မြောက်ကိုရီးယားက ဒုံးကျည်ပစ်လွှတ်ပြီးနောက် တရုတ်က ငြိမ်းချမ်းရေးအတွက် တိုက်တွန်း

13 January 2022
မြောက်ကိုရီးယားက ဒုံးကျည်ပစ်လွှတ်ပြီးနောက် တရုတ်က ငြိမ်းချမ်းရေးအတွက် တိုက်တွန်း

တရုတ်နိုင်ငံက မြောက်ကိုရီးယား၏ ပဲ့ထိန်းဒုံးကျည်စမ်းသပ်မှုကို သိရှိကြောင်းနှင့် ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတို့ကို ပူးပေါင်းကာကွယ်ရေးအတွက် ချင့်ချိန်၍ လုပ်ဆောင်ရန်နှင့် ဆွေးနွေးပြောဆိုကြရန် သက်ဆိုင်သူအားလုံးကို ဇန်နဝါရီ ၁၁ ရက်တွင် တိုက်တွန်းလိုက်သည်။

နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝေပင်းက သတင်းစာရှင်းလင်းပွဲ၌ပြောကြားရာတွင် “ဒုံးကျည်ပစ်လွှတ်မှုတွေကို သတိပြုမိပါတယ်။ လက်နက်နဲ့ ပတ်သက်တာတွေကို သိရှိနိုင်ဖို့ နောက်ထပ် လေ့လာစစ်ဆေးမှုတွေလုပ်ရပါဦးမယ်။ အလျင်အမြန်ကောက်ချက်ချတာတွေ ဒါမှမဟုတ် လွန်ကဲစွာ တုံ့ပြန်တာတွေကို သူဆိုင်သူအားလုံးက ရှောင်ကြဉ်သင့်ပါတယ်” ဟု ဆိုသည်။

“ကိုရီးယားကျွန်းဆွယ်မှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ပူးတွဲကာကွယ်ဖို့ သက်ဆိုင်ရာ ဘက်အားလုံးက ချင့်ချင့်ချိန်ချိန် ဆောင်ရွက်ဖို့ ၊ ဆွေးနွေးညှိနှိုင်းမှုတွေကနေတစ်ဆင့် သက်ဆိုင်ရာ ကဏ္ဍအလိုက် စိုးရိမ်မှုတွေကို ဖြေရှင်းဖို့နဲ့ လမ်းကြောင်း ၂ မျိုး ချဉ်းကပ်နည်းနဲ့ အဆင့်အလိုက် စည်းချက်ညီတဲ့ စည်းမျဉ်းအတိုင်း ကိုရီးယားကျွန်းဆွယ်ရဲ့ နိုင်ငံရေးဖြေရှင်းမှုလုပ်ငန်းစဉ်ကို တိုးတက်စေဖို့ မျှော်လင့်ပါတယ်” ဟု ပြောရေးဆိုခွင့်ရှိသူက သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။

ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ (DPRK) သည် အသံထက်မြန်သည့် ဒုံးကျည်ကို အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း ကိုရီးယားဗဟိုသတင်းအေဂျင်စီက ဇန်နဝါရီ ၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ကာကွယ်ရေးသိပ္ပံအကယ်ဒမီက ဇန်နဝါရီ ၅ ရက်တွင် လွှတ်တင်ခဲ့သည့် အဆိုပါဒုံးကျည်သည် ကီလိုမီတာ ၇၀၀ အကွာရှိ ပစ်မှတ်ကို အတိအကျမထိမီ ဘေးဘက်သို့ ကီလိုမီတာ ၁၂၀ လမ်းကြောင်းကို လှည့်ပတ်နိုင်ခဲ့ခြင်းသည် ဒုံးကျည်၏ ယင်းက လောင်စာ ပံ့ပိုးမှုစနစ်အသစ်၏ ယုံကြည်စိတ်ချရမှုကို သက်သေပြနိုင်ခဲ့သည်ဟု သတင်းက ဆိုသည်။

ဂျပန်ဝန်ကြီးချုပ် ဖူမီအိုကီရှီဒါကလည်း မြောက်ကိုရီးယား၏ ဒုံးကျည်ပစ်လွှတ်မှုအပေါ် များစွာစိတ်မကောင်းဖြစ်မိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး မည်သည့်ဖြစ်ရပ်မျိုးအတွက်မဆို လေယာဉ်နှင့် သင်္ဘောများ ဘေးကင်းစေရန် ၎င်း၏တာဝန်ရှိသူများကို ညွှန်ကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly