ဇန်နဝါရီ ၁၈
လက်နက်စနစ် တိကျမှန်ကန်မှုရှိရန်အတွက် တာတိုပစ် ပဲ့ထိန်းဒုံးကျည်နှစ်စင်းကို စမ်းသပ်ပစ်လွှတ်ခဲ့တယ်လို့ မြောက်ကိုရီးယားနိုင်ငံက အင်္ဂါနေ့မှာ ပြောပါတယ်။
အမေရိကန်နိုင်ငံက ကမ်းလှမ်းတဲ့ ဆွေးနွေးပွဲတွေကို မျက်ကွယ်ပြုရင်း မြောက်ကိုရီးယားနိုင်ငံဟာ စစ်လက်ရုံးအင်အား ကြီးထွားရေး ကြိုးစားနေချိန် အခု တနင်္လာနေ့က ပစ်လွှတ်မှုဟာ အခုနှစ်အတွင်း လေးကြိမ်မြောက် လက်နက်စမ်းသပ်မှုပဲ ဖြစ်ပါတယ်။ မြောက်ကိုရီးယားက တာတိုပဲ့ထိန်းဒုံးကျည်တွေ စမ်းသပ်ပစ်လွှတ်ခဲ့တာလို့ တောင်ကိုရီယားနိုင်ငံကလည်း ပြောထားပါတယ်။
နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရှိတဲ့ကြားကပဲ မြောက်ကိုရီးယားဟာ ဒီနှစ်အတွင်းမှာ အသံထက်မြန်ဒုံးကျည်တွေ အပါအဝင် လက်နက်စမ်းသပ်မှုတွေကို လုပ်ဆောင်လျက်ရှိပါတယ်။ ခေါင်းဆောင်ဖြစ်သူ ကင်ဂျုံးအွန်က စစ်အင်အား ဒီထက်မက ခိုင်မာရေးအတွက် သံန္ဒိဌာန်ချ လုပ်ဆောင်လျက် ရှိတာပဲ ဖြစ်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် တားဆီးကာကွယ်ရေး ပိတ်ဆို့ထားတာကြောင့် စီးပွားရေး အထိနာနေတဲ့ ဆင်းရဲတဲ့ မြောက်ကိုရီးယားဟာ ဆွေးနွေးပွဲတွေအတွက် အမေရိကန်ရဲ့ ကမ်းလှမ်းမှုကို တုံ့ပြန်ခြင်းလည်း မရှိပါ။ လက်နက်စမ်းသပ်မှုတွေကို ဆတိုးလုပ်ဆောင်နေပြီး မြောက်ကိုရီးယားကို ရန်မူမယ့် ဘယ်လို ကြိုးစားမှုမျိုးကိုမဆို ‘ခိုင်မာအားကောင်းစွာ’ တုံ့ပြန်သွားမယ်လို့ ပြောဆိုထားတာလည်း ဖြစ်ပါတယ်။
မြောက်ကိုရီးယားရဲ့ တစ်ခုတည်းသော အဓိကမဟာမိတ်နိုင်ငံ တရုတ်မှာ လာမယ့်လဆိုရင် ဆောင်းရာသီ အိုလံပစ်ပွဲတော်တွေ ကျင်းပဖို့ ရှိချိန်နဲ့ တောင်ကိုရီးယားမှာလည်း မတ်လမှာ သမ္မတရွေးကောက်ပွဲအတွက် စိုင်းပြင်းနေချိန် မြောက်ကိုရီးယားက အခု ဒုံးကျည်တွေကို စမ်းသပ်ပစ်လွှတ်လာတာလည်း ဖြစ်ပါတယ်။
“မြောက်ကိုရီးယား အနောက်ပိုင်းဒေသကနေ တာတိုပစ် ပဲ့ထိန်းဒုံးကျည် နှစ်စင်းကို ပစ်လွှတ်ခဲ့တာမှာ ကိုရီးယား အရှေ့ပင်လယ်က ပစ်မှတ်တွေကို တိကျစွာ ထိမှန်ခဲ့ပါတယ်”လို့ နိုင်ငံပိုင် KCNA သတင်းဌာနက အင်္ဂါနေ့မှာ ထုတ်ပြန်ပါတယ်။
“ဒီ လက်နက်စနစ် တိကျမှန်ကန်ခြင်း၊ ဘေးကင်းစိတ်ချရခြင်းနဲ့ ထိရောက်မှုရှိခြင်းတို့ကို ကာကွယ်ရေးသိပ္ပံဌာနက အတည်ပြုနိုင်ခဲ့ပါတယ်”လို့ KCNA သတင်းက ဆိုပါတယ်။
ဒီ နောက်ဆုံး ပစ်လွှတ်မှုကို တောင်ကိုရီးယား စစ်ဦးစီးချုပ်ရုံးက ပထမဆုံး သတင်းထုတ်ပြန်လာတာဖြစ်ပြီး ဂျပန်ကလည်း အတည်ပြုပြောဆိုခဲ့ပါတယ်။