အာဖဂန်နစ္စတန်တွင် တာလီဘန်အုပ်ချုပ်မှုကို ဝေဖန်သည့် တက္ကသိုလ်ပါမောက္ခ ဖမ်းဆီးခံရ

အာဖဂန်နစ္စတန်တွင် တာလီဘန်အုပ်ချုပ်မှုကို ဝေဖန်သည့် တက္ကသိုလ်ပါမောက္ခ ဖမ်းဆီးခံရ

အာဖဂန်နစ္စတန်နိုင်ငံတွင် တာလီဘန်အုပ်ချုပ်မှုကို လူသိရှင်ကြား ဝေဖန်သူတစ်ဦးဖြစ်သည့် လူသိများသော တက္ကသိုလ်ပါမောက္ခ ဖိုင်ဇူလာ ဂျယ်လဲ သည် ပြီးခဲ့သည့် ဇန်နဝါရီ ၈ ရက်က ကဘူးလ်မြို့၌ ဖမ်းဆီးခံခဲ့ရသည်။

ကဘူးလ်တက္ကသိုလ်မှ ဥပဒေနှင့် နိုင်ငံရေးသိပ္ပံ ပါမောက္ခတစ်ဦးဖြစ်သည့် ဖိုင်ဇူလာ ဂျယ်လဲသည် ယမန်နှစ် သြဂုတ်လက အမေရိကန် ကျောထောက်နောက်ခံပြု အစိုးရ ပြုတ်ကျပြီးနောက်ပိုင်းတွင် ရုပ်သံ talk shows များတွင် ပါဝင်ရင်း နိုင်ငံ၌ တာလီဘန်တို့၏ အင်အားသုံး အကြမ်းပတမ်း အုပ်ချုပ်မှုနှင့် ဘဏ္ဍာရေးအကျပ်အတည်းကို ပိုမိုဆိုးရွားစေမှုအတွက် ယင်းအဖွဲ့ကို ပြစ်တင်ပြောဆိုမှုများ လုပ်ဆောင်ခဲ့ကြောင်း အယ်လ် ဂျာဇီးယားသတင်းဌာနက ဖော်ပြသည်။

လူမှုမီဒီယာတွင် ပြောဆိုခဲ့သည့် ထုတ်ပြန်ချက်များနှင့်ပတ်သက်ပြီး ဂျယ်လဲကို တာလီဘန် ထောက်လှမ်းရေးဌာနက ပြီးခဲ့သည့် ဇန်နဝါရီ ၈ ရက်၌ ထိန်းသိမ်းခဲ့ခြင်း ဖြစ်ကြောင်းနှင့် ဂျယ်လဲ သည် စနစ်ကို ဆန့်ကျင်ပြီး ပြည်သူများကို သွေးထိုးရန် ကြိုးပမ်းခဲ့သလို ပြည်သူများ၏ ဂုဏ်သိက္ခာနှင့် ကစားနေခဲ့ခြင်းဖြစ်ကြောင်း တာလီဘန် ပြောရေးဆိုခွင့်ရှိသူ ဇာဘီဟူလာ မူဂျာဟစ်က တွစ်တာကနေ ပြောကြားခဲ့သည်။

ဂျယ်လဲ၏ ဇနီးဖြစ်သည့် မာဆော့ဒါက သူမ၏ ခင်ပွန်းကို တာလီဘန်တပ်ဖွဲ့ဝင်တို့ ဖမ်းဆီးသွားပြီး တည်နေရာမသိရသည့် နေရာတစ်နေရာတွင် ထိန်းသိမ်းထားကြောင်း ဖေ့ဘွတ်ခ်တွင် ရေးခဲ့သည်ဟု အယ်လ် ဂျာဇီးယားသတင်းဌာနက ဖော်ပြသည်။ မာဆော့ဒါသည် ၂၀၀၄ ခုနှစ်က အာဖဂန်သမ္မတရာထူးအတွက် ပထမဆုံး အမျိုးသမီး သမ္မတကိုယ်စားလှယ်လောင်းအဖြစ် သမ္မတဟောင်း ဟာမစ်ကာဇိုင်းနှင့် ယှဥ်ပြိုင်အရွေးခံခဲ့သူလည်း ဖြစ်သည်။

တာလီဘန်အစိုးရအပေါ် အမေရိကန် ဦးဆောင်သော ဒဏ်ခတ်ပိတ်ဆို့မှုများကြောင့် အာဖဂန်နစ္စတန်အတွက် လိုအပ်နေသည့် နိုင်ငံတကာ အကူအညီများကို ရပ်တန့်စေခဲ့ပြီး ယင်းနိုင်ငံအနေဖြင့် ကြီးမားလှသည့် အတိုင်းအတာဖြင့် လူသားချင်းစာနာမှု အကျပ်အတည်းတစ်ခုကို ရင်ဆိုင်နေရသည်။

ယင်းနိုင်ငံ၏ လူဦးရေ လူပေါင်း ၃၈ သန်း၏ ၉၀ ရာခိုင်နှုန်းခန့်သည် အကူအညီများ အရေးတကြီးလိုနေကြောင်း ကုလသမဂ္ဂက သတိပေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly