ကမ္ဘောဒီးယားရဲ့ မြေမြှုပ်မိုင်းရှာပေးတဲ့ သူရဲကောင်းကြွက် သေဆုံး

ကမ္ဘောဒီးယားရဲ့ မြေမြှုပ်မိုင်းရှာပေးတဲ့ သူရဲကောင်းကြွက် သေဆုံး
Photo - AFP

ဇန်နဝါရီလ ၁၂ ရက်

ကမ္ဘောဒီးယားနိုင်ငံရဲ့ ကျေးလက်ဒေသမှာ မြေမြှုပ်မိုင်းတွေကို ရဲဝံ့စွာ အနံ့ခံ ရှာဖွေပေးမှုအတွက် ရွှေတံဆိပ်ဆု ချီးမြှင့်ခံထားခဲ့ရတဲ့ မာဂါဝါ အမည်ရ မိုင်းရှာကြွက်တစ်ကောင်ဟာ ယခုအခါ သေဆုံးသွားပြီဖြစ်တယ်လို့ အဆိုပါ ကြွက်ကို လေ့ကျင့်ပေးထားတဲ့ အဖွဲ့က ဇန်နဝါရီ ၁၁ ရက်မှာ ပြောပါတယ်။

တန်ဇန်နီးယားဇာတိ ဖြစ်ပြီး အာဖရိကမျိုးနွယ်ဖြစ်တဲ့ မာဂါဝါ ဟာ ၎င်းရဲ့ မိုင်းရှာသက်တမ်းတလျှောက် ဘောလုံးကွင်း ၄၂ ကွင်းစာနဲ့ ညီမျှတဲ့ မြေဧရိယာ စတုရန်းမီတာ ၂၂၅,၀၀၀ ခန့်မှာ မပေါက်ကွဲသေးတဲ့ မိုင်းတွေကို ကူညီရှာဖွေ ရှင်းလင်းပေးခဲ့တာဖြစ်ပါတယ်။

မြေမြှုပ်မိုင်းတွေနဲ့ အခြား ဖောက်ခွဲရေးပစ္စည်း ၁၀၀ ကျော်ကို ရှာဖွေထောက်လှမ်းပေးခဲ့ပြီးနောက် ကြွက်ကလေး မာဂါဝါဟာ ယမန်နှစ် ဇွန်လက အငြိမ်းစားယူခဲ့ပါတယ်။

မာဂါဝါဟာ ယခုသီတင်းပတ်ကုန်မှာ အသက် ၈ နှစ်အရွယ်နဲ့ ငြိမ်းငြိမ်းချမ်းချမ်း သေဆုံးသွားတာဖြစ်တယ်လို့ ၎င်းကို လေ့ကျင့်ပေးခဲ့တဲ့ ဘယ်လ်ဂျီယံ ပရဟိတအသင်းအဖွဲ့ဖြစ်တဲ့ APOPO က ပြောပါတယ်။

ကြွက်ကလေး မာဂါဝါ သေဆုံးသွားမှုအတွက် ဝမ်းနည်းကြောင်းနဲ့ ၎င်းလုပ်ဆောင်ခဲ့တဲ့ မယုံကြည်နိုင်လောက်တဲ့ လုပ်ဆောင်ချက်တွေကို ကျေးဇူးတင်ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

မာဂါဝါဟာ ပြီးခဲ့တဲ့ အပတ်က ကျန်းမာရေးကောင်းနေသေးပြီး အချိန်အများစုမှာ တက်တက်ကြွကြွနဲ့ ဆော့ကစားနေခဲ့တယ်လို့ သိရပါတယ်။

ဒါပေမယ့် သီတင်းပတ်ကုန်ပိုင်းမှာ ၎င်းဟာ နှေးကွေးလာပြီး အချိန်အများအပြား အိပ်စက်နေခဲ့ကာ နောက်ဆုံးရက်တွေအတွင်း အစာ စားချင်စိတ်တောင် မပြတော့ဘူးလို့ APOPO က ပြောပါတယ်။

မာဂါဝါဟာ ၎င်းရဲ့ အံ့သြဖွယ် အနံ့ခံအာရုံကို သုံးပြီးနောက် မြေကြီးကို ကုတ်ခြစ်ပြီး မိုင်းရှင်းလင်းရေးသမားတွေကို အချက်ပြအသိပေးတတ်တယ်လို့ သိရပါတယ်။

ကြွက်ကလေး မာဂါဝါဟာ တင်းနစ်ကွင်းအရွယ်အစား ဧရိယာတစ်ခုကို နာရီဝက်အတွင်း ရှာနိုင်စွမ်း ရှိပြီး ယင်းဟာ သမားရိုးကျ မိုင်းရှာစက်တစ်ခု သုံးပြီး လုပ်မယ်ဆိုပါက အချိန်လေးရက်လောက် ယူရလိမ့်မယ်လို့ သိရပါတယ်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required