ရှင်ကျန်းဒေသထုတ်ကုန်ပစ္စည်းအားလုံးကို အပလီကေးရှင်းမှ ဖယ်ရှားသည့်အတွက် Walmart ကုမ္ပဏီကို တရုတ်က ပြစ်တင်ဝေဖန်

ရှင်ကျန်းဒေသထုတ်ကုန်ပစ္စည်းအားလုံးကို အပလီကေးရှင်းမှ ဖယ်ရှားသည့်အတွက် Walmart ကုမ္ပဏီကို တရုတ်က ပြစ်တင်ဝေဖန်

အမေရိကန်လက်လီဖြန့်ချိရေးလုပ်ငန်း Sam's Club သည် ပြည်တွင်း၌ ကုန်ပစ္စည်းများ ရောင်းချသည့် ၎င်း၏ အက်ပလီကေးရှင်းမှ ရှင်ကျန်း ဒေသထွက်ထုတ်ကုန်အားလုံးကို ဖယ်ရှားလိုက်သည့် လုပ်ရပ်အပေါ် ယင်းလုပ်ငန်းကို ပိုင်ဆိုင်သော နိုင်ငံပေါင်းစုံ၌ အရောင်းလုပ်ငန်းများ လုပ်ဆောင်သည့် Walmart ကုမ္ပဏီအား တရုတ်က ပြစ်တင်ရှုတ်ချလိုက်သည်။

တရုတ်လူမှုမီဒီယာပေါ်တွင် ဝေဖန်မှုများ ထွက်ပေါ်လာခဲ့ပြီး တရုတ်ထိပ်တန်း လာဘ်စားမှုတိုက်ဖျက်ရေး အေဂျင်စီက Sam's Club သည် တာဝန်မဲ့ပြီး အမြင်မကျယ်ဟုဆိုကာ ဇန်နဝါရီ ၁ ရက်က စွပ်စွဲ လိုက်သည်။

"အကြောင်းပြချက်ကောင်းမရှိဘဲ ဒေသတစ်ခုက ကုန်ပစ္စည်းအားလုံးကို ဖယ်ရှားလိုက်တာဟာ ပုန်းလျှိုးဝှက်လျှိုးအစီအစဉ်တစ်ခုကို ဖုံးအုပ်ထားတာပါ။ Sam's Club က သူတစ်ပါးအပေါ် ဗိုလ်ကျစော်ကားခဲ့တဲ့အတိုင်း ပြန်ခံစားရမှာပါ" ဟု အာဏာရကွန်မြူနစ်ပါတီ၏ စည်းကမ်းစစ်ဆေးရေးဗဟိုကော်မရှင် (CCDI) က ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့သည်။

Sam's Club အက်ပလီကေးရှင်းတွင် ရှင်ကျန်းဒေသထုတ်ကုန်ပစ္စည်းများကို ရှာမတွေ့ကြောင်း တရုတ်အသုံးပြုသူအချို့က လူမှုမီဒီယာတွင် ရေးတင်ခဲ့ကြသည့် ယခင်လကနှောင်းပိုင်းမှစတင်၍ အဆိုပါ ပြဿနာ စတင်ခဲ့ကြောင်း CNN သတင်းတွင် ဖော်ပြသည်။

အဓမ္မအလုပ်ခိုင်းစေမှုကြောင့် ရှင်ကျန်းမှပြုလုပ်သော ကုန်ပစ္စည်းများ တင်သွင်းမှုကို ထိထိရောက်ရောက် တားမြစ်ပိတ်ပင်သည့် ဥပဒေသစ်တစ်ရပ်ကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က မကြာသေးမီက လက်မှတ် ရေးထိုးထားသည်။

"ရှန်ကျင်းဒေသရဲ့ နာမည်ကြီး အနီရောင် စွန်ပလွံသီး၊ စပျစ်သီးခြောက်တွေနဲ့ ပန်းသီးတွေ အပါအဝင် Sam's Club မှာ ဝယ်နေကျ အဲဒီဒေသက အစားအသောက် ထုတ်ကုန်တွေ တစ်ခုမှ ရှာမတွေ့တော့ဘူး” ဟု တရုတ်ရုပ်ရှင်ဝေဖန်ရေးနဲ့ လူမှုကွန်ရက်စာမျက်နှာတစ်ခုဖြစ်သော Douban.com ၏ သရေစာဆွေးနွေးပွဲစကားဝိုင်းတွင် ဒီဇင်ဘာ ၂၂ ရက်က ပို့စ်တင်ရေးသားခဲ့သည်ဟု CNN က ဖော်ပြထားသည်။

ပြီးခဲ့သည့်သီတင်းပတ်အတွင်း Sam's Club အားဖုန်းဖြင့် ဆက်သွယ်ကြည့်ရာ ဖောက်သည်ဝန်ဆောင်မှုကိုယ်စားလှယ်တစ်ဦးက ရှင်ကျန်းရင်းမြစ်ထုတ်ကုန်များကို သိုလှောင်မှု အခြေအနေကြောင့် မရရှိနိုင်ကြောင်းနှင့် လက်ရှိတွင် စတိုးဆိုင်များသည် သုံးစွဲသူများ ရွေးချယ်ဝယ်နိုင်စေရန် အလားတူကုန်ပစ္စည်းအချို့ကို တင်ရောင်းပေးမည်ဖြစ်ကြောင်း CNN Business သို့ ဖြေကြားခဲ့ပြီး အသေးစိတ်ကိုမူ ပြောကြားခြင်းမရှိပေ။

အခြားအနောက်တိုင်း ကုမ္ပဏီအချို့ကဲ့သို့ပင် Walmart သည်လည်း ရှင်ကျန်း လူ့အခွင့်အရေးဆိုင်ရာ အငြင်းပွားမှုနှင့်ပတ်သက်၍ အကျဉ်းအကျပ် ထဲရောက်နေသည်။

ရှင်ကျန်းတွင် ဝီဂါနှင့် အခြားမွတ်စလင်လူနည်းစု ၂ သန်းခန့်ကို ဒေသတွင်းရှိ ထိန်းသိမ်းရေးစခန်းများတွင် ထားရှိသည်ဟု ယုံကြည်ရကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

တရုတ်သည် အစိုးရများ သို့မဟုတ် ရင်းနှီးမြုပ်နှံသူများထံမှ ဖိအားများနှင့် ရင်ဆိုင်ရပြီးနောက် ရှင်ကျန်းနှင့် ဆက်ဆံရေးဖြတ်တောက်နေသည့် အနောက်အုပ်စုကုမ္ပဏီများကိုလည်း ဝေဖန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly