ထိုင်းအစိုးရက ဘတ်ဂျက်မှ စိုက်ထုတ်၍ ရာဘာစျေးနှုန်း ထိန်းညှိပေးမည်မဟုတ်ဟုဆို

ထိုင်းအစိုးရက ဘတ်ဂျက်မှ စိုက်ထုတ်၍ ရာဘာစျေးနှုန်း ထိန်းညှိပေးမည်မဟုတ်ဟုဆို

ရာဘာတစ်ကီလိုရမ်လျှင် ဘတ် ၅၀ မှ ၆၀ အထိ ဈေးနှုန်းသတ်မှတ်ကာ အစိုးရက စိုက်ထုတ်ဝယ်ယူပေးရန် စိုက်ပျိုးသူများ၏ တောင်းဆိုမှုကို အစိုးရက ပယ်ချလိုက်ပြီး အစိုးရအနေဖြင့် ဘတ်ဂျတ် ကန့်သတ်မှုရှိနေသည့်အပြင် ယင်းအစီအစဉ်သည် ပြဿနာကို ရေတိုဖြေရှင်းမှုသာ ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ်ရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဆမ်ဆာကေကမ်နာက ပြောကြားလိုက်သည်။

ယင်းတောင်းဆိုချက်ကို သဘောတူလိုက်ပါက နိုင်ငံတော်အနေဖြင့် ဘတ် ၁၄၀ ဘီလျံစိုက်ထုတ်ရမည်ဖြစ်သော်လည်း ရေတိုဖြေရှင်းသည့် နည်းလမ်းတစ်ခုသာဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

"ရာဘာတောင်သူတွေက သူတို့တောင်းဆိုတာ မရရင် ဆန္ဒပြမယ်ဆိုတဲ့ ခြိမ်းခြောက်မှုအပေါ်မှာ ဝန်ကြီးချုပ်အနေနဲ့ စိတ်အနှောက်အယှက် ဖြစ်ရပါတယ်။ ဆန္ဒပြရင်တော့ လက်ရှိအစိုးရလက်ထက်မှာ တရားမဝင်ပါဘူး။ သူတို့တောင်းဆိုမှုကို လိုက်လျောတာဟာလည်း ယာယီဖြေရှင်းနိုင်မယ့် နည်းလမ်းပဲဖြစ်ပါတယ်" ဟု ၎င်းက ပြောကြားသည်။

ရာဘာဈေးနှုန်းများသည် လွန်ခဲ့သည့် နှစ်နှစ်မှစတင်၍ တရိပ်ရိပ်ကျဆင်းခဲ့ရာ ဆောင်ခလာမြို့ ရာဘာဈေးကွက်တွင် ဇန်နဝါရီ ၉ ရက်က တစ်ကီလိုဂရမ်လျှင် ၃၄ ဒသမ ၀၃ ဘတ်သို့ ရောက်ရှိခဲ့သည်။ ၂၀၁၁ ခုနှစ် ရာဘာပေါက်ဈေးမှာ တစ်ကီလိုဂရမ်လျှင် ဘတ် ၁၀၀ နှင့် အထက်ရှိခဲ့သည်။

အစိုးရအနေဖြင့် ရာဘာတောင်သူများနည်းတူ အခြားစိုက်ပျိုးရေးသမားများကိုလည်း ကြည့်ရှုစောင့်ရှောက်ရန်လိုအပ်သောကြောင့် ရာဘာစိုက်ပျိုးရေးသမားများအနေဖြင့် သဘောထားကြီးကြရန် ထိုင်းအစိုးရက တိုက်တွန်းထားသည်။

ရာဘာလုပ်ငန်းနှင့် သက်ဆိုင်သည့် စိုက်ပျိုးရေးသမားများ၊ ဝယ်ယူသူများနှင့် အစိုးရတာဝန်ရှိသူများသည် ဇန်နဝါရီ ၈ ရက်က တွေ့ဆုံခဲ့ပြီး အဆိုပါပြဿနာကို ဖြေရှင်းရန် နည်းလမ်းများအတွက် ဆွေးနွေးခဲ့ကြသည်။

"ရာဘာဈေးနှုန်းကျဆင်းတာဟာ ကမ္ဘာ့ရေနံဈေးနှုန်းကျဆင်းမှုနဲ့ ရာဘာပင်တွေ အများကြီး စိုက်ခဲ့လို့ အထွက်များလာတာကြောင့် ဖြစ်ပါတယ်" ဟု ဆမ်ဆာက ပြောကြားသည်။

ရာဘာစိုက်ပျိုးသူများအနေဖြင့် အခြားသီးနှံများကို စိုက်ပျိုးကြရန် သို့မဟုတ် အပိုဝင်ငွေရရန် မွေးမြူရေးလုပ်ငန်းကို လုပ်ကိုင်ကြရန် ထိုင်းဝန်ကြီးချုပ်က တိုက်တွန်းထားပြီး ယင်းလုပ်ငန်းများအတွက် အစိုးရက အပြည့်အဝကူညီသွားမည်ဟု ကတိပေးထားသည်။

"ရာဘာဝယ်လိုအား မြင့်လာဖို့ကတော့ လမ်းတွေနဲ့ ကစားကွင်းတွေမှာ ရာဘာထွက်ကုန်တွေ ပိုပြီးအသုံးပြုဖို့ အစိုးရက စီစဉ်ထားပါတယ်။ ဒါပေမယ့် ဆောက်လုပ်ရေးလုပ်ငန်းတွေဆိုတာ အချိန်ယူရပါမယ်" ဟု ဆမ်ဆာက ပြောကြားသည်။

ရာဘာစိုက်သူများအနေဖြင့် ဆန္ဒမပြဘဲ အစိုးရနှင့်ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းထားပြီး ပြဿနာပြေလည်မည့် နည်းလမ်းကို အရှိန်မြှင့်လုပ်ဆောင် သွားမည်ဟု ကတိပေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly