မုံရွာမြို့နယ် လယ်ဇင်ရွာကို စစ်တပ်ဝင်စီး၊ ရွာခံ ၄ ဦးကို ပစ်သတ်၍ ၅ ဦးကို ဖမ်းဆီးသွား 

မုံရွာမြို့နယ် လယ်ဇင်ရွာကို စစ်တပ်ဝင်စီး၊ ရွာခံ ၄ ဦးကို ပစ်သတ်၍ ၅ ဦးကို ဖမ်းဆီးသွား 

ဇန်နဝါရီလ ၁၈ ရက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ နယ် လယ်ဇင်ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့များ ဝင်ရောက်စီးနင်းပြီး ပြည်သူ လေးဦးကို ပစ်သတ်ကာ ငါးဦး ဖမ်းဆီးသွားကြောင်း ဒေသခံများထံက သိရသည်။ 

စစ်ကောင်စီ တပ်ဖွဲ့ဝင် အင်အား၂၀၀ ခန့်က ကား ၂၂ စီးဖြင့် ယမန်နေ့  ဇန်နဝါရီလ ၁၇ ရက် ည ၅ နာရီ ဝန်းကျင်တွင် ဝင်ရောက် စီးနင်းခဲ့ခြင်း ဖြစ်သည်။ 

“လေးဦး ပစ်သတ် ခံရပါတယ်။ ငါးယောက်ကိုတော့ ဖမ်းခေါ်သွားတယ်။ အခု နမခ (အနောက်မြောက်တိုင်းစစ်ဌာနချုပ်) ထဲမှာ ရှိတယ်လို ကြားရတယ်” ဟု ဒေသခံ တစ်ဦးက ပြောသည်။ 

ရွာတွင်းရှိ တဲနှစ်လုံး မီးရှို့ခံရပြီး ဘုန်းကြီးကျောင်းပိုင် ကားတစ်စီးကိုလည်း ယူဆောင်သွားသည်ဟု ၎င်းက ဆိုသည်။ 

ယခု စီးနင်းမှုသည် PDF စခန်းအား ဝင်ရောက် စီနင်းခြင်း ဖြစ်သည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း မဇ္စျိမက အတည်ပြုနိုင်ခြင်း မရှိသေးပေ။ 

စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် ရွာထဲသို့ လက်နက်ကြီး၊ ငယ်ဖြင့် ပစ်ခတ် ဝင်ရောက် စီးနင်း ခဲ့ကြသဖြင့် ဒေသခံများ အပြင် ကျေးရွာအနီးရှိ သက္ကယ်ကျင်းကျေးရွာ ဒေသခံများလည်း ထွက်ပြေး နေရကြောင်း ဒေသခံက ပြောသည်။ 

ပစ်သတ်ခံရသူများ၏ နောက်ဆုံးခရီးကို ယနေ့ ဇန်နဝါရီလ ၁၈ ရက် နံနက်ပိုင်းတွင် သင်္ဂြိုဟ်ပြီးစီးသည်ဟု ၎င်းတို့က ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required