ဂရိတွင် ကိုဗစ်ကာကွယ်ရေး စည်းကမ်းချိုးဖောက်မှုအတွက် ပါကစ္စတန်နိုင်ငံသားများ ဒဏ်ငွေချမှတ်ခံရ

ဂရိတွင် ကိုဗစ်ကာကွယ်ရေး စည်းကမ်းချိုးဖောက်မှုအတွက် ပါကစ္စတန်နိုင်ငံသားများ ဒဏ်ငွေချမှတ်ခံရ

ဂရိနိုင်ငံ အေသင်မြို့ Syntagma ရင်ပြင်၌ နှစ်သစ်ကူးပွဲ ဆင်နွှဲရန် စုဝေးခဲ့ကြသည့် ပါကစ္စတန်နိုင်ငံသားအုပ်စုတစ်စုကို ကိုရိုနာဗိုင်းရပ်စ် စည်းမျဉ်းများ ချိုးဖောက်မှုဖြင့် ဂရိအာဏာပိုင်များက ဒဏ်ငွေများ ချမှတ်ခဲ့သည်။

အဆိုပါ ပါကစ္စတန်နိုင်ငံသားများက ၎င်းတို့အပေါ် ချမှတ်ခဲ့သည့် ဒဏ်ငွေများကို ပြန်လည်ပယ်ဖျက်ပေးရန် ပန်ကြားခဲ့သော်လည်း ဂရိအစိုးရက လက်မခံခဲ့ပေ။

နှာခေါင်းစည်းများ မတပ်ဘဲ နှစ်သစ်ကူးပွဲ ဆင်နွှဲမည့် ၎င်းတို့ကို ဒဏ်ကြေး ပယ်ဖျက်ပေးမည် မဟုတ်ဟု Greek City Times က ဖော်ပြသည်။

ဂရိ-ပါကစ္စတန် အစုအဖွဲ့ ယဥ်ကျေးမှု အုပ်စု၏ ဥက္ကဋ္ဌ ဆေယက်ဒ် မိုဟာမက် ဂျမီလ်၏ စာရေးသားပန်ကြားချက်ကိုလည်း ဂရိ နိုင်ငံသားများ အကာအကွယ်ပေးရေးဝန်ကြီး တာကစ် သီအိုဒိုရီကာကို့စ်က တုံ့ပြန် အကြောင်းပြန်ထားခဲ့ကြောင်း သိရသည်။

နှစ်သစ်ကူးပွဲတော် ကျင်းပရန် မူလက အစီအစဉ်မရှိခဲ့ဘဲ လုပ်ခဲ့ကြောင်းနှင့် အေသင်မြို့ အာဏာပိုင်များဘက်က Syntagma ရင်ပြင်၌ ပွဲကျင်းပမှုများပယ်ဖျက်ထားခြင်းကို ပါကစ္စတန်အသိုင်းအဝိုင်းအနေဖြင့် မသိရှိခဲ့ကြောင်း ဆေယက်ဒ် မိုဟာမက် ဂျမီလ်၏ စာထဲတွင် ဖော်ပြထားသည်ဟု Greek City Times က ဖော်ပြသည်။

ရဲတပ်ဖွဲ့က လာရောက်အသိပေးပြီးနောက် ပါကစ္စတန်များသည် ယင်းနေရာကနေ ငြိမ်းချမ်းစွာ ပြန်လည်ထွက်ခွာခဲ့ကြောင်း ပန်ကြားစာထဲတွင် ဖော်ပြထားသည်။

အစောပိုင်းကလည်း ဆေယက်ဒ် မိုဟာမက် ဂျမီလ်က ပါကစ္စတန်နိုင်ငံသားများအုပ်စုအပေါ် ဒဏ်ကြေးချမှတ်ထားမှုကို ပယ်ဖျက်ပေးပါရန် ဂရိအစိုးရထံ ပန်ကြားခဲ့သေးသည်။

သို့သော် Syntagma ရင်ပြင်တွင် ပါကစ္စတန်နိုင်ငံသား ရာနှင့်ချီ စုပြုံရောက်ရှိ စုဝေးခဲ့ကြသည့် ပုံများက လက်ခံနိုင်စရာ မရှိကြောင်း ဂရိနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီး အဒိုနစ် ဂျော့ဂျီယာဒစ်က ပြောခဲ့ကြောင်း Greek City Times က ဖော်ပြသည်။

ဆေယက်ဒ် မိုဟာမက် ဂျမီလ်၏ ပန်ကြားချက်ကို ဂရိ နိုင်ငံသားများ အကာအကွယ်ပေးရေးဝန်ကြီးက ပယ်ချခဲ့ပြီး "နှာခေါင်းစည်း မတပ်ဘဲ Syntagma ရင်ပြင်မှာ နှစ်သစ်ကူးအကြိုနေ့ ပွဲဆင်နွှဲမှုအတွက်

ပါကစ္စတန်နိုင်ငံသားအစုအဖွဲ့တွေအပေါ် ရဲတပ်ဖွဲ့က ချမှတ်ခဲ့တဲ့ ဒဏ်ကြေးတွေကို မိမိတို့ဘက်က ပယ်ဖျက်ပေးသွားမှာ မဟုတ်ပါဘူး" ဟု ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly