“ အငှားအိမ်ယာ စီမံကိန်း၊ ဆင့်ပါးစပ် နှမ်းပက်သလောက်”

“ အငှားအိမ်ယာ စီမံကိန်း၊ ဆင့်ပါးစပ် နှမ်းပက်သလောက်”

အခုရက်ပိုင်း ထွက်လာတဲ့ သတင်းတွေထဲမှာ ရန်ကုန်တိုင်း အစိုးရအဖွဲ့ကနေ တစ်လ ကျပ် ၃ သောင်းကနေ ၅ သောင်းလောက်ပဲ ပေးရမယ့် အငှားအိမ်ယာ စီမံကိန်းတစ်ခု အကောင်အထည် ဖော်နေတဲ့ သတင်းက စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဒါပေမယ့် စိတ်ပျက်ဖို့ ကောင်းတာက အဲဒီ အိမ်ယာ စီမံကိန်းမှာ အခန်းပေါင်း ၁၂၀၀ လောက်ပဲ ပါဝင်မယ်လို့ ဆိုထားတာပါ။ ပြည်ထောင်စု အစိုးရအဖွဲ့ရဲ့ ထောက်ပံ့ငွေနဲ့ အကောင်အထည် ဖော်မယ့် အဲဒီ စီမံကိန်းဟာ ဘယ်လို စီမံကိန်းမျိုးလဲ၊ တကယ့်လိုအပ်ချက်ဟာ ဘယ်လိုမျိုးလဲ၊ ပြည်သူတွေရဲ့ အိမ်ယာ လိုအပ်ချက်ကို ဘယ်လို အကောင်အထည် ဖော်ရင် ရနိုင်မလဲ ဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။

ရန်ကုန်တိုင်း အစိုးရအဖွဲ့က အကောင်အထည် ဖော်မယ့် အငှားအိမ်ယာ စီမံကိန်းကို ဒဂုံမြို့သစ်တောင်ပိုင်း အမှတ်(၂) လမ်းမကြီးနဲ့ မဟာဗန္ဓုလ လမ်းဒေါင့်က မြေ ၁၂ ဧကကျော်မှာ အကောင်အထည် ဖော်မှာပါ။ စီမံကိန်းအတွက် ပြည်ထောင်စု အစိုးရက ကျပ်ငွေ ဘီလျံ ၂၀ ထောက်ပံ့မယ်လို့ ဆိုပါတယ်။ ကနဦး စီမံကိန်း လျာထားချက်အရ အိပ်ခန်းနဲ့ အိမ်သာ ရေချိုးခန်း ပါဝင်မယ့် အခန်းတစ်ခန်းစီဟာ စတုရန်းပေ ၅၇၀ လောက် ကျယ်မယ်လို့ ဆိုပါတယ်။ မဟာဗန္ဓုလ အငှားအိမ်ယာ စီမံကိန်းလို့ နာမည်ပေးထားတဲ့ အဲဒီ တိုက်ခန်းတွေမှာ နေထိုင်လိုသူတွေဟာ လာမယ့် ဖေဖေါ်ဝါရီ ၁ ရက်နေ့ကစ သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးတွေမှာ စပြီး လျောက်ထားရတော့ မယ်လို့ ဆိုပါတယ်။ စီမံကိန်း ပုံစံကတော့ မစားရ ဝခမန်းပါပဲ။

လျောက်ထားသူတွေအတွက် လျောက်လွှာပုံစံတွေကို သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးတွေမှာ ကပ်ထားပေးမှာဖြစ်ပြီး ကိုယ်ဟာ အိမ်မပိုင်ကြောင်း၊ အိမ်ငှားနေထိုင်သူ ဖြစ်ကြောင်း အထောက်အထားတွေတော့ တင်ပြရမယ်လို့ ဆိုပါတယ်။ အခန်းခကိုလည်း တစ်လတစ်ကြိမ် သွင်း စနစ်နဲ့ ပေးချေရမယ်လို့ သိရပါတယ်။ အခန်းအရည်အတွက်က စုစုပေါင်း ၁၂၀၀ လောက်ပဲ ရှိတာမို့ လျောက်ထားသူများရင် မဲနှိုက်စနစ်နဲ့ နေရာချထားပေးမယ်လို့ ပြောဆိုထားပါတယ်။ အခု ဒီ စီမံကိန်း အတွက် တင်ဒါခေါ်တဲ့ လုပ်ငန်းပြီးသွားလို့ ပုဂ္ဂလိက ကုမ္ပဏီ ၂၆ ခုက ခွဲေ၀ တည်ဆောက်ကြမယ်လို့ သိရပါတယ်။ လာမယ့် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှာ ပြီးရင်ပြီး၊ မပြီးရင် ရှေ့ဘဏ္ဍာနှစ် အစောပိုင်းလောက် မှာ ပြီးဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

ဒီ စီမံကိန်းနဲ့ ပတ်သက်ပြီး ဝေဖန်ရရင် သင့်တင့်တဲ့ အကျယ်အဝန်း ရှိတဲ့ တိုက်ခန်း တစ်ခန်းကို တစ်လ ကျပ် ၃ သောင်းကနေ ၅ သောင်းအကြား ဈေးနှုန်း သတ်မှတ်ပြီး ငှားမယ် ဆိုတာကတော့ အလွန်ကို ဈေးနှုန်းချိုသာတယ်လို့ ပြောနိုင်ပါတယ်။ လက်ရှိ အလားတူ အကျယ်အဝန်း အခန်းမျိုး ရန်ကုန်မြို့တွင်းမှာ ဆိုရင် တစ်ခန်း တစ်လ ကျပ် တစ်သိန်းခွဲကနေ ၂ သိန်းအကြား ပေးရပါတယ်။ ဒါတောင် အထပ်မြင့်လို နေရာမျိုးမှာမှ ရနိုင်မှာပါ။ နောက် ငွေပေးချေပုံ စနစ်ကလည်း တစ်နှစ်စာ တစ်လုံးတစ်ခဲတည်း ပေးရတဲ့ အပြင် ပွဲစားခ လည်း ပေးရမှာမို့ တစ်ကြိမ် တိုက်ခန်းငှားရင် အနည်းဆုံး ကျပ်ငွေ သိန်း ၂၀ ကနေ ၂၆ သိန်းအကြား ကုန်ပါမယ်။ လူစည်ကားရာ နေရာဖြစ်မယ်၊ အောက်ဘက် အခန်းတွေ ဖြစ်မယ် ဆိုရင် ဒီထက် ဈေးပိုကြီးပါတယ်။ ဒီအတွက် အခု တစ်လ တစ်ကြိမ်ပဲ ငှားခ ပေးချေရတဲ့ တိုက်ခန်းမှာ နေချင်သူတွေ အလွန်ပေါများမှာ မြေကြီးလက်ခတ် မလွဲပါဘူး။ ဒါကို သိတယ်ဆိုရင် လျောက်ထားသူ အမြောက်အများ ရှိမှာလည်း သေခြာပါတယ်။ ပြသနာက အဲဒီကမှ စ ပါတယ်။

လျောက်ထားသူ လူပေါင်း သောင်းနဲ့ချီထဲက လူ ၁၂၀၀ ရွေးချယ်တဲ့ အလုပ်ဟာ သက်ဆိုင်ရာ အာဏာပိုင်တွေရဲ့ လက်ထဲမှာပဲ ရှိပါတယ်။ ရှေ့ပိုင်းမှာ အဲလိုနည်းနဲ့ ဆောက်၊ အဲလိုနည်းနဲ့ ရောင်းချ ပေးခဲ့တဲ့ အိမ်ယာ တိုက်ခန်းတွေ ကိစ္စ ပွင့်လင်းမြင်သာမှု မရှိတာ၊ အဂတိလိုက်စားတာ စသဖြင့် အများအပြား ကြုံခဲ့ရပြီးပါပြီ။ ပြောရရင် အခု စီမံကိန်းဟာ ပြည်ထောင်စု အစိုးရရဲ့ ထောက်ပံ့ငွေ၊ တစ်နည်း ပြည်သူ့ငွေ ကျပ် ဘီလျံ ၂၀ လောက်ကို အသုံးပြုပြီး ရန်ကုန်တိုင်း အစိုးရအဖွဲ့နဲ့ အာဏာပိုင်တွေကို ကိုယ်ကျိုးရှာခိုင်းလိုက်တာနဲ့ အတူတူပါပဲ။ ပြောရရင် ဈေးကွက် စီးပွားရေး စနစ်အရ မစို့မပို့ အကောင်အထည်ဖော်၊ နောက်တော့ အဂတိလိုက်စားပြီး ကိုယ့်လူကိုယ် အခွင့်အရေးပေး ဆိုတာမျိုး ရှေ့ပိုင်းမှာ သာဓက အမြောက်အများ ရှိခဲ့လို့ပါပဲ။ အထူးသဖြင့် ပြည်သူ့ဘဏ္ဍာငွေသုံးပြီး အာဏာပိုင်တွေ ကိုယ်ကျိုး လုပ်ခဲ့ကြတာမျိုးပါ။

တကယ့်တကယ် ဖြစ်သင့်တာက အစိုးရကနေ မြေနေရာ ရှာဖွေပေး၊ စိုက်ထုတ်၊ ကိုယ်လို ချင်တဲ့ အနေအထား ပြောပြီး သင့်တင့်တဲ့ ဈေးနှုန်းနဲ့ ဆောက်မယ့်၊ အကောင်အထည် ဖော်မယ့် ဆောက်လုပ်ရေး လုပ်ငန်းတွေကို ဈေးပြိုင်တင်ဒါခေါ်ပြီး တိုက်ခန်း အရည်အတွက် အမြောက်အများ အကောင်အထည် ဖော်ဖို့ပါပဲ။ သိပ်မကြာသေးခင်တုန်းက တော်ဝင် ကုမ္ပဏီ ဆိုရင် အစိုးရကသာ မြေနေရာပေး၊ သူတို့အနေနဲ့ အိမ်ယာတိုက်ခန်း အရည်အတွက် သိန်းနဲ့ချီ အကောင်အထည် ဖော်နိုင် တယ်လို့ ပြောဆိုထားပြီးပါပြီ။ တော်ဝင် ဆောက်လုပ်ရေး ကုမ္ပဏီလို အလားတူ အပြိုင်အဆိုင် လုပ်ကိုင်ချင်တဲ့ ကုမ္ပဏီတွေ အများကြီး ရှိပါတယ်။

ပြောရရင် သမ္မတ ဦးသိန်းစိန် လက်ထက်မှာ ပြည်သူလူထုရဲ့ အဓိက လိုအပ်ချက်ဖြစ်တဲ့ အလုပ်အကိုင် အခွင့်အလမ်း ဖော်ထုတ်ရေး၊ နေစရာ အိမ်ယာတွေ ဖော်ထုတ်ပေးရေး စတဲ့ လုပ်ငန်း တွေမှာ မအောင်မြင်ခဲ့ပါဘူး။ အဓိကကတော့ စီမံခန့်ခွဲမှု လိုအပ်ချက်ရှိတာ၊ ဌာနဆိုင်ရာ တာဝန်ရှိသူ တွေကလည်း သူတို့ အကျိုးမရှိတာ ဘာမှ မလုပ်ချင်တာ စတဲ့ အကြောင်းတွေကြောင့် ဖြစ်ပါတယ်။ အထက်က တင်ပြခဲ့သလို အစိုးရကသာ အိမ်ယာ တိုက်ခန်း ဖော်ထုတ်ရေးကိစ္စ တကယ် အကောင်အ ထည် ဖော်ချင်တယ် ဆိုရင် နိုင်ငံတကာ ပုံစံ မြေနေရာနဲ့ အခြေခံ အဆောက်အဦကို အစိုးရဘတ်ဂျက် ကနေ သုံးစွဲ၊ ဆောက်လုပ်ရေး တိုက်ခန်း ရောင်းချရေး လုပ်ငန်းတွေကို တင်ဒါအပြိုင်စနစ်နဲ့ ပွင့်ပွင့် လင်းလင်း အကောင်အထည်ဖော်စေရင် အိမ်ယာ တိုက်ခန်း အများအပြား ပေါ်ပေါက်လာနိုင်မှာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly