားများအနေဖြင့် အစိုးရဌာန၆ခုမှ အေးဂျင့်များပါဝင်သည့် အဖွဲ့တစ်ဖွဲ့ထံမှ သဘောတူညီချက်ယူပြီး၊ ကာကွယ်ရေးဝန်ကြီးကလည်း လက်မှတ်ထိုးပေးမှ ဖြစ်နိုင်မည်ဖြစ်သည်။

 သမ္မတအာဏာဖြင့် ပိတ်သိမ်းရန်ကြိုးစားမှု အရေးနိမ့်သွားကတည်းက အိုဘားမားက နိုင်ငံသို့ မိန့်ခွန်းပြောသည့်အခါတိုင်းတွင် ဂူအန်တာနာမိုကိစ္စကို အကြိမ်ကြိမ် ထည့်သွင်းပြောဆိုခဲ့သည်။ အကျဉ်းသားတစ်ဦးစီအတွက် ကန်ဒေါ်လာ ၄သန်းနှုန်းဖြင့် တစ်နှစ် သန်း၄၄၀ကျော် မြင့်မားလှသည့် ကုန်ကျစရိတ်ကို ကိုးကားပြသကဲ့သို့ အယ်လ်ခိုင်ဒါကဲ့သို့သော အကြမ်းဖက်အုပ်စုများက တပ်သားစုဆောင်းရန်အတွက် ဝါဒဖြန့်လက်နက်တစ်ခုသဖွယ် အသုံးပြုလာနိုင်ခြေကိုလည်း အိုဘားမားက ထောက်ပြသည်။

အကျဉ်းသားများကို ရုံးတင်စစ်ဆေးခြင်းမရှိဘဲ ဖမ်းဆီးအကျဉ်းချထားကာ ကာလကြာမြင့်စွာ ညှဉ်းပန်းနှိပ်စက်နေသောကြောင့် ဂူအန်တာနာမိုအကျဉ်းထောင်မှာ အကောင်းထက် အဆိုးများသည်ဟုလည်း ဆန့်ကျင်သူးများက ယူဆနေကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly