သုံးခွမြို့နယ် လျှပ်စစ်ရုံး အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခံရ

သုံးခွမြို့နယ် လျှပ်စစ်ရုံး အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခံရ

ဇန်နဝါရီလ ၁၅ ရက်

ရန်ကုန် တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်ရှိ  မြို့နယ်လျှပ်စစ်ရုံးကို ယမန်နေ့ ဇန်နဝါရီလ ၁၄ ရက် ညပိုင်းတွင် အဝေးထိန်း မိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက် ခံခဲ့ရကြောင်း  ဒေသခံ သတင်းရင်းမြစ်က မဇ္စျိမကို ပြောသည်။

သုံးခွ ရဲစခန်းနှင့် အထွေထွေ အုပ်ချုပ်ရေးမှူးရုံး အနီး တွင်ရှိသည့် မြို့နယ် လျှပ်စစ်ရုံးကို ဒေသ ကာကွယ်ရေးတပ်ဖွဲ့ ဖြစ်သည့် Thongwa Youth Force (TYF) က ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“မနေ့က ည ၇ နာရီ မိနစ် ၂၀ လောက်မှာ ကျွန်တော်တို့ အဖွဲ့က အဝေးထိန်း မိုင်းနဲ့ ဖောက်ခွဲ တိုက်ခိုက် လိုက်တာပါ။ ထွေအုပ်နဲ့ EPC ပေါင်းပြီးတော့ နောက်ဆုံးရက် မီတာ မဆောင်ရင် မီးလိုက်ဖြတ်မယ် ဆိုပြီး လိုက်ပြောတယ်။ ပြည်သူ အချင်းချင်း ခြိမ်းခြောက်တဲ့ အဆင့်အထိ ရောက်နေလို့ ဖောက်ခွဲလိုက်တာပါ။ ဆက်ပြီး ခြိမ်းခြောက်နေမယ်ဆိုလည်း ဒီ့ထက်ပိုဆိုးတဲ့ တိုက်ခိုက်မှုတွေ လုပ်ရ ပါလိမ့်မယ်” ဟု  Thongwa Youth Force (TYF) မှ တာဝန်ရှိသူက ပြောသည်။

အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်မှုကြောင့် လျှပ်စစ်ရုံး အတွင်းရှိ ဝန်ထမ်းအိမ်တစ်လုံး ခေါင်မိုးများ ပွင့်ထွက် ပျက်စီးသွားခဲ့ပြီး  ဖောက်ခွဲမှုကြောင့် သုံးခွမြို့ အတွင်းရှိ နေအိမ်များပါ တုန်ခါမှု ရှိခဲ့ကာ လူ အထိအခိုက် မရှိခဲ့ကြောင်း သိရသည်။

"ခုနှစ်ရက်နေ့ ကတည်းက မီတာ မဆောင်တဲ့ အိမ်တွေ ထွေအုပ်ရုံး လာဖို့ ဆင့်ခေါ်စာတွေ လိုက်ဝေနေတာ။ မီတာ မဆောင်ရင် မီးဖြတ်မယ်ဆိုပြီး ခြိမ်းခြောက်လို့ ပြေးဆောင် ကြသူတွေလည်း ရှိတယ်။ ဖြတ်ချင်ဖြတ် မဆောင်ဘူးဆိုတဲ့ သူတွေ လည်း ရှိတယ်။ မီတာဆောင်တဲ့ သူတွေလည်း မီးပျက်ရင် မီးမလာပါဘူး။ ခရီးလမ်းက ကြမ်းမယ်။ အခုထိ အတူတူ တောင့်ခံ ထားတာကိုပဲ ဂုဏ်ယူနေပါပြီ။ ဆက်ပြီး အတူတူ တောင့်ခံ ထားကြပါလို့ ပြောချင်တယ်" ဟု သုံးခွ ဒေသခံ တစ်ဦးက ပြောသည်။

လက်ရှိတွင် သုံးခွမြို့နယ် လျှပ်စစ်ရုံးက မီတာ လာရောက် ပေးဆောင်ရန် ဖိအားပေး ခြိမ်းခြောက်မှုများ ပြုလုပ်နေပြီး မီတာ မဆောင်သည့် မြို့ပေါ် ရပ်ကွက်အများစုရှိ နေအိမ်များနှင့် ရွာများ အထိပါ မီးလိုက်လံ ဖြတ်တောက်မှုများ ပြုလုပ်နေကြောင်း ဒေသခံများထံက သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required