ခိုင်ဘာပက်ခ်တွန်ခဝါ ပြည်နယ်ဆေးရုံ၏ ဆိုးရွားနုံချာသည့်အပေါ် ပါကစ္စတန် လွှတ်တော်အမတ် စိတ်ဆိုးဒေါသ ထွက်

ခိုင်ဘာပက်ခ်တွန်ခဝါ ပြည်နယ်ဆေးရုံ၏ ဆိုးရွားနုံချာသည့်အပေါ် ပါကစ္စတန် လွှတ်တော်အမတ် စိတ်ဆိုးဒေါသ ထွက်

ပါကစ္စတန်နိုင်ငံ ခိုင်ဘာ ပက်ခ်တွန်ခဝါပြည်နယ်ရှိ ပြည်သူ့ဆေးရုံတစ်ခု၏ နုံချာဆိုးရွားသည့် အခြေအနေအပေါ် စိတ်ဆိုးဒေါသထွက်ရကြောင်း လွှတ်တော်အမတ် ဒေါက်တာ ရာမက်ရှ် ကူးမား ဦးဆောင်သည့် ပြည်တွင်း ဟိန္ဒူကိုယ်စားလှယ်အဖွဲ့တစ်ခုက ပြောဆိုခဲ့သည်။

ဒေါက်တာ ရာမက်ရှ် ကူးမားသည် ပါကစ္စတန် ဟိန္ဒူကောင်စီ၏ နာယက ဖြစ်သလို ပါကစ္စတန် တေရက်-အီ-အင်ဆက်ဖ် ပါတီ၏ ပါလီမန် လူနည်းစုအဖွဲ့ဝင်လည်းဖြစ်သည်။

ကာရက်ခရိုင် ဘန်ဒါနယ်မြေ တီရီမြို့ရှိ ပါရမ်ဟန်စ် မဟာရာဂျ် ဟိန္ဒူဘုရားကျောင်းဂူဗိမာန်တစ်ခုသို့ သွားရောက်ပြီးနောက် အဆိုပါ ကိုယ်စားလှယ်အဖွဲ့သည် တီရီမြို့ရှိ ပြည်သူ့ဆေးရုံသို့ ရောက်ရှိခဲ့ကြသည်။

ကောင်းမွန်စွာ ထိန်းသိမ်းပြုပြင်ထားခဲ့ခြင်း မရှိသည့် ယင်းဆေးရုံသို့ ခိုင်ဘာ ပက်ခ်တွန်ခဝါ၏ အတွင်းဝန်ချုပ်အနေဖြင့် တစ်ပတ်အတွင်း ယင်းဆေးရုံသို့ လာကြည့်ရန်နှင့် အသေးစိတ်အစီအစဉ်တစ်ခု ဖော်ဆောင်ရန် ဒေါက်တာ ရာမက်ရှ် ကူးမားက ညွှန်ကြားခဲ့သည်။

ပြည်သူများကို ဝန်ဆောင်မှု အထောက်အပံ့များ ပံ့ပိုးရန် အသေးစိတ်အစီအစဉ်တစ်ခု ရေးဆွဲလုပ်ဆောင်ရန်မှာ ခိုင်ဘာ ပက်ခ်တွန်ခဝါ ပြည်နယ်အစိုးရ၏ တာဝန်ပင်ဖြစ်ကြောင်း ၎င်းက ထပ်မံ ပြောကြားခဲ့သည်။

"တကယ်လို့ အဲဒီလို လုပ်ဖို့ ပျက်ကွက်မယ်ဆိုရင် ဆေးရုံကို ပါရမ်ဟန်စ် ဂျီ မဟာရာဂျ် အမည်ပေးဖို့ ဟိန္ဒူအသိုင်းအဝိုင်းကို ခွင့်ပြုပေးသင့်တယ်၊ ဟိန္ဒူအသိုင်းအဝိုင်းဟာ ပြဿနာအားလုံးကို ဦးစားပေး ဖြေရှင်းဖို့ အသင့်ရှိနေတယ်" ဟု ၎င်းက ပြောခဲ့သည်။

ဒေါက်တာ ရာမက်ရှ် ကူးမားသည် ၂၀၁၈ ခုနှစ် ပါကစ္စတန် အထွေထွေရွေးကောက်ပွဲ၌ လူနည်းစုများအတွက် သီးသန့်ဖယ်ထားသည့် နေရာတစ်နေရာတွင် ပါကစ္စတန် တေရက်-အီ-အင်ဆက်ဖ် ပါတီ ကိုယ်စားလှယ်တစ်ဦးအနေဖြင့် အောက်လွှတ်တော်၌ ရွေးကောက်ခံခဲ့ရသူဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly