ကျောက်ဆည်မြို့နယ် ပေါင်လောင်ကြီးရွာသားများကို ပျူစောထီးများ ခြိမ်းခြောက်၍ မီတာခ ဆောင်ခိုင်းနေ 

ကျောက်ဆည်မြို့နယ် ပေါင်လောင်ကြီးရွာသားများကို ပျူစောထီးများ ခြိမ်းခြောက်၍ မီတာခ ဆောင်ခိုင်းနေ 

ဇန်နဝါရီလ ၁၂ ရက်

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ် ပေါင်လောင်ကြီးရွာ၌ ပျူစောထီးအဖွဲ့က  ရွာခံများကို မီတာခ ပေးဆောင်ရန်နှင့် မဆောင်ပါက စစ်တပ်ကို တပ်စွဲခိုင်းမည်ဟု ဖိအားပေး ခြိမ်းခြောက် နေကြောင်း ဒေသခံများထံက သိရသည်။ 

‘’ ဒီနေ့ ဇန်နဝါရီလ ၁၂ ရက် မနက်က ပျူအဖွဲ့က ကျွန်မတို့ရွာကို အစည်းအဝေးခေါ်ပြီး မီတာဆောင်ဖို့ ပြောတယ်။ အရင်က ရွာမှာ ကိုယ်ထူကိုယ်ထ လူ ၅၀ မတည် ၀ယ်ထားတဲ့ ထရန်စဖော်မာပုံးကို ၀ယ်ကြေးပြန်ပေးပါ။ မီးဖျက်လည်း မထူးဘူး၊ ဒို့အမေလာမှ မီတာဆောင်မယ် ပြောလိုက်တာ။ မဖြစ်နိုင်တာ မပြောနဲ့  မဆောင်ရင် စစ်တပ်ခေါ်ပြီး တပ်စွဲခိုင်းမယ် ခြိမ်းခြောက်တယ်" ဟု ဒေသခံ တစ်ဦးက  ပြောသည်။ 

အဆိုပါ ကျေးရွာကို မီတာခဆောင်ရန် စစ်တပ် ထောက်ခံသူများနှင့် ပျူစောထီး အဖွဲ့၀င်များက ပြီးခဲ့သည့်နှစ် ဇူလိုင်လ ကတည်းက ဖိအားပေးခဲ့ခြင်း ဖြစ်ပြီး နေအိမ် ၁၅ လုံးကသာ ပေးဆောင် ခဲ့ကြောင်း ၎င်းက ပြောသည်။ 

ထို့ပြင်  လင်းစု၊ တန်ရွာ၊‌ ပေါင်လောင်ကြီး ရွာများသို့ သွယ်တန်းထားသည့် လျှပ်စစ်မီးကြိုးများကို ပြီးခဲ့သည့် ဒီဇင်ဘာလကုန် ကတည်းက ဖြတ်တောက် ခဲ့ကြောင်း ဒေသခံ တစ်ဦးက မဇ္ဈိမကို ပြောသည်။ 

"ကျွန်မတို့ တစ်ရွာလုံး နီးနီး အာဏာသိမ်းပြီးကတည်းက မီတာ မဆောင်ကြတာ။ ခုနစ် လပိုင်း တုန်းကလည်း ဆောင်တာ လူနည်းတယ်။ အဲ့ဒီနောက်ပိုင်း ဘယ်သူမှ မဆောင်ကြတော့လို့ ၁၂ လပိုင်း လောက်က ပျူတွေက ရဲနှစ်ယောက် ခေါ်ပြီး  မီးကြိုးတွေ  ဖြတ်ခိုင်းတယ်။ မနေ့ညကတော့ ဆောင်တဲ့အိမ်  နည်းနည်းလောက် မီးလင်းပြီး‌ မဆောင်တဲ့အိမ်တွေ မီးကြိုးဖြတ်ထားတယ် “ ဟု ၎င်းက ပြောသည်။ 

အဆိုပါ အိမ်ခြေ ၃၅၀ ရှိသည့် ကျေးရွာတွင် မီးဖြတ်ထားသည်မှာ ရက်သတ္တပတ် တစ်ပတ်ကျော် ကြာမြင့်နေပြီ ဖြစ်၍ ဆိုလာပြားများသာ အသုံးပြုနေရကြောင်း သိရသည်။ 

အဆိုပါရွာကို ခြိမ်း‌ခြောက်သည့် ပျူစောထီးအဖွဲ့၀င် ရှစ်ဦးသည် ရွာထိပ်တွင် တပ်စွဲထားသည့် အကြမ်းဖက် စစ်ကောင်စီကို ရွာထဲသို့ တပ်စွဲခိုင်းမည်ဟု ခြိမ်းခြောက် နေခြင်းကြောင့် ဒေသတွင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက အရေးယူပေးရန် တောင်းဆိုသည်ဟု ဒေသခံရွာသားများက မဇ္ဈိမသတင်းဌာနကို ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required