ရုရှဟက်ကာများက အဖျက်အမှောင့်ဆော့ဖ်ဝဲများ အသုံးပြုပြီး ယူကရိန်းတွင် လျှပ်စစ်မီးပြတ်တောက်အောင် လုပ်ဆောင်ခဲ့ဟုဆို

ရုရှဟက်ကာများက အဖျက်အမှောင့်ဆော့ဖ်ဝဲများ အသုံးပြုပြီး ယူကရိန်းတွင် လျှပ်စစ်မီးပြတ်တောက်အောင် လုပ်ဆောင်ခဲ့ဟုဆို

ကိယက်ဗ်၊ ဇန်နဝါရီ-၁၀ ။            ။ ဖြစ်ရပ်ကို သုံးသပ်ထားသည့် အစီရင်ခံစာတစ်စောင်အရ ဒီဇင်ဘာ ၂၃ရက်နေ့ ယူကရိန်းတွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုမှာ ကွန်ပျူတာထွင်းဝိဇ္ဇာဟက်ကာ (hackers)များက ပညာရှင်များ တိုက်ခိုက်မှုကို မထောက်လှမ်းနိုင်အောင် အဖျက်ဆော့ဖ်ဝဲ တပ်ဆင်ပြီး အဝေးမှထိန်း၍ ဘရိတ်ကာခလုတ်များကို ဖြုတ်ချခဲ့ခြင်းကြောင့် ဖြစ်နိုင်ဖွယ်ရှိသည်ဟု ဆိုသည်။

ယူကရိန်းအနောက်ပိုင်းမှ သုံးစွဲသူ ၈၀၀၀၀အတွက် ၆နာရီကြာ ဓာတ်အားပြတ်တောက်မှု ဘာ့ကြောင့်ဖြစ်ပွားရသည်ကို အသေးစိတ်ဆန်းစစ်ချက်အား ဝါရှင်တန်အခြေစိုက် SANS ICSက ဇန်နဝါရီလ ၉ရက်နေ့နှောင်းပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

အခြေခံအဆောက်အအုံ လုပ်ငန်းရှင်များအား ဆိုက်ဘာတိုက်ခိုက်မှုများကို တွန်းလှန်နိုင်ရေး အကြံပေးနေသည့် SANS ICS၏ ပြောကြားချက်အရ ဖောက်သည်များက ဓာတ်အားပေးရုံကို မီးပျက်သွားပြီဖြစ်ကြောင်း သတိမပေးနိုင်ရန် တိုက်ခိုက်သူများက ဖုန်းများ အဆက်မပြတ်ခေါ်ဆိုခြင်းဖြင့် ဓာတ်အားပေးရုံ၏ ဝန်ဆောင်မှုကို နှောင့်ယှက်ဟန့်တားခဲ့သည်ဟု ဆိုသည်။

“ဒါက ဓာတ်အားခွဲရုံအမြောက်အများကို တစ်ပြိုင်တည်း ဘက်စုံတိုက်ခိုက်မှုတစ်ခုပါ။ ထောက်ပို့ ကျွမ်းကျင်သူတွေနဲ့ ညှိလုပ်တာပါ”ဟု အစီရင်ခံစာကို ကူညီပြုစုသူ အမေရိကန်လေတပ် ဆိုက်ဘာစစ်ရေးအရာရှိဟောင်း ရောဘတ် လီက ပြောကြားသည်။

ကျွမ်းကျင်သူများကမူ ယခုဖြစ်ရပ်မှာ ဆိုက်ဘာတိုက်ခိုက်မှုကြောင့် ဖြစ်ပွားရသည့် ပထမဆုံး လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုဖြစ်သည်ဟု ဖော်ပြကြသည်။ ယူကရိန်း၏ နိုင်ငံတော်လုံခြုံရေးဌာနက ရုရှကို အပြစ်တင်နေသကဲ့သို့ အမေရိကန် ဆိုက်ဘာကုမ္ပဏီ iSight Partners ကလည်း ဖောက်ထွင်းတိုက်ခိုက်သူမှာ Sandworm ဟုခေါ်သည့် ရုရှ ကွန်ပျူတာထွင်းအုပ်စု တစ်စုဖြစ်သည်ဟု ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags