ကက်ရှ်မီးယား၏ စီမံအုပ်ချုပ်မှုပိုင်းတွင် အစွန်းရောက်ဝါဒီများကို ခန့်အပ်မှုအတွက် ပါကစ္စတန်အစိုးရကို တက်ကြွလှုပ်ရှားသူများ ဝေဖန်

By Zee5
18 January 2022
ကက်ရှ်မီးယား၏ စီမံအုပ်ချုပ်မှုပိုင်းတွင် အစွန်းရောက်ဝါဒီများကို ခန့်အပ်မှုအတွက် ပါကစ္စတန်အစိုးရကို တက်ကြွလှုပ်ရှားသူများ ဝေဖန်

ပါကစ္စတန် ထိန်းချုပ်သည့် ဂျမူးနှင့် ကက်ရှ်မီးယား (PoJK) ဒေသရှိ အစိုးရ ဌာန ရာထူးနေရာအချို့တွင် အစွန်းရောက်ဝါဒီများကို အီမရန် ခန်းအစိုးရက ခန့်အပ်တာဝန်ပေးမှုနှင့်ပတ်သက်ပြီး တက်ကြွ လှုပ်ရှားသူအဖွဲ့များက စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်နေကြသည်ဟု မီဒီယာ သတင်းတစ်ပုဒ်တွင် ဖော်ပြသည်။

ညီညွတ်သော ကက်ရှ်မီးယား ပြည်သူ့အမျိုးသားပါတီ (UKPNP) ၏ ဗဟိုအတွင်းရေးမှူးနှင့် နိုင်ငံခြားရေးရာ ကော်မတီ (ဘရက်ဆဲလ်နှင့် အရှေ့ဥရောပ) ညွှန်ကြားရေးမှူးဖြစ်သူက မကြာသေးခင်က ဥရောပပါလီမန်၏ နိုင်ငံခြားရေးရာ ကော်မတီ ဥက္ကဋ္ဌ ဒေးဗစ် မက်အယ်လစ္စတာ နှင့် ဥရောပကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဗွန် ဒါ လီယန်တို့ထံ စာရေးသားပြီး PoJK အစိုးရ၏ ဌာနအဖွဲ့အစည်းတချို့၌ အစွန်းရောက်ဝါဒီများကို ခန့်အပ်မှုနှင့် စပ်လျင်းပြီး ပြောဆိုခဲ့သည်ဟု Just Earth News က ဖော်ပြသည်။

PoJK ရှိ ဒေသ စီမံအုပ်ချုပ်မှုကို ထိခိုက်စေရန်အတွက် ဒီမိုကရေစီနည်းလမ်း မကျသည့် လုပ်ဆောင်ချက်များ ဖြန့်ကျက်မှုအတွက် ပါကစ္စတန်အစိုးရနှင့် စစ်တပ်ကို ကန့်ကွက်ဆန့်ကျင်ထားကြောင်း အီးယူသို့ UKPNP ၏ ပေးစာထဲတွင် ရေးသားထားသည်။

ထိုစာထဲတွင် ပါကစ္စတန် စစ်တပ်ဗိုလ်ချုပ်ကြီးတစ်ဦးနှင့် ရင်းနှီးပတ်သက်သူတစ်ဦးသည် ဒေသဆိုင်ရာ စည်းမျဉ်းများကို မထီမဲ့မြင်ပြုပြီးနောက် PoJK အုပ်ချုပ်မှုပိုင်းတွင် အရေးကြီးသော ရာထူးနေရာတစ်နေရာကို ရယူသွားခဲ့သည့် ဖြစ်စဉ်တစ်ခုကို ထည့်သွင်းဖော်ပြထားသည်။

အာဖန် အက်ရှ်ရက်ဖ်သည် ကက်ရှ်မီးယား ယဥ်ကျေးမှု အကယ်ဒမီ၏ ညွှန်ကြားရေးမှူးချုပ်အဖြစ် ခန့်အပ်ခံခဲ့ရခြင်းဖြစ်ပြီး ယင်းကို PoJK ရှိ ရွေးကောက်ပွဲများအတွင်း တာလီဘန် အကြမ်းဖက်သမားများနှင့်အတူ လက်နက်များဖြင့် ဒေသခံပြည်သူများကို ပွင့်ပွင့်လင်းလင်း ခြိမ်းခြောက်မှုအဖြစ် ရှုမြင်နိုင်ကြောင်း Just Earth News က ဖော်ပြသည်။

အက်ရှ်ရက်ဖ်သည် အဗ္ဗဒူလာ ဂူလ် ဦးဆောင်သော Tehreek Naujwanan Pakistan (ပါကစ္စတန် လူငယ်လှုပ်ရှားမှုအဖွဲ့) ၏ ခေါင်းဆောင်တစ်ဦးဖြစ်သည်။ အဗ္ဗဒူလာ ဂူလ်သည် ISI ၏ ညွှန်ကြားရေးမှူးချုပ်ဟောင်း ဟာမစ်ဒ် ဂူလ်ဟို၏ သားတစ်ဦးဖြစ်ပြီး ဟာမစ်ဒ် ဂူလ်ဟိုသည် တာလီဘန်တို့နှင့် နီးကပ်စွာ ပတ်သက်ခဲ့သူဖြစ်သည်။

ထို့ပြင် PoJK ဒေသ၌ အခြားသောအစွန်းရောက်ဝါဒီများကို အီမရန် ခန်း အစိုးရဘက်မှ ခန့်အပ်တာဝန်ပေးမှုများကိုလည်း UKPNP ၏ စာထဲတွင် ထည့်သွင်းဖော်ပြထားခဲ့သည်။

ယင်းအဖွဲ့၏ ဖော်ပြချက်အရ မက်ဇာ ဆေအိဒ် ဆိုသူထံ PoJK ဥပဒေပြုလွှတ်တော်၏ ရွေးကောက်ပွဲများအတွက် ပါဝင်ခွင့်လက်မှတ်တစ်စောင်အား အာဏာရ ပါကစ္စတန် တေရက်-အီ-အင်ဆက်ဖ် ပါတီက ပေးအပ်ထားခဲ့သည်ဟု ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly