ထိုင်ဝမ်က တရုတ်ကို ဟန့်တားရန် စစ်သင်္ဘောသစ်များ ထုတ်ဖော်ပြသ

ထိုင်ဝမ်က တရုတ်ကို ဟန့်တားရန် စစ်သင်္ဘောသစ်များ ထုတ်ဖော်ပြသ

ထိုင်ဝမ်ဆိပ်ကမ်းမြို့ ကီးလန်အနီး၌ ပြုလုပ်ခဲ့သည့် ရေတပ်လေ့ကျင့်မှုသည် မတူညီသောနေရာများတွင် ၃ ရက်ကြာ တပ်ပေါင်းစု စစ်ရေးလေ့ကျင့်မှု၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။

ထိုင်ဝမ်က တရုတ်ကို ဟန့်တားရန် အချက်ပြရန် ရည်ရွယ်ထားသည့် အခမ်းအနားတစ်ခုတွင် ပြည်တွင်းထုတ် စစ်သင်္ဘောအချို့ကို ထုတ်ပြခဲ့ကြောင်း ဒေသတွင်းတာဝန်ရှိသူများနှင့် လေ့လာသုံးသပ်သူများက ပြောကြားခဲ့သည်။

နေရာအသီးသီးတွင် ၃ ရက်ကြာ တပ်ပေါင်းစုံ စစ်ရေးလေ့ကျင့်မှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် သီတင်းပတ်ကုန်က ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနသည် ထိုင်ဝမ်အရှေ့မြောက်ပိုင်းရှိ ကီးလန်မြို့ ကမ်းလွန် တွင် ရေတပ် စစ်ရေး လေ့ကျင့်မှုတစ်ခု ပြုလုပ်ခဲ့ပြီး တိုက်ပွဲဝင်ရန် အဆင်သင့်ဖြစ်မှုကို သရုပ်ပြခဲ့ကြောင်း ဝန်ကြီးဌာန၏ သတင်း ဖော်ပြချက်အရ သိရသည်။

“တရုတ်စစ်တပ်က ဘာမှမလုပ်ခင် ၂ ကြိမ်လောက် ပြန်စဉ်းစားစေ ချင်ပါတယ်” ဟု ထိုင်ဝမ် စစ်ဌာနချုပ်၏ နိုင်ငံရေးစစ်ပွဲဗျူရိုမှ ဗိုလ်မှူးကြီး ဆွန်လီဖန်က စစ်ရေးလေ့ကျင့်မှုတစ်ခုတွင် မီဒီယာများကို ပြောကြားခဲ့သည်။

အသစ်ထုတ်လုပ်ထားသော Ta Chiang အပါအဝင် ထိုင်ဝမ်ဒီဇိုင်းထုတ် အပေါ့စားတိုက်သင်္ဘော ၂စင်းသည် ဇန်နဝါရီလ ၇ရက်က ရေတပ်လေ့ကျင့်မှုတွင် ပါဝင်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ယင်းတို့သည် ကြမ်းတမ်းသော ပင်လယ်ပြင်အခြေအနေများတွင် ခြေရာခံခြင်းနှင့် ပစ်ခတ်ခြင်းစသည့် သရုပ်ဖော်မှုများကို လုပ်ဆောင်နေသည်ကို မြင်တွေ့ခဲ့ရသည်။

"လေယာဉ်တင်သင်္ဘောတိုက်ဖျက်ရေးသင်္ဘောများ" ဟု အမည်ပေးထားသည့် တန် ၅၀ဝ အလေးချိန်ရှိ အပေါ့စားတိုက်သင်္ဘောများကို ယီလန်းကောင်တီရှိ Lung TehShipbuiding Company မှ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

ယင်းတို့တွင် Sea Sword II တာလတ်ပစ် လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်များ၊ သင်္ဘောဖျက် ဒုံးကျည်များ၊ ၇၅ မမ အမြောက်များနှင့် အနီးကပ်လက်နက်တိုက်ဖျက်ရေးစနစ်များ တပ်ဆင်ထားသည်။

အဓိကအားဖြင့် တရုတ်နှင့် ပင်လယ်ရေကြောင်းဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်ရန်အတွက် စစ်သင်္ဘော ၁၂ စင်းအထိ တည်ဆောက်ရန် ဘတ်ဂျက် အမေရိကန်ဒေါ်လာ သန်း ၈၅၀ ကျော်ကို ၂၀၁၁ ခုနှစ်တွင် ထိုင်ဝမ် ပါလီမန်က အတည်ပြုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly