ဆီးရီးယား ထောက်လှမ်းရေးအရာရှိဟောင်းကို ဂျာမန်တရားရုံးက ထောင်ဒဏ် တစ်သက် ပြစ်ဒဏ်ချ 

ဆီးရီးယား ထောက်လှမ်းရေးအရာရှိဟောင်းကို ဂျာမန်တရားရုံးက ထောင်ဒဏ် တစ်သက် ပြစ်ဒဏ်ချ 

ဇန်နဝါရီ ၁၅

ဆီးရီးယားက အကျဉ်းထောင်များတွင် နှိပ်စက်ညှင်းပန်းမှုများအပေါ် ကမ္ဘာ့ပထမဆုံး ရာဇဝတ်မှု တရားစွဲဆိုခြင်း၌ ဆီးရီးယား ထောက်လှမ်းရေးအရာရှိဟောင်တစ်ဦးအား ကြာသပတေးနေ့တွင် အပြစ်ရှိကြောင်း စီရင်ပြီး ထောင်ဒဏ် တစ်သက်တစ်ကျွန်း ပြစ်ဒဏ် ချမှတ်လိုက်သည်။ 

အန်ဝါ ရာစလန်ဆိုသူအား ၂၀၁၁ မှ ၂၀၁၂ အတွင်း ဒမတ်စကပ်ရှိ နာမည်ဆိုးဖြင့်ကျော်ကြားသော အကျဉ်းထောင်ကို ဦးစီးကွပ်ကဲရချိန်က လူသတ်မှု ၃၀ ကျော်၊ နှိပ်စက်ညှင်းပန်းမှု ၄၀၀၀ နှင့် လိင်ထိပါးစော်ပါးကားမှုများအတွက် ဂျာမန်တရားရုံးက ပြစ်ဒဏ်စီရင်ခြင်း ဖြစ်သည်။ 

ယခု သမိုင်းတွင် စီရင်ချက်သည် စစ်ရာဇဝတ်မှုများအတွက် အဆင့်မြင့် ဆီးရီးယားအရာရှိဟောင်းတစ်ဦးအား ပထမဆုံးအဖြစ် စီရင်ချက်ချခြင်း ဖြစ်သည်။ 

အသက် ၅၈ နှစ်ရှိ ဗိုလ်မှူးကြီးဟောင်းတစ်ဦးဖြစ်သော ရာစလန်သည် တိတ်ဆိတ်လျက်ရှိသော တရားရုံးအတွင်း တရားသူကြီး ငါးဦး ဝင်လာချိန်၌ မထုံသတေး ရှိနေခဲ့သည်။ စီရင်ချက်နှင့် ပြစ်ဒဏ်အား တရားသူကြီးများက ဖတ်ကြားပြီးနောက် တရားရုံးအတွင်းမှာပင် ရှိကြသည့် နှိပ်စက်ခံရမှ အသက်ရှင်ကျန်ရစ်သည့် လူများ၏ နာမည်များကို ၎င်းတို့က ဖတ်ကြားသည်။ 

ဆီးရီးယား သမ္မတ ဘာရှာ အာဆတ် အာဏာရှိနေဆဲ၌ ယခုကဲ့သို့ စီရင်ချက် ချခြင်းသည် အစိုးရတစ်ရပ်၏ လက်အောက်တွင် ကျူးလွန်ခဲ့သော ရာဇဝတ်မှုများတွင် စစ်ရာဇဝတ်မှုအဖြစ် တရားစီရင်ဆုံးဖြတ်သည့် ရှားရှားပါးပါး အောင်မြင်မှုဖြစ်ကြောင်း မျက်မြင်များနှင့် ကိုယ်စားလှယ်ရှေ့နေများက ယူဆကြသည်။ 

“တရားမျှတရေး ဆောင်ကြဉ်းရာမှာ ကာလရှည်ကြာအတွင်း ပထမဆုံး အောင်မြင်မှု ခြေလှမ်းပဲ ဖြစ်ပါတယ်”ဟု ဂျာမနီ၌ နေထိုင်လျက်ရှိသော နှိပ်စက်ညှင်းပန်းမှုများ ခံစားခဲ့ရသည့် ဆီးရီးယားတစ်ဦးဖြစ်သော ဝတ်ရှ်ဆင်း မူခါဒက်က ပြောသည်။ “ထောက်လှမ်းရေး တပ်ဖွဲ့က ဗိုလ်မှူးကြီးဟောင်းကို တရားစီရင်တဲ့ အတွေ့အကြုံဟာ ကျွန်တော်တို့ မျက်မှောက်မှာပဲ ရေးသားလိုက်တဲ့ သမိုင်းတစ်ရပ်ပါပဲ”ဟု ၎င်းက ပြောသည်။ 

ယခု တရားစီရင်မှုကို ၂၀၂၀ ဧပြီမှစကာ ယခုလအထိ အကြိမ်ပေါင်း ၁၀၀ ကျော်ထက်မနည်း စစ်ဆေးကြားနာခဲ့ခြင်း ဖြစ်သည်။ ပြည်နယ်တရားသူကြီး ငါးဦးက နှိပ်စက်ညှင်းပန်းခံ ၅၀ အပါအဝင် မျက်မြင်ပေါင်း ၁၀၀ ကျော်ထက်မနည်းကို အာဆတ်၏ လက်အောက်က ဆီးရီးယား၌ နိုင်ငံတော် ကမကထပြု နှိပ်စက်ညှင်းပန်းမှုများအဖြစ် စစ်ဆေးကြားနားခဲ့ခြင်း ဖြစ်သည်။ 

ရာစလန်သည် ဆီးရီးယားအစိုးရထံမှ ဘက်ပြောင်းကာ ဂျာမနီနိုင်ငံသို့ ထွက်ပြေးခိုလှုံခဲ့ပြီး လေးနှစ်အကြာ ၂၀၁၉ ဖေဖော်ဝါရီတွင် ၎င်းအား ဂျာမန်အာဏာပိုင်များက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ 

ဂျာမနီ အစိုးရရှေ့နေများက ၎င်းကို မည်သည့်နေရာကဖြစ်စေ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများအတွက် တရားစွဲဆိုနိုင်သည့် ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ရေးအောက်မှနေ၍ တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly