တနင်္သာရီတိုင်းခရီးစဉ်တွင် လူ ၁ဦးကို ၁ နှစ် ဆီ ၆ ပိဿာ ခန့်သာ စားရန် စစ်ခေါင်းဆောင် မင်းအောင်လှိုင်အကြံပြု

By ကိုရွှေမြိတ်
15 January 2022
တနင်္သာရီတိုင်းခရီးစဉ်တွင် လူ ၁ဦးကို ၁ နှစ် ဆီ ၆ ပိဿာ ခန့်သာ စားရန် စစ်ခေါင်းဆောင် မင်းအောင်လှိုင်အကြံပြု

ဇန်နဝါရီ ၁၅

တနင်္သာရီတိုင်း ခရီးစဉ်သို့ ရောက်ရှိနေသည့် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် လူတစ်ဦးလျှင် တစ်နှစ်ကို ဆီ ခြောက်ပိဿာ ခန့်သာစားရန် စစ်ခေါင်းဆောင် အကြံပြုပြောဆိုခဲ့ကြောင်း ဆီအုန်းလုပ်ငန်း လုပ်ကိုင်နေသည့် ကုမ္ပဏီဘက်မှ တာဝန်ရှိသူများထံမှ သိရသည်။

တနင်္သာရီတိုင်းတွင် ရောက်ရှိနေသည့် စစ်ခေါင်းဆောင်သည် ယမန်နေ့ ဇန်နဝါရီလ ၁၄၇က် က ဆီအုန်းလုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ်တွင် ထိုသို့အကြုံပြုပြောဆိုသွားခြင်းဖြစ်သည်။

"မိမိတို့ နိုင်ငံမှာ ဆီစားသုံးမှုက တစ်ဦးချင်း အလိုက် မြင့်မား နေပါတယ်။ စားအုန်းဆီတွေ ပြည်ပက နှစ်စဉ် ဆီတန်ချိန် တွေ များစွာ တင်သွင်းခဲ့ရကာ ၂၀၂၀- ၂၀၂၁ ခုနှစ်မှာဆိုလျှင် အမေရိကန် ဒေါ်လာ သန်း ၈၀၀ ကျော်ဖိုး အထိ တင်သွင်း ခဲ့ရပါတယ်။ နိုင်ငံတော် အနေနဲ့ ငွေကြေး များစွာ သုံးစွဲခဲ့ရတာကြောင်း၊ ပညာရှင်များ၏ တွက်ချက်မှု အရ ကျန်းမာရေးအတွက် လူတစ်ဦး၏ တစ်ရက် ဆီလိုအပ်ချက်မှာ ၁ ဒသမ ၅၈ ကျပ် သားဖြစ်၍ ၁ နှစ်လျှင် ၆ ပိဿာခန့်သာ စားသုံးသင့်ပါတယ်။ တစ်ဖက်ကနေ ဆီစားသုံးမှု လျှော့ချ သကဲ့သို့ တစ်ဖက်တွင်လည်း ဆီအထွက်နှုန်းတိုးစေရန် အတွက် စိုက်ပျိုး ထုတ်လုပ်ခြင်းဖြင့် ကိုယ်စီ ကျန်းမာသော ဘဝကို ပိုင်ဆိုင်ကာ နိုင်ငံ အတွက်လည်း နိုင်ငံခြားငွေ သုံးစွဲမှုကို လျှော့ချနိုင်မှာ ဖြစ်တယ်"ဟု ၎င်းကပြောဆိုသွားသည်။

ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်ရှိ တောင်ဒဂုံ ဆီအုန်း စိုက်ပျိုးရေးနှင့် ယုဇန ဆီအုန်းစိုက်ပျိုးရေး ကုမ္ပဏီတို့ကို သွားရောက် လေ့လာခဲ့ပြီးနောက် ၎င်းက မိမိတို့ နိုင်ငံတွင် စားအုန်းဆီများ ပြည်ပမှ နှစ်စဉ် ဆီတန်ချိန် များစွာ တင်သွင်းနေရ၍ နိုင်ငံခြားငွေ လျှော့ချ သုံးစွဲ နိုင်ရေး တနင်္သာရီတိုင်း အတွင်း ဆီအုန်း လုပ်ငန်းများမှ ဆီ အထွက်နှုန်း တိုးရန် သက်ဆိုင်ရာ ကုမ္ပဏီများမှ ကြိုးစားလုပ်ဆောင်ရန် တိုက်တွန်း ပြောဆိုခဲ့ကြောင်း ကုမ္ပဏီ တာဝန်ရှိသူများထံမှ သိရသည်။

ဆီအုန်းစိုက်ပျိုးရေး လုပ်ငန်းကို ယခင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တာဝန်ယူ ဆောင်ရွက် ခဲ့သည့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ လက်ထက်တွင် ဧရာဝတီတိုင်းဒေသကြီးနှင့် ဆီအုန်းစိုက်ပျိုး ဖြစ်ထွန်းသည့် တနင်္သာရီတိုင်းဒေသကြီးကိုလည်း ဆီအိုးကြီး အဖြစ် သတ်မှတ်ဆောင်ရွက်မှုများ ရှိခဲ့ပြီး လက်တွေ့ မြေပြင်တွင် ဆီအုန်းလုပ်ငန်းမှာ ကုန်ကြမ်း အဖြစ်သာ ထုတ်လုပ်နိုင်ခဲ့ပြီး ဒေသခံ ပြည်သူများနှင့် ကုမ္ပဏီတို့ အကြား မြေယာ ပြဿနာများဖြင့်သာ ရှုပ်ထွေးနေခြင်းလည်းဖြစ်သည်။

ကမ်းရိုးတမ်းဒေသတိုင်းစစ်ဌာနချုပ်၊ မောရဝတီ ရေတပ်စခန်းဌာနချုပ်မှ အရာရှိ၊ စစ်သည် မိသားစုများအား ယမန်နေ့ ဇန်နဝါရီလ ၁၄ ရက်တွင် ၎င်းက သွားရောက်တွေ့ဆုံခဲ့သေးသည်။

ထိုနေ့တွင် ၎င်းသည် ထားဝယ်တက္ကသိုလ်နှင့် ထားဝယ်ကမ်းနားလမ်းတစ်လျှောက် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်နိုင်မည့် အခြေအနေများကိုပါ လာရောက် ကြည့်ရှုစစ်ဆေးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required