တရုတ်က နယ်စပ်ကုန်သွယ်ရေးကို ပိတ်ထားသောကြောင့် ဗီယက်နမ်က နဂါးမောက်သီး ဝယ်မည့်သူများကို မျှော်လင့်နေရ

တရုတ်က နယ်စပ်ကုန်သွယ်ရေးကို ပိတ်ထားသောကြောင့် ဗီယက်နမ်က နဂါးမောက်သီး ဝယ်မည့်သူများကို မျှော်လင့်နေရ

တရုတ်မှ အဝယ်ရပ်ဆိုင်းထားခြင်းကြောင့် ဗီယက်နမ် လယ်သမားများနှင့် ပို့ကုန်လုပ်ငန်းရှင်များအတွက် ဆုံးရှုံးမှုများ ဖြစ်ပေါ်လာနိုင်သဖြင့် နဂါးမောက်သီးများအား ဝယ်မည့်သူများကို စောင့်ဆိုင်းနေရသည်။

နဂါးမောက်သီး တန်ချိန် ၃ သိန်းကို မကြာမီ ခူးဆွတ်ရတော့မည်ဖြစ်သော်လည်း တရုတ်က နယ်စပ်ကုန်သွယ်ရေးကို ပိတ်ထားကြောင်း ယင်းလုပ်ငန်းကို လုပ်ဆောင်နေသူများက ပြောကြားသည်။

အဆိုပါအခြေအနေကြောင့် ပြီးခဲ့သည့် သီတင်းပတ်များအတွင်း နဂါးမောက်သီး ဈေးကွက်လည်း ကျဆင်းခဲ့သည်။

တရုတ်က နယ်စပ်ကုန်သွယ်ရေးကို ပိတ်ထားသည့် ဗီယက်နမ်မြောပ်ပိုင်း ကွမ်နင်းနှင့် လန်ဆောင်းပြည်နယ်တို့တွင် နဂါးမောက်သီးများ စုပုံလျက်ရှိသည်ဟု စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဖန်ဘန်ထန်း၏ ပြောကြားချက်ကို VnExpress သတင်းတွင် ဖော်ပြထားသည်။

ဗီယက်နမ်နိုင်ငံတွင် နဂါးမောက်သီး နှစ်စဉ်ထွက်ရှိမှုမှာ အကြမ်းဖျင်းအားဖြင့် တန်ချိန် ၁ ဒသမ ၄သန်းခန့်ရှိသည်။ စုစုပေါင်း၏ ၈၀ ရာခိုင်နှုန်းကို ဘင်သူအန်၊ လောင်အန်နှင့်တီယန်ဂျီအန်တို့မှ ထွက်ရှိသော်လည်း ယခုနှစ်တွင် ဝယ်ယူသူမရှိသဖြင့် လယ်သမားများနှင့် ပြည်ပသို့ တင်ပို့သူများအတွက် အခက်အခဲ ဖြစ်ပေါ်နေသည်။

ပစ္စည်းများကို ရေလမ်းမှ တင်ပို့ရန် ကြိုးပမ်းခဲ့ကြသည်ဟု ပို့ကုန်တင်ပို့သူများက ပြောကြားခဲ့သော်လည်း သင်္ဘောဖြင့် ပို့သည့်စရိတ်သည် လွန်ခဲ့သည့်နှစ်မှစ၍ ၃ ဆမြင့်တက်သွားခြင်းကြောင့် အဆင်ပြေနိုင်မည့် နည်းလမ်းမဟုတ်ပေ။

တရုတ်သို့ နဂါးမောက်သီး တင်ပို့သည့်ပမာဏသည် အခြား ဈေးကွက် ၅၀ သို့ တင်ပို့သည့် ပမာဏထက် ပိုမိုကြောင်း လောင်အန်ခရိုင် Hoang Phat Fruit အသင်း၏ အမှုဆောင်အရာရှိချုပ် ငုယင်ခက်ဟွန်းက ပြောကြားသည်။

တရုတ်သည် ဗီယက်နမ်မှ စိုက်ပျိုးရေးထွက်ကုန်များနှင့် နဂါးမောက်သီးတို့ကို နှစ်ပေါင်းများစွာကြာအောင် အဓိက ဝယ်ယူသည့်နိုင်ငံ ဖြစ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly