COVID-19 ကပ်ဘေးက မပြီးဆုံးသေးလို့ WHO ပြော 

ဇန်နဝါရီ ၁၉

COVID-19 ကပ်ဘေးဟာ အပြီးသတ်ဖို့ ဝေးကွာလွန်းသေးတယ်ဆိုပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က အင်္ဂါနေ့မှာ ပြောပြီး ကူးစက်မှု မြန်တဲ့ အိုမီခရွန်မျိုးကွဲက ဘေးအန္တရာယ် မရှိဆိုတဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်လို့လည်း သတိပေးလိုက်ပါတယ်။ 

“ကပ်ဘေးက ဘယ်ဒေသမှာမှ အဆုံးမသတ်သေးပါ”ဆိုပြီး ဂျီနီဗာက WHO ရုံးချုပ်မှာ တက်ဒရော့စ် ဂျီဘရီယေဆက်စ်က သတင်းထောက်တွေကို ပြောပါတယ်။ 

နိုဝင်ဘာအတွင်း အာဖရိကတောင်ပိုင်းမှာ စတင်တွေ့ရှိပြီး ကမ္ဘာအနှံ့ တောမီးပမာ ပြန့်နှံ့နေတဲ့ အိုမီခရွန် ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲဟာ အပျော့စားဖြစ်တယ်ဆိုနေကြတာကိုလည်း WHO အကြီးအကဲ တက်ဒရော့စ်က ဆန့်ကျင်သတိပေးပါတယ်။ 

COVID-19 ရဲ့ အိုမီခရွန်မျိုးကွဲဟာ အရင်မျိုးကွဲတွေထက ပိုပြီး ကူးစက်မြန်ပေမယ့် ရောဂါပြင်းထန်မှုတော့ နည်းပါးပုံ ရှိပါတယ်။ 

ဒီ မျိုးကွဲကြောင့် ကပ်ဘေးအဆင့်ကနေ လူတွေ ခုခံနိုင်စွမ်းရှိတဲ့ ဒေသအလိုက် ရောဂါဘေးအဆင့် ကျဆင်းသွားနိုင်မလားဆိုတာနဲ့ ပတ်သက်ပြီးလည်း ဆွေးနွေးငြင်းခုံမှုတွေ ရှိနေတာပဲ ဖြစ်ပါတယ်။ 

ဒါပေမဲ့ ထိုးတက်နေတဲ့ ကူးစက်မှု နှုန်းထားကြောင့် လူတော်တော်များများအနေနဲ့ ရောဂါပြင်းထန်တာ၊ ဒါမှမဟုတ် သေဆုံးနိုင်တာတွေနဲ့ ရင်ဆိုင်နေရဆဲ အနေအထား ရှိနေလိမ့်မယ်လို့ WHO က ဆိုပါတယ်။ 

“ဆတိုးပွားနေတဲ့ ကူးစက်မှု၊ ဗိုင်းရပ်စ်မျိုးကွဲကို ဂရုမပြုမှုတွေကြောင့် ကူးစက်ခံရပြီး ဆေးရုံတက်ရတာ၊ သေဆုံးတာတွေ မြင့်မားစေတာဆီ ဦးတည်နေတယ်”လို့ အင်္ဂါနေ့က သတင်းစာရှင်းလင်းပွဲမှာ WHO အရေးပေါ်စီမံဌာန ညွှန်ကြားရေးမှူး မိုက်ကယ်ရိုင်ယန်က ပြောပါတယ်။ 

တက်ဒရော့စ်ကလည်း သဘောတူညီပြီး “အိုမီခရွန်ဟာ ရောဂါပြင်းထန်မှု နည်းပါးချင် နည်းပါးပါမယ်၊ ဒါပေမဲ့ အပျော့စား ရောဂါဆိုပြီး ပြောဆိုနေတာတွေကတော့ လမ်းလွဲကို ဦးတည်သွားစေနိုင်တယ်”ဆိုပြီး ပြောပါတယ်။ 

“အမှား မလုပ်ကြစေချင်ပါ၊ အိုမီခရွန်ကြောင့် ဆေးရုံတက်ရောက်ရတာ၊ သေဆုံးတာတွေ ရှိနေပါတယ်၊ ရောဂါ မပြင်းထန်ဘူးဆိုရင်တောင် ကျန်းမာရေးကဏ္ဍကို ဖိစီးမှု ပေးနေတာလည်း ဖြစ်ပါတယ်”လို့ သူက ပြောခဲပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly