တရုတ်တွင် နေထိုင်သည့် တိဗက်လူမျိုးများအတွက် စိုးရိမ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်

တရုတ်တွင် နေထိုင်သည့် တိဗက်လူမျိုးများအတွက် စိုးရိမ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်

တရုတ်အစိုးရက လူနည်းစုအသိုက်အဝန်းကို ပစ်မှတ်ထား တိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်လာခြင်း ကြောင့် တရုတ်နိုင်ငံတွင် နေထိုင်သည့် တိဗက်လူမျိုးများ၏ အကျပ်အတည်းအပေါ် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက စိုးရိမ်လျက်ရှိသည်ဟု ထုတ်ပြန်ထားသည်။

"အာဏာပိုင်တွေဟာ ဗုဒ္ဓရုပ်ပွားတော်တွေကို ဖျက်ဆီးတာ၊ ဆုတောင်းဘီးလုံးတွေ ဖယ်ရှားတာ၊ ဆုတောင်းအလံတွေ မီးရှို့တာတွေ အပါအဝင် တိဗက်ဗုဒ္ဓဘာသာဝင်တွေအပေါ် တရုတ်ရဲ့လုပ်ရပ်တွေ အရှိန်မြှင့်လာတဲ့ သတင်းတွေကြောင့် ကျွန်တော်တို့ အလွန်စိတ်ပူပန်မိပါတယ်” ဟု အမေရိကန်နိုင်ငံခြားရေးဌာန၏ နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့်ရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

"နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ရုံးသည် အမေရိကန်နိုင်ငံခြားရေးမူဝါဒ၏ အဓိကရည်ရွယ်ချက်အဖြစ် လူတိုင်းအတွက် လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်ရစေရန် ကမ္ဘာလုံးဆိုင်ရာလေးစားမှုကို မြှင့်တင်ပေးသည်။ ဘာသာရေးအရ လှုံ့ဆော်မှု၊ နှောင့်ယှက်မှု၊ ခွဲခြားဆက်ဆံမှုတို့ကို ကမ္ဘာတစ်ဝှမ်းတွင် စောင့်ကြည့်နေပြီး အဆိုပါစိုးရိမ်မှုများကို ဖြေရှင်းရန် မူဝါဒများနှင့် အစီအစဉ်များကို အကြံပြုခြင်း၊ ရေးဆွဲခြင်း၊ အကောင်အထည်ဖော်ခြင်း တို့ကို လုပ်ဆောင်လျက်ရှိသည်” ဟု ဖော်ပြထားသည်။

တရုတ်အာဏာပိုင်များသည် တိဗက်ကလေးများကို တရုတ်အယူဝါဒသွတ်သွင်းရန်အထူးစခန်းများသို့ ပို့ဆောင်ပြီး ပြည်သူ့စစ်အဖွဲ့ထဲသွင်းရေး ပြင်ဆင်ရန် အခြေခံ စစ်ရေးလေ့ကျင့်မှုများ စတင်ပေးလျက်ရှိသည်။

တရုတ်ကွန်မြူနစ်ပါတီသည် တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ လူဦးရေစာရင်းကို ပြောင်းလဲရန် ရည်ရွယ်သည့် မူဝါဒများကို လုပ်ဆောင်နေကြောင်း တိဗက်မီဒီယာ၏ သတင်းတွင် ဖော်ပြထားသည်။

တိဗက်ဒေသကို ပေကျင်းတွင် အခြေစိုက်သည့် တရုတ်ကွန်မြူနစ်ပါတီ အစိုးရမှ အုပ်ချုပ်ပြီး ဒေသန္တရ ဆုံးဖြတ်ချက်ချသည့် အာဏာမှာ တရုတ်ပါတီအရာရှိများ၏ လက်ထဲတွင် ရှိသည်။

တရုတ်စစ်တပ်က တိဗက်မြောက်ပိုင်းသို့ ဝင်ရောက်လာသည့် ၁၉၅၀ ခုနှစ်မတိုင်မီအထိ တိဗက်သည် အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်နိုင်ငံဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required