အာရပ်အဖွဲ့ချုပ်ဝန်ကြီးများ ဆော်ဒီအာရေဘီးယားကို ထောက်ခံပြီး အီရန်ကိုရှုတ်ချ

အာရပ်အဖွဲ့ချုပ်ဝန်ကြီးများ ဆော်ဒီအာရေဘီးယားကို ထောက်ခံပြီး အီရန်ကိုရှုတ်ချ

ကိုင်ရို၊ ဇန်နဝါရီ ၁၁ ။             ။ မကြာသေးမီက အီရန်ရှိ ဆော်ဒီအာရေးဘီးယား၏ သံတမန်မစ်ရှင်များ တိုက်ခိုက်ခံရမှုအတွက် အာရပ်အဖွဲ့ချုပ်နိုင်ငံခြားရေးဝန်ကြီးများက အီရန်ကို ရှုတ်ချလိုက်ပြီး အီရန်အာဏာပိုင်များသည် ဆော်ဒီသံရုံးကို ကာကွယ်ရန် ပျက်ကွက်ခဲ့ကြောင်း စွပ်စွဲခဲ့သည့် ကြေညာချက်တစ်ခုကို အာရပ်အဖွဲ့ချုပ်အစည်းအဝေးတစ်ခုက ထုတ်ပြန်ခဲ့သည်။ အီရန်နှင့် ဆော်ဒီကြား တင်းမာမှုမြင့်တက်လာခြင်းနှင့် ပတ်သက်၍ ဆွေးနွေးရန်ပြုလုပ်သော ကိုင်ရိုအရေးပေါ်ဆွေးနွေးပွဲတွင် ယင်းသို့ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ထင်ရှားသည့် ရှီးယားဘာသာရေးခေါင်းဆောင် နီမာအယ်လ်နီမာကို ဆော်ဒီအာရေဘီးယားက ကွပ်မျက်ခဲ့မှုအတွက် ဒေါသထွက်နေသည့် လူအုပ်ကြီးတစ်အုပ်က မီးရှို့မှုများပြုလုပ်ခဲ့သည်။ ဆော်ဒီကိုထောက်ခံ၍ အီရန်ကို ကန့်ကွက်ကြောင်း ကြေညာချက်ကို အာရပ်အဖွဲ့ချုပ်နိုင်ငံအများစုက ထောက်ခံခဲ့သည်။ ချွင်းချက်များအနေဖြင့် အီရန်ကျောထောက်နောက်ခံ ဟဇ်ဘိုလာ၏ သြဇာကြီးမားစွာလွှမ်းမိုးသည့် လက်ဘနွန်နှင့် လောလောဆယ် အာရပ်အဖွဲ့ချုပ်မှ ရပ်ဆိုင်းထားသည့် အီရန်၏မဟာမိတ် ဆီးရီးယားတို့က မထောက်ခံခဲ့ပေ။ အီရန်အပေါ် မည်သို့အရေးယူဆောင်ရွက်မှုပြုလုပ်မည်ဆိုသည်နှင့် ပတ်သက်၍ တိကျေသည့် ထုတ်ပြန်မှုမရှိခဲ့ပေ။ သို့သော်လည်း အနာဂါတ်တွင် ဖြစ်နိုင်ဖွယ်ရာ အရေးယူဆောင်ရွက်မှုပြုလုပ်ရေးနှင့် ပတ်သက်၍ တိုင်ပင်ရန် ကော်မတီတစ်ရပ်ကို ဖွဲ့စည်းမည်ဟု သိရသည်။

အီရန်သည့် ရန်စသောအပြုအမူများ ပြုလုပ်နေသည်ဟု အာရပ်အဖွဲ့ချုပ် အကြီးအကဲ နာဘီလ်အယ်လ်အာရာဘီက စွပ်စွဲသကဲ့သို့ အီရန်သည် ဂိုဏ်းဂဏကွဲပဋိပက္ခကို နိုင်ငံတကာ အတိုင်းအတာအထိဖြစ်ပွားလာရန် လှုံ့ဆော်နေသည်ဟု ယူအေအီးနိုင်ငံခြားရေးဝန်ကြီး ရှိတ်ခ်အက်ဘ်ဒူလာဘင်အယ်လ်ဇာယက်အယ်လ်နာဟီယန်က စွပ်စွဲခဲ့သည်။

အီရန်သည် ခြိမ်းခြောက်မှုများထုတ်ပြန်ခြင်း၊ အစွန်းရောက်အုပ်စုများကို ပံ့ပိုးခြင်းဖြင့် အာရပ်နိုင်ငံများ၏ ပြည်တွင်းရေးကို စွက်ဖက်ရန်ကြိုးပမ်းနေသကဲ့သို့၊ ဒေသတွင်းစိုးမိုးရန် ဂိုဏ်းဂဏကွဲပဋိပက္ခဖြစ်ရေး လှုံ့ဆော်နေသည်ဟု ၎င်းကဆိုသည်။ အီရန်ကမူ ၎င်းအပေါ်ဆန့်ကျင်သည့် ယင်းကဲ့သို့ သံတမန်ရေးလှုပ်ရှားမှုများကို ဒေါသတကြီးတုံ့ပြန်လိုက်ပြီး ဘာသာရေးခေါင်းဆောင် ကွပ်မျက်ခံရပြီးနောက် ဖြစ်ပေါ်လာသည့် အကြမ်းဖက်ဆန့်ကျင်ဆန္ဒပြမှုများတွင် ပတ်သက်ခဲ့ခြင်းမရှိဟု ပြောကြားခဲ့သည်။

အီရန်နှင့် တင်းမာမှုများရှိလင့်ကစား ဆီးရီးယားငြိမ်းချမ်းရေးအတွက် ကြိုးပမ်းမှုများကို ဆက်လက်ထောက်ခံသွားမည်ဟု ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး အဒဲလ်အယ်လ်ဂျူဘေယာက ပြောသည်။ ရှီးယားဘာသာရေးခေါင်းဆောင်ကို ဆော်ဒီက ကွပ်မျက်ပြီးနောက် ရှီးယားအင်အားကြီး အီရန်နှင့် ဆွန်နီအင်အားကြီး ဆော်ဒီတို့ကြား အကျပ်အတည်း စတင်ခဲ့သည်။ ယင်းဘာသာရေးခေါင်းဆောင်ကွပ်မျက်ခံရမှုက အရှေ့အလယ်ပိုင်းရှိ ရှီးယားများကို ဒေါသပေါက်ကွဲစေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly