ရှင်ကျန်းတက္ကသိုလ်များတွင် အမေရိကန်ဆန့်ကျင်ရေး လှုပ်ရှားမှုများကို တရုတ်အစိုးရက အရှိန်မြှင့်လုပ်ဆောင်

ရှင်ကျန်းတက္ကသိုလ်များတွင် အမေရိကန်ဆန့်ကျင်ရေး လှုပ်ရှားမှုများကို တရုတ်အစိုးရက အရှိန်မြှင့်လုပ်ဆောင်

လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ဝီဂါလူနည်းစုများကို ပစ်မှတ်ထားသည့် လူမျိုးတုံး သတ်ဖြတ်မှုဆိုင်ရာမူဝါဒများကို ရှုတ်ချခြင်းအတွက် တရုတ်အစိုးရက အမေရိကန်ဦးဆောင်သော အနောက်နိုင်ငံများကို ဦးတည်ကာ အနောက်ဘက်စွန်း ရှင်ကျန်းဒေသတွင် အကြီးအကျယ် ဝါဒဖြန့်လှုပ်ရှားမှုကို စတင်လျက်ရှိသည်။

အာဏာပိုင်များသည် ဒီဇင်ဘာလလယ်က မွတ်စလင်ဝီဂါအများစုနေထိုင်ရာ လူဦးရေ ၁၂ သန်းရှိ ရှင်ကျန်း ဝီဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ တက္ကသိုလ်များမှ ဆရာများနှင့် ကျောင်းသားများအား ဝါဒဖြန့်မှုတွင် ပါဝင်ရန် စတင်စည်းရုံးခဲ့ကြောင်း တရုတ်အစိုးရပိုင် မီဒီယာများတွင် ဖော်ပြခဲ့သည်။

အဆိုပါတက္ကသိုလ်များတွင် ရှင်ကျန်းတက္ကသိုလ်၊ ရှင်ကျန်းဆေးတက္ကသိုလ်၊ ရှင်ကျန်းစံပြတက္ကသိုလ်နှင့် ကက်ရှ်ဂါတက္ကသိုလ်တို့မှ ဆရာ/ဆရာမများနှင့် ကျောင်းသားများ ပါဝင်သည်။

ရှင်ကျန်း၌ လူမျိုးတုံးသတ်ဖြတ်မှုနှင့် ဝီဂါများအားအဓမ္မအလုပ်ခိုင်းစေမှုဆိုင်ရာ စွဲချက်များကို တက္ကသိုလ်များ၏ အစည်းအဝေးများနှင့် ဆွေးနွေးမှုများတွင် ပယ်ချရန် အာဏာပိုင်များက ကြိုးပမ်းနေကြောင်း မီဒီယာများက ဖော်ပြသည်။

အမေရိကန်၏ လမ်းညွှန်မှုအောက်ရှိ အနောက်နိုင်ငံများနှင့် နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့များကို တရုတ်ဆန့်ကျင်ရေးတပ်ဖွဲ့များ ဟု တံဆိပ်ကပ်ကာ တိုက်ခိုက်ခဲ့ကြသည်။

သက်သေခံချက်ပေးခဲ့သည့် ဆရာ/ဆရာမများနှင့် ကျောင်းသားများကအမေရိကန်သည် လူမျိုးတုံးသတ်ဖြတ်မှုနှင့် အဓမ္မအလုပ်ခိုင်းစေမှုဟူသော အတုအယောင်စွပ်စွဲချက်များကို လုပ်ကြံပြောဆိုရာတွင် အခြားသော အနောက်အင်အားကြီးနိုင်ငံများကို ဦးဆောင်လျက်ရှိသည်ဟူသောအချက်ကို ၎င်းတို့၏ မိန့်ခွန်းများတွင် ပြောကြားခဲ့ကြောင်း မီဒီယာများက ဖော်ပြသည်။

ရှင်ကျန်းရှိ တိုင်းရင်းသားလူမျိုးစုအားလုံးမှ လူများသည် တရုတ်ကွန်မြူနစ်ပါတီ၏ ဦးဆောင်မှုအောက်တွင် တန်းတူညီမျှသော အလုပ်အကိုင်အခွင့်အလမ်းများကို ခံစားကြပြီး ပျော်ရွှင်စွာ နေထိုင်လျက်ရှိသည် ဟုလည်း ပြောဆိုကြသည်။

ရှင်ကျန်းရှိ ဝီဂါနှင့် အခြားသော တာကစ် လူနည်းစုများအပေါ် တရုတ်၏ ညှင်းပန်းနှိပ်စက်မှုသည် လူမျိုးတုံးသတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုမြောက်ကြောင်း အမေရိကန်နှင့် ဥရောပနိုင်ငံအချို့၏ ဥပဒေပြုလွှတ်တော်များက ကြေညာထားသည်။ ဖိနှိပ်မှုများအတွက် တာဝန်ရှိသည်ဟု ယူဆခံရသူများအပေါ်ကိုလည်း ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုများ ချမှတ်ထားသည်။

ယင်းကဲ့သို့ ကြေညာပြီးနောက်ပိုင်း အမေရိကန်ဦးဆောင်သော အနောက်ဒီမိုကရေစီနိုင်ငံများကို ပစ်မှတ်ထားသည့် ဝါဒဖြန့်လှုပ်ရှားမှုသည် ပို၍အားကောင်းလာသည်ဟု လေ့လာသူများနှင့် ဝီဂါအခွင့်အရေးလှုပ်ရှားသူများက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly