နယ်စပ်တွင် အကောက်ခွန်ရှင်းလင်းရေးကို ပြန်လည်လုပ်ဆောင်ရန် ဗီယက်နမ်က တရုတ်ကို တိုက်တွန်း

နယ်စပ်တွင် အကောက်ခွန်ရှင်းလင်းရေးကို ပြန်လည်လုပ်ဆောင်ရန် ဗီယက်နမ်က တရုတ်ကို တိုက်တွန်း

တရုတ်နယ်စပ် ကွမ်ရှီးမြို့တွင် ကိုဗစ်-၁၉ ဆိုင်ရာ ကန့်သတ်မှုများကြောင့် ကုန်တင်ကားများ စုပြုံနေကာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးကို ထိခိုက်နေသဖြင့် အကောက်အခွန်ရှင်းလင်းရေး လုပ်ငန်းစဉ်များကို ပြန်လည်လုပ်ဆောင်ရန် ဗီယက်နမ်က တရုတ်အာဏာပိုင်များကို တိုက်တွန်းလိုက်သည်။

နှစ်နိုင်ငံ အရာရှိများသည် ဒီဇင်ဘာ ၂၁ ရက်က တွေ့ဆုံကာ အဆိုပါကိစ္စရပ်ကို အမြန်ဆုံး ဖြေရှင်းရေးအတွက် ဆွေးနွေးခဲ့ကြောင်း Vietnam News Agency (VNA) သတင်းဌာနက ဖော်ပြခဲ့သည်။

ကုန်တင်ကားများ စုပြုံနေသည့် ကိစ္စအား ဗီယက်နမ် စက်မှုနှင့် ကုန်သွယ်ရေး ဝန်ကြီးဌာန (MoIT) အောက်ရှိ အာရှ-အာဖရိက ဈေးကွက်ဌာန၊ မြောက်ပိုင်းနယ်စပ်ခရိုင်များဖြစ်သည့် လန်ဆောင်၊ ကွမ်နစ်၊ ကောင်ဘန်းနှင့် ကွမ်ရှီဒေသ ကူးသန်းရောင်းဝယ်ရေးဌာန တာဝန်ရှိသူများအကြား အွန်လိုင်းဆွေးနွေးပွဲတွင်လည်း သဘောထားအမြင်ဖလှယ်ခဲ့ကြရာတွင် နယ်စပ်ဂိတ်များ၌ အကောက်ခွန်ရှင်းလင်းရေး လုပ်ငန်းများကို ပြန်လည်စတင်ရန်နှင့် လုပ်ငန်းချိန်ကို တိုးမြှင့်ပေးရန် အကြံပြုခဲ့ကြသည်။

ကွမ်းရှီးတွင် ကိုဗစ်-၁၉ အသွားအလာကန့်သတ်မှုနှင့် ထိန်းချုပ်မှုများဖြစ်သည့် နယ်စပ်ဂိတ်များကို ရပ်ဆိုင်းထားခြင်း၊ သစ်သီးအချို့ကို တင်ပို့ခွင့် ပိတ်ပင်ထားခြင်းအကြောင်း ကုန်ပစ္စည်းတင်ပို့ရောင်းချသည့် လုပ်ငန်းစဉ်များကို ထိခိုက်စေကာ၊ နှစ်နိုင်ငံကုန်သွယ်ရေးကို ထိခိုက်စေပြီး နှစ်နိုင်ငံစလုံးမှ စီးပွားရေးနှင့် ပြည်သူများအတွက် နစ်နာစေကြောင်း MoIT က ဆွေးနွေးတင်ပြခဲ့သည်။

တရုတ်အစိုးရ တာဝန်ရှိသူများက နှစ်နိုင်ငံနယ်စပ်တာဝန်ရှိသူများအကြား ဆွေးနွေး သဘောတူညီချက်များကိုရယူကာ အကောက်ခွန်ရှင်းလင်းရေး လုပ်ငန်းအချိန်ကို တိုးမြှင့်ပေးသွားမည်ဟု ပြန်လည်ပြောကြားခဲ့သည်။

MoIT ဝန်ကြီး ငုယင်ဟောင်ဒန်းသည် ကုန်တင်ကားများ စုံပြုံနေခြင်းနှင့် ပတ်သက်၍ တရုတ်အာဏာပိုင်များနှင့် ဆွေးနွေးရန် ဗီယက်နမ်ကိုယ်စားလှယ်အဖွဲ့နှင့် သွားရောက်တွေ့ဆုံစေခဲ့သည်။

ကိုဗစ်-၁၉ ဆိုင်ရာ တင်းကျပ်သည့် ထိန်းချုပ်မှုများနှင့် နည်းပညာဆိုင်ရာ အခက်အခဲများကြောင်း ထောင်နှင့်ချီသည့် ဗီယက်နမ် ကွန်တိန်နာကားများသည် တရုတ်နှင့် နယ်စပ်တွင် ဒီဇင်ဘာလလယ်မှစတင်၍ စုံပြုံနေကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly