ထိုင်းနိုင်ငံသို့ တရားမဝင် တင်ပို့သည့် မြန်မာ ရော်ဘာ ကီလို ၄၀၀၀ ဖမ်းဆီးခံရ

By ကိုရွှေမြိတ်
11 January 2022
ထိုင်းနိုင်ငံသို့ တရားမဝင် တင်ပို့သည့် မြန်မာ ရော်ဘာ ကီလို ၄၀၀၀ ဖမ်းဆီးခံရ

ဇန်နဝါရီ ၁၁

ထိုင်းနိုင်ငံသို့ တရားမဝင် တင်ပို့သည့် မြန်မာ ရော်ဘာ အလေးချိန် ကီလို ၄၀၀၀ ခန့်ကို ဇန်နဝါရီလ ၉ ရက်နေ့တွင် ထိုင်းရေတပ် အထူးစစ်ဆင်ရေး အဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းတွင် ဖော်ပြသည်။

အဆိုပါ မြန်မာရော်ဘာ ကုန်ကြမ်း အလေးချိန် ၄၀၀၀ ကီလိုခန့်သည် မြန်မာဘက်ခြမ်း ကော့သောင်း နယ်စပ်ဂိတ်မှ တစ်ဆင့် ရေလမ်းနှင့် ကုန်းလမ်းဖြင့် ထိုင်းနိုင်ငံ ရနောင်းခရိုင်၊ ဘန်းယိုင်ခရိုင်နှင့် ဘန်းယိုင်ခရိုင်သို့ တင်ပို့ ရောင်းချရန် ပို့ဆောင်စဉ် ထိုင်း အာဏာပိုင်များက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

တရားမဝင် မြန်မာ ရော်ဘာများ ထိုင်းနိုင်ငံ ခရိုင် သုံးခုတွင် တစ်ရက်တည်း အလေးချိန် ၁၃၀၀ ကီလိုဂရမ်၊ ၇၀၀ ကီလိုဂရမ်နှင့် ၂၀၀၀ ကီလိုဂရမ် စုစုပေါင်း ၄၀၀၀ ကီလိုဂရမ်တို့ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ဖမ်းမိသည့် ရော်ဘာ ကုန်ကြမ်းများကို ရနောင်း အကောက်ခွန်ဂိတ်သို့ ပို့ဆောင်ကာ တရားမဝင် တင်ပို့သူများအား တရားစွဲဆိုရန် ပြင်ဆင်နေကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် Covid-19 ကူးစက်ရောဂါကြောင့် ရော်ဘာ လက်အိတ် စက်ရုံများက အများအပြား ဝယ်ယူနေရာ ဈေးကောင်းရရှိသည့် အတွက် မြန်မာဘက်မှ ရော်ဘာကုန်ကြမ်းများ တရားမဝင် တင်ပို့နေခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly