ကိုလုံးမြို့တိုက်ခိုက်မှု သံသယရှိသူများတွင် ဒုက္ခသည် ၁၈ ဦးပါဟု ဂျာမနီအရာရှိပြောကြား

ကိုလုံးမြို့တိုက်ခိုက်မှု သံသယရှိသူများတွင် ဒုက္ခသည် ၁၈ ဦးပါဟု ဂျာမနီအရာရှိပြောကြား

ဘာလင်၊ ဇန်နဝါရီ ၉ ။              ။ နှစ်သစ်ကူးအကြိုနေ့က ဂျာမနီနိုင်ငံ ကိုလုံးမြို့တွင် ဖြစ်ပွားသော အကြမ်းဖက်တိုက်ခိုက်မှု သံသယရှိသူများတွင် ဒုက္ခသည်များပါဝင်နေသည်ဟု အရာရှိများက ဇန်နဝါရီ ၈တွင် ပြောကြားလိုက်ရာ ရွှေ့ပြောင်းအခြေချသူထောင်ပေါင်းများစွာကို ဂျာမနီက လက်ခံကြိုဆိုနေမှုနှင့် ပတ်သက်၍ အခြေအတင်ပြောဆိုမှုမှာ ပြင်းထန်လာသည်။

မြို့၏ Gothic Cathedral အမြွာအဆောက်အဦအနီး နှစ်သစ်ကူးအကြို ပျော်ပွဲကျင်းပသူများစုဝေးစဉ် အမျိုးသားအုပ်စုများသည် အမျိုးသမီး ၁၂၁ ဦးကို လုယက်ခြင်း၊ ခြိမ်းခြောက်ခြင်းနှင့် လိင်ပိုင်းအနိုင်ကျင့်မှုများပြုလုပ်ခဲ့ကြသည်ဟု သတင်းဖြစ်ပေါ်ခဲ့သည်။

ယင်းသို့ ကျူးလွန်မှုများကြောင့် ဂျာမနီလူမျိုးများမှာ ထိတ်လန့်သွားခဲ့ပြီး ပြစ်မှုကျူးလွန်သော ရွှေ့ပြောင်းအခြေချသူများကို နှိမ်နင်းပါမည်ဟု အာဏာရအဖွဲ့အစည်းများက ကတိပြုခဲ့ရသည်။

တိုက်ခိုက်မှုများတွင် ပါဝင်သည်ဟု သံသယရှိသည့် မြောက်အာဖရိကနွယ်ဖွား အသက် ၁၆ နှစ်နှင့် ၂၃နှစ်အရွယ် အမျိုးသားနှစ်ဦးကို ဖမ်းဆီးထားကြောင်း ကိုလုံးရဲတပ်ဖွဲ့က   ပြောသည်။ နောက်ထပ်အသေးစိတ်အချက်အလက်များကိုမူ ပြောခွင့်ရအမျိုးသမီးက မပြောကြားပေ။

သီးခြားအနေဖြင့် အကြမ်းဖက်မှုတွင် ပါဝင်သည်ဟု သံသယရှိသူ ၃၁ ဦးကို ပြည်ထောင်စုရဲတပ်ဖွဲ့က ဖော်ထုတ်နိုင်ခဲ့ပြီး ၎င်းတို့အနက် ၁၈ ဦးမှာ ဂျာမနီတွင် ခိုလှုံခွင့်ရရှိရေး ကြိုးပမ်းနေသည့် လုပ်ငန်းစဉ်တွင် ရှိနေသည့် ဒုက္ခသည်များဖြစ်သည်ဟု ပြည်ထဲရေးဝန်ကြီးဋ္ဌာနပြောခွင့်ရအမျိုးသား တိုဘီယက်စ်ပလိတ်က သတင်းစာရှင်လင်းပွဲတွင် ပြောသည်။

ပြစ်မှု ၃၂မှုတွင် အများစုမှာ ခိုးမှုနှင့် ခန္ဓာကိုယ်နာကျင်စေမှုတို့ဖြစ်သည်ဟု ပလိတ်ကပြောသည်။ ထို့အပြင် လိင်ပိုင်းဆိုင်ရာပြစ်မှုမှာ သုံးခုရှိပြီး ယင်းအမှုများအတွက် သံသယရှိသူကို မဖော်ထုတ်ရသေးဟု သိရသည်။ သံသယရှိသူ ၃၁ ဦးအနက် ၉ ဦးမှာ အယ်လ်ဂျီးရီးယား၊ ဂ ဦးမှာ မော်ရိုကို၊ ၅ဦးမှာ အီရန်နှင့် ၄ ဦးမှာ ဆီးရီးယားလူမျိုးများဖြစ်သည်။ ထို့အပြင် ဂျာမန် ၂ဦးနှင့် အီရတ် ၁ ဦး၊ ဆာဗီးယား ၁ဦးနှင့် အမေရိကန်နိုင်ငံသား ၁ဦးလည်းပါဝင်သည်ဟု သိရသည်။

အဆိုပါ သံသယရှိသူ ၃၁ ဦးအနက် မည်မျှကို တရားစွဲထားသည်နှင့် ပတ်သက်၍ မပြောကြားဘဲ စုံစမ်းစစ်ဆေးမှုပြုလုပ်နေကြောင်းသာ ပြောကြားခဲ့သည်။ ပြစ်မှုကျူးလွန်သော ဒုက္ခသည်များကို ထိရောက်သည့် ပြစ်ဒဏ်များ ချမှတ်ရန် ဝန်ကြီးချုပ် အိန်ဂျလာမာကယ်၏ CDU ပါတီက တောင်းဆိုထားသည်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly