ဝီဂါညီအစ်ကို၂ ဦးကို ၄ နှစ်ကြာ ထိန်းသိမ်းပြီးနောက် ရှင်ကျန်းစက်ရုံများတွင်အတင်းအကျပ်အလုပ်ခိုင်း

ဝီဂါညီအစ်ကို၂ ဦးကို ၄ နှစ်ကြာ ထိန်းသိမ်းပြီးနောက် ရှင်ကျန်းစက်ရုံများတွင်အတင်းအကျပ်အလုပ်ခိုင်း

ရှင်ကျန်းထိန်းသိမ်းရေးစခန်းတစ်ခုတွင် ၄ နှစ်ကြာ ထိန်းသိမ်းခံခဲ့ရသော ဝီဂါညီအစ်ကို ၂ ဦးသည် ၂၀၂၁ ခုနှစ် ဩဂုတ်လတွင် လွတ်မြောက်လာပြီးနောက် ရက်သတ္တပတ်အကြာတွင် ပြန်လည်အဖမ်းခံခဲ့ရကာ ယခုအခါ စက်ရုံများတွင် အလုပ်ခိုင်းစေခံနေရကြောင်း ဒေသဆိုင်ရာအရာရှိများနှင့် ၎င်းအခြေအနေကိုသိသူ ပြည်ပရောက်ဝီဂါတစ်ဦးတို့က ပြောသည်။

ဟိုတန်စီရင်စုရှိ ကောင်တီမှ ညီအစ်ကိုများကို ဆမ်ပါရွာရှိ စခန်းတစ်ခုတွင် ထိန်းသိမ်းထားကြောင်း လော့ကောင်တီမှ ဝီဂါတစ်ဦးကပြောသည်။

အာဏာပိုင်များသည် ၂၀၁၇ ခုနှစ်က ရွာတွင်နေထိုင်သော လယ်သမား အီဇစ်အဗ္ဗဒူလာနှင့်အတူ ၎င်း၏သားနှစ်ယောက်ဖြစ်သည့် အဗ္ဗဒူကာဟာအီဇစ်နှင့် အက်ဘလီကင်အီဇစ်တို့ကိုလယ်ကွင်းတစ်ခု၌ သီးနှံများရေလောင်းနေစဉ် တရားမဝင်စုဝေးမှုဖြင့် ဖမ်းဆီးခဲ့ကြောင်း သတင်းရင်းမြစ်က ဆိုသည်။

“၂၀၁၇ ခုနှစ် ဇန်နဝါရီလကနေ မတ်လအထိအချိန်တုန်းက အဲဒီသားအဖတွေတင်မကဘဲ အခြားရွာက ဒေသခံတွေရဲ့ ၂၀ ရာခိုင်နှုန်းလောက်ကို တရားမဝင်ဘာသာရေးလှုပ်ရှားမှု၊ တရားမဝင်စုဝေးမှုနဲ့ အန္တရာယ်ဖြစ်စေတဲ့သတင်းအချက်အလက်တွေ ဖြန့်ဝေမှုအတွက် ပြန်လည်ပညာပေးရေးစခန်းတွေဆီ ခေါ်ဆောင်ခံခဲ့ရပါတယ်” ဟု အဝေးရောက်ဝီဂါတစ်ဦးက ပြောသည်။

အီဇစ်အဗ္ဗဒူလာအဖမ်းခံရပြီး ၄ လအကြာတွင် ဇနီးဖြစ်သူ တာဆွန်ဂါလ်မတ်တိုမာသည် ၎င်း၏ခင်ပွန်းဖြစ်သူ ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခံခဲ့ရကြောင်း စီရင်ချက်ချသည့် စာတစ်စောင်ကို လက်ခံရရှိခဲ့သည်။ အခြားအိမ်နီးချင်းအများအပြားများမှာလည်း ဥပဒေအရ ခုံခံရင်ဆိုင်နိုင်ခြင်း မရှိဘဲ အလားတူထောင်ဒဏ်များ ချမှတ်ခံခဲ့ရသည်ဟု အဝေးရောက်ဝီဂါက ပြောသည်။

၁ နှစ်အကြာတွင် တာဆွန်ဂါလ်သည် အသက် ၃၀ ကျော်နှင့် အသက် ၂၀ ကျော်အသီးသီးရှိသည့် သား ၂ ဦးသည်လည်း လေ့ကျင့်ရေးစင်တာတစ်ခုတွင် ရောက်နေကြောင်း သိရှိခဲ့သည်။

ဆမ်ပါရွာမှ ရဲအရာရှိတစ်ဦးက ညီအစ်ကို ၂ ဦးအကြောင်း RFA က ရရှိထားသည့်သတင်းကို အတည်ပြုခဲ့ပြီး ၎င်းတို့ကို အတင်းအကျပ် အလုပ်ခိုင်းစေရန် ရှင်ကျန်းပြည်နယ်ရှိ လော့နှင့်ကက်ရှ်ဂါဒေသများသို့ ပို့ဆောင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ရှင်ကျန်းတွင် ဝီဂါများကို ပြန်လွှတ်ပေးပြီးနောက် ပြန်ဖမ်းခြင်းသည် အဆန်းမဟုတ်ပေ။ အစောပိုင်း RFA သတင်းများအရ ပြန်လည်ပညာပေးရေးစခန်းများမှ လွတ်မြောက်လာသူ ဝီဂါများသည် ထပ်မံဖမ်းဆီးခံရပြီး အဓမ္မလုပ်အားပေးနေရာများသို့ ပို့ဆောင်ခြင်းမခံရမီ ၎င်းတို့အိမ်များတွင် ရက်အနည်းငယ်သာ နေလိုက်ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly