မန္တလေးတွင် ဒလန်ဟုဆိုသူ နေအိမ် ဗုံးပစ်ခံရပြီး လာရောက်စစ်ဆေးသည့် စစ်ကောင်စီတပ် မိုင်းဆွဲခံရ

မန္တလေးတွင် ဒလန်ဟုဆိုသူ နေအိမ် ဗုံးပစ်ခံရပြီး လာရောက်စစ်ဆေးသည့် စစ်ကောင်စီတပ် မိုင်းဆွဲခံရ

ဇန်နဝါရီ ၁၀

မန္တလေးမြို့တွင် ယနေ့ ဇန်နဝါရီလ ၁၀ ရက် နံနက်ပိုင်းက ဒလန်ဟုဆိုသူ နေအိမ် ဗုံးပစ်ခံရပြီးနောက် လာရောက် စစ်ဆေးသည့် စစ်ကောင်စီတပ်ဖွဲ့ မိုင်းဆွဲ တိုက်ခိုက်ခံရရာ ထိခိုက်ပျက်စီးမှုများ ရှိခဲ့ကြောင်း သတင်းရရှိသည်။

မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ် (စ)ရပ်ကွက်၊ ၅၈ လမ်းနှင့် ၁၂၇ လမ်းထောင့်အနီးရှိ စစ်တပ် သတင်းပေး ဒလန်ဆိုသူ၏ နေအိမ် ဗုံးပစ်ခံရပြီးနောက် လာရောက် စစ်ဆေးသည့် စစ်ကောင်စီ လက်နက်ကိုင်တပ် မိုင်းဆွဲ တိုက်ခိုက်ခံရခြင်း ဖြစ်သည်။

"မနက် ၇ နာရီလောက်က၊ (စ) ဈေးနားက ဒလန်အုပ်ကြီး အောင်စိန် အိမ်ဗုံးပစ်ခံရတာပါ၊ သူ့အိမ်ခေါင်မိုးပေါ် ဗုံးပေါက်တယ်၊ ထိတာခိုက်တာတော့ မရှိဘူး၊ အဲဒါကို စစ်သားတွေ ကားနဲ့ရောက်လာပြီး လာစစ်တာ၊ အဲဒီအချိန် နောက်တစ်လုံး ထပ်အုံးတာပါ၊ စစ်သားတွေ စီးလာတဲ့ ကားတစ်စီး ပျက်စီးတယ်၊ စစ်သားတွေထဲ ထိတာလည်းရှိတယ်" လို့ ပြည်ကြီးတံခွန်မြို့နယ် စက်မှုမြို့သစ် ဒေသခံတစ်ဦးက ပြောသည်။

ဗုံးပစ်ခံရသည့် နေအိမ်တွင် နေထိုင်သော ဦးအောင်စိန်သည် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီဝင်ဖြစ်ပြီး၊ စစ်ကောင်စီခန့် ရပ်ကွက် အကွက်မှူးလည်း ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

ယင်းပေါက်ကွဲမှုများကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေနှင့် ပတ်သက်၍ လတ်တလော အသေးစိတ် မသိရသေးဘဲ၊ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တစ်ခုဖြစ်သည့် Dragon Warrior အဖွဲ့က “စက်မှု(၁) ဘက်က ပျူစောထီး ဒလန်အိမ်ကို၊ စောစောစီးစီး နာနတ်သီး ကျွေးပေးလိုက်တယ်။ နာနတ်သီး အပစ်ခံရတဲ့ ဒလန်အိမ်ကို စခကားနှစ်စီး လာတော့၊ မိုင်းထပ်ဆွဲပေးလိုက်တာ တစ်စီးထိသွားတယ်။ အသေအပျောက်တော့ မသိရသေးဘူး” ဟု ထုတ်ပြန်ထားသည်။

ဓာတ်ပုံ - မန္တလေးမြို့တွင်း ကင်းလှည့်နေသည့် စစ်ကောင်စီတပ်သားများ။ (ပုံဟောင်း)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly