တရုတ်နိုင်ငံဆိုင်ရာ အာဖဂန်နစ္စတန်သံအမတ် ရာထူးမှ နုတ်ထွက်

By MSN
18 January 2022
တရုတ်နိုင်ငံဆိုင်ရာ အာဖဂန်နစ္စတန်သံအမတ် ရာထူးမှ နုတ်ထွက်

တရုတ်နိုင်ငံဆိုင်ရာ အာဖဂန်နစ္စတန် သံအမတ် ဂျာဗစ် အာမက်ဒ် ကေအမ်သည် ယခုလအစောပိုင်းက ၎င်း၏ ရာထူးနေရာမှ နုတ်ထွက်သွားခဲ့သည်။ အာဖဂန်နစ္စတန်တွင် တာလီဘန်တို့ အာဏာရပြီးနောက်ပိုင်း တရုတ်နိုင်ငံရှိ အာဖဂန်သံရုံးအတွက် ကဘူးလ်ထံမှ လစာငွေများပေးပို့ခြင်း မရှိခဲ့သည်မှာ လများစွာကြာ ရှိနေခဲ့ကြောင်း ကေအမ်က တွစ်တာတွင် ရေးခဲ့သည်။

ထို့ပြင် တရုတ်ရှိ အာဖဂန်နစ္စတန်သံရုံးမှ သံတမန် အများအပြားသည်လည်း ရာထူးတာဝန်များကနေ ထွက်ခွာသွားကြပြီးဖြစ်သလို ကဘူးလ်အနေဖြင့် သြဂုတ်လနောက်ပိုင်းကတည်းက သံတမန်များအတွက် လစာငွေများ ပေးပို့ထားခဲ့ခြင်း မရှိဟု ကေအမ်က တွစ်တာတွင် တင်ခဲ့သည့် ဇန်နဝါရီ ၁ ရက်နေ့ ရက်စွဲတပ် ၎င်း၏ တာဝန်လွှဲပြောင်းမှု စာတစ်စောင်ထဲတွင် ပြောခဲ့သည်။

"ပုဂ္ဂိုလ်ရေးနဲ့ ပရော်ဖက်ရှင်နယ်ဆိုင်ရာ အကြောင်းရင်း အများအပြား ရှိပါတယ်၊ ဒါပေမယ့် အဲဒါတွေကို ဒီနေရာမှာ ကျွန်တော် ထည့်မပြောချင်ပါဘူး" ဟု ကေအမ်က ၎င်းရာထူးမှ နုတ်ထွက်ရသည့် ဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီး ပြောသည်။

တရုတ်သည် အာဖဂန်နစ္စတန်နှင့် နယ်နိမိတ်ချင်း ထိစပ်မှု ရှိပြီး ပေကျင်းသည် အာဖဂန်နစ္စတန်၌ သြဂုတ်လက တာလီဘန်တို့ အာဏာပြန်ရသွားပြီးနောက်ပိုင်း ယင်းနိုင်ငံသို့ လူသားချင်းစာနာမှု အကူအညီများ ပေးပို့ထားခဲ့သည်။

ကေအမ်က သံရုံး၌ လူသစ်တစ်ဦးကို တာဝန်ပေးအပ်ခဲ့ထားကြောင်း ၎င်း၏ စာထဲတွင် ပြောခဲ့ပြီး အဆိုပါလူသစ်၏ အမည်ကို "မစ္စတာ ဆက်ဒက်" ဟု ကေအမ်က ဖော်ပြခဲ့သည်။ ကေအမ်၏ နေရာကို မည်သူဆက်ခံမည်လဲဆိုသည်နှင့်ပတ်သက်ပြီး အာဖဂန်နစ္စတန် နိုင်ငံခြားရေးဝန်ကြီးဌာနက ချက်ချင်း ဖြေကြားခဲ့ခြင်း မရှိပေ။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ် ဝမ်ဘင်းက ဇန်နဝါရီ ၁၁ ရက် သတင်းစာ ရှင်းလင်းပွဲတစ်ခုတွင် ပြောကြားရာတွင် ကေအမ်သည် တရုတ်နိုင်ငံကနေ ထွက်ခွာသွားပြီဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။ သို့သော် ကေအမ် မည်သည့်အချိန် သို့မဟုတ် မည်သည့်နေရာကို ထွက်ခွာသွားသလဲ ဆိုသည်ကို ၎င်းက အသေးစိတ် မပြောခဲ့ပေ။

လက်ရှိအချိန်တွင် တရုတ်အပါအဝင် နိုင်ငံတကာ အစိုးရများက အာဖဂန်ရှိ တာလီဘန်အစိုးရကို တရားဝင် အသိအမှတ်ပြုထားခြင်း မရှိပေ။ တင်းကျပ်သော ဒဏ်ခတ်ပိတ်ဆို့မှုများက ယင်းနိုင်ငံ၏ ဘဏ္ဍာရေး အခြေအနေကို တုံ့ဆိုင်းရပ်တန့်ထားစေခဲ့သည်။

အာဖဂန်နစ္စတန်တွင် တာလီဘန်တို့ ရုတ်ခြည်းဆိုသလို အာဏာရသွားမှုကြောင့် ပြည်ပနိုင်ငံများရှိ အာဖဂန်သံတမန် ရာနှင့်ချီတို့အတွက် သောင်မတင် ရေမကျ အခြေအနေဖြစ်ပေါ်စေခဲ့သည်။ အဆိုပါပြည်ပရောက် သံတမန်များအနေဖြင့် အာဖဂန်နစ္စတန်တွင် ကျန်နေခဲ့သည့် မိသားစုများအတွက် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်ခဲ့ကြရသလို ပြည်ပတွင် ဆက်လက်ခိုလှုံခွင့်ရရန်အတွက်လည်း အသည်းအသန် ကြိုးပမ်းခဲ့ကြရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly