လျှပ်စစ် မရရှိခြင်းကြောင့် အာဖဂန်နစ္စတန် ကန်ဒါဟာပြည်နယ်တွင် စက်ရုံအများအပြား ပိတ်ထားရ

လျှပ်စစ် မရရှိခြင်းကြောင့် အာဖဂန်နစ္စတန် ကန်ဒါဟာပြည်နယ်တွင် စက်ရုံအများအပြား ပိတ်ထားရ

အာဖဂန်နစ္စတန်နိုင်ငံတွင် လျှပ်စစ်ဓာတ်အားအကျပ်အတည်းနှင့် ကြုံနေရချိန်တွင် ကန်ဒါဟာ ပြည်နယ်ရှိ စက်ရုံ အများအပြားသည်လည်း လျှပ်စစ်မီး မရရှိခြင်းကြောင့် ပိတ်ထားခဲ့ရကြောင်း Pajhwok Afghan News က ဖော်ပြသည်။

သြဂုတ်လက တာလီဘန်တို့ ထိန်းချုပ်ပြီးနောက် လျှပ်စစ်ဓာတ်အားပေးရေး စီမံကိန်းအများအပြားသည် ပြီးခဲ့သည့် ၄လအတွင်း ရပ်ဆိုင်းထားခဲ့ရသည်။

ဓာတ်အားပေးလုပ်ငန်းများ ရပ်ဆိုင်းထားရခြင်း၏ အဓိကအကြောင်းရင်းသည် အာဖဂန်နစ္စတန်အတွက် အာရှဖွံ့ဖြိုးရေးဘဏ် ၊ ကမ္ဘာ့ဘဏ် နှင့် အမေရိကန် ဖွံ့ဖြိုးရေး အကူအညီဆိုင်ရာ ရန်ပုံငွေများ ရပ်ဆိုင်းထားခြင်းကြောင့် ဖြစ်ကြောင်း ယင်းနိုင်ငံ၏ အစိုးရပိုင် လျှပ်စစ်စွမ်းအင် ကုမ္ပဏီ Da Afghanistan Breshna Sherkat (DABS) မှ အရာရှိများက ပြောသည်။

အာဖဂန်နစ္စတန်သို့ တာ့ခ်မန်နစ္စတန်နိုင်ငံ၏ ၅၀၀ ကေဗွီ လျှပ်စစ်ဓာတ်အားလုပ်ငန်းသည် စီမံကိန်းများအနက် တစ်ခု ဖြစ်ပြီး ယင်းသည် တာ့ခ်မန်နစ္စတန် နယ်စပ်မှတဆင့် ရှီဘာဂန်မြို့၏ အကီနာ ဆိပ်ကမ်း၊ ထိုမှတဆင့် ခွန်ဒုဇ်၏ အယ်လ်ဗာဇွန် လွင်ပြင်နှင့် အပြီးသတ်တွင် ကဘူးလ်၏ အာဂန်ဒီ ခရိုင်သို့ လျှပ်စစ် ပို့လွှတ်ခြင်းဖြစ်သည်။

အဆိုပါ စီမံကိန်းတွင် လုပ်ငန်းများ၏ ၁၀ ရာခိုင်နှုန်းသာလျင် အပြီးသတ်ရန် ကျန်ရှိနေသည်။

" ကေဗွီ ၅၀၀ လိုင်း ပရောဂျက်ရဲ့ လုပ်ငန်း ၉၀ ရာခိုင်နှုန်းက ပြီးစီးနေပါပြီ။ အပြီးသတ်ဖို့ ၁၀ ရာခိုင်နှုန်းပဲ ကျန်နေပါတယ်။ တကယ်လို့ ADB က ဒါကို ခွင့်ပြုပေးမယ် ဆိုရင် လာမယ့် ၆လမှာ ဒီ စီမံကိန်းရဲ့ကျန်နေတဲ့ လုပ်ငန်း ၁၀ ရာခိုင်နှုန်းကို ကျွန်တော်တို့ လက်စသတ်နိုင်ပါတယ်" ဟု DABS ၏ အမှုဆောင်အရာရှိချုပ် ဆိုင်ဖီအူလာ အာမက်ဒ်ဇိုင်က ပြောခဲ့သည်။

သို့သော် ဥဇဘက်ကစ္စတန်သည် အာဖဂန်နစ္စတန်သို့ လျှပ်စစ် ပေးသွင်းမှု၏ ၅၀ ရာခိုင်နှုန်းနီးပါးကို ယာယီ လျှော့ချခဲ့သည့်အတွက် ကဘူးလ်အပါအဝင် အာဖဂန်၏ ပြည်နယ် ၁၅ ခု နီးပါးတွင် ဓာတ်အားပြတ်တောက်မှုများကိုဖြစ်စေခဲ့ကြောင်း မီဒီယာ သတင်းဖော်ပြချက်တစ်ခုအရ သိရသည်။

ဓာတ်အား ပို့လွှတ်မှု လျော့ကျခြင်းသည် ဥဇဘက်ကစ္စတန်တွင် နည်းပညာပြဿနာများ ဖြစ်နေသောကြောင့်ဟု စွမ်းအင်ကုမ္ပဏီ DABS က ကြေညာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly