ဖိလစ်ပိုင်က ဘလက်ဟော့ခ် ရဟတ်ယာဉ် ၃၂ စင်း ဝယ်ယူမည်

ဖိလစ်ပိုင်က ဘလက်ဟော့ခ် ရဟတ်ယာဉ် ၃၂ စင်း ဝယ်ယူမည်
Photo - AFP

ဇန်နဝါရီ ၁၆

ဖိလစ်ပိုင်နိုင်ငံဟာ ဘလက်ဟော့ခ် ရဟတ်ယာဉ်သစ် ၃၂ စင်းကို ဝယ်ယူသွားမှာ ဖြစ်ပြီး အဆိုပါ ရဟတ်ယာဉ်တွေ ဝယ်ယူမှုအတွက် ဒေါ်လာ သန်း ၆၂၀ ကျော် ကုန်ကျမှာဖြစ်ကြောင်း ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီးက ဇန်နဝါရီ ၁၆ ရက်မှာ ပြောပါတယ်။

ဒါဟာ နိုင်ငံရဲ့ သက်တမ်းကြာလာတဲ့ စစ်တပ် လုပ်နိုင်စွမ်းပိုင်းမှာ အဆင့်မြှင့်တင်ဖို့အတွက် အဓိကကျတဲ့ ဝယ်ယူမှုတစ်ခုလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း မနီလာဟာ အမေရိကန်တို့ သုံးခဲ့တဲ့ ဒုတိယကမ္ဘာစစ် ရေတပ်သင်္ဘောတွေနဲ့ ဗီယက်နမ် စစ်ပွဲခေတ် ရဟတ်ယာဉ်တွေ ပါဝင်တဲ့ ယင်းရဲ့ ချုံးချုံးကျနေတဲ့ စစ်ဘက်ပစ္စည်းတွေကို ခေတ်မီအောင် လုပ်ဖို့အတွက် ကြိုးပမ်းနေခဲ့တာဖြစ်ပါတယ်။

အမေရိကန် ကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှုကုမ္ပဏီ Lockheed Martin က ပိုင်ဆိုင်တဲ့ ပိုလန်အခြေစိုက် ကုမ္ပဏီတစ်ခုကနေ S-70i ဘလက်ဟော့ခ် ရဟတ်ယာဉ် ၃၂ စင်းရဲ့ ပထမအသုတ်ဟာ လာမယ့်နှစ်မှာ နိုင်ငံကို စတင်ရောက်ရှိလာမှာဖြစ်တယ်လို့ ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီး ဒယ်လ်ဖင် လော်ရန်ဇာနာက ပြောပါတယ်။

နိုင်ငံမှာ လူသားချင်းစာနာမှု အကူအညီ ပေးမှုနဲ့ ဘေးအန္တရာယ်ဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှုတွေအတွက် ရဟတ်ယာဉ်တွေကို လိုအပ်တယ်လို့ ၎င်းက ပြောခဲ့ပါတယ်။

"ကပ်ရောဂါ ကာလအတွင်းမှာနဲ့ တိုင်ဖွန်းမုန်တိုင်း ရိုင် တိုက်ခတ်ပြီးနောက်ပိုင်းတွေမှာ သယ်ယူပို့ဆောင်ရေး လေယာဉ်တွေနဲ့ ရဟတ်ယာဉ်တွေကို အသည်းအသန် လိုအပ်ခဲ့ပါတယ်" လို့ လော်ရန်ဇာနာက ပြောခဲ့ပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာတော့ ဒီဇင်ဘာလက တိုင်ဖွန်းရိုင် တိုက်ခတ်မှုကြောင့် လူ ၄၀၀ ကျော် သေဆုံးခဲ့ကာ ထိခိုက်ပျက်စီးမှုတွေ အကြီးအကျယ် ဖြစ်ပေါ်ထားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly