တရုတ်၏ ရင်းနှီးမြှုပ်နှံမှုအပေါ် ဆန္ဒပြကန့်ကွက်မှုက ပါကစ္စတန်အတွက် အရိပ်မဲ တစ်ခုဖြစ်နေ

တရုတ်၏ ရင်းနှီးမြှုပ်နှံမှုအပေါ် ဆန္ဒပြကန့်ကွက်မှုက ပါကစ္စတန်အတွက် အရိပ်မဲ တစ်ခုဖြစ်နေ

ပါကစ္စတန်အစိုးရက အမွှမ်းတင်နေသော်လည်း နိုင်ငံအနောက်တောင်ပိုင်း ဘလိုချီစတန် ကမ်းရိုးတန်းဒေသ ဂါဝါဒါမြို့မှ ဒေသခံများက ၎င်းတို့နယ်မြေအတွင်း တရုတ်စီမံကိန်းများ လာရောက်လုပ်ကိုင်ခြင်းသည် ဒေသခံတို့၏ ဘဝကို ကောင်းစွာ အထောက်အကူမပြုသည့်အပြင် ရေရှားပါးမှုနှင့် ၊အလုပ်အကိုင် အခက်အခဲတို့ကို ဖြစ်ပေါ်စေကြောင်း ကန့်ကွက်ပြောကြားသည်ဟု Dawn သတင်းစာတွင် ဖော်ပြထားသည်။

ပါကစ္စတန်၏ ဖိနှိပ်သောအာဏာပိုင်တို့အပေါ် ဂါဝါဒါလူ့အခွင့်အရေးလှုပ်ရှားမှုအဖွဲ့က ဆန့်ကျင်ဆန္ဒပြခြင်းသည် ဝန်ကြီးချုပ် အီမရန်ခန်းအစိုးရ၏ အရည်အချင်းမပြည့်ဝသည့်အပေါ် ပြသနေကြောင်း တောင်အာရှဒေသလေ့လာရေးဆိုင်ရာ ဥရောပဖောင်ဒေးရှင်းက ထုတ်ပြန်ထားသည်။

ဆန္ဒပြသူတို့၏ တောင်းဆိုချက်များအနက်မှ တစ်ခုတွင် လမ်းမကြီးများပေါ်ရှိ မလိုအပ်သော စစ်ဆေးရေးဂိတ်များကို ဖယ်ရှားပေးရေးပါဝင်သည်။ တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံစီမံကိန်းပေါ်ပေါက်လာပြီး နောက်ပိုင်း အဆိုပါ စစ်ဆေးရေးဂိတ်များ ပိုမိုပေါ်ထွက်လာခဲ့သည်။ဒေသခံအဖွဲ့အစည်းများ၏ တောင်းဆိုချက်များတွင် တရားမဝင်ငါးဖမ်းခြင်းများကို ရပ်တန့်ရန်လည်း ပါဝင်သည်။

အနီးပတ်ဝန်းကျင် ဆင်းဒ်ဒေသနှင့် အခြားနိုင်ငံများမှ ငါးဖမ်းသင်္ဘောများသည် ဂါဝါဒါရေပိုင်နက်အတွင်းသို့ ဝင်ရောက်ငါးဖမ်းကြသဖြင့် ဒေသခံရေလုပ်သားများအတွက် ထိခိုက်မှု ဖြစ်စေသည်။

ယင်းကဲ့သို့ တရားမဝင် ငါးဖမ်းမှုများကို ပြင်းထန်စွာ အရေးယူသွားမည်ဟု ဝန်ကြီးချုပ် အီမရန်ခန်းက ဒီဇင်ဘာလအတွင်း သတိပေးချက် ထုတ်ပြန်ခဲ့ကြောင်း Dawn သတင်းတွင် ရေးသားထားသည်။

ပါကစ္စတန်အစိုးရက တရုတ်ငါးဖမ်းသင်္ဘောများကို ကမ်းရိုးတန်းရေပြင်တွင် ငါးဖမ်းရန် လုပ်ငန်းလိုင်စင် ထုတ်ပေးထားသောကြောင့် လှေငယ်များအသုံးပြုသည့် ဒေသခံများအနေဖြင့် ပိုမိုကြီးမား ခေတ်မီသော တရုတ်သင်္ဘောများနှင့် ယှဉ်ပြိုင် လုပ်ကိုင်နိုင်ခြင်း မရှိခဲ့ပေ။

ပါကစ္စတန်နိုင်ငံ၏ ဆင်းရဲသော ဘလိုချီစတင်ပြည်နယ်အတွင်းမှ ဂါဝါဒါမြို့သည် လူဦးရေနည်းပါးပြီး တောင်များထူထပ်သော သဲကန္တာရဒေသဖြစ်ပြီး အာဖဂန်နစ္စတန်၊ အီရန်တို့နှင့် နယ်နမိတ်ချင်း ထိစပ်လျက်ရှိသည်။

မဟာဗျူဟာကျသည့်နေရာဖြစ်ခြင်းနှင့် သဘာဝရင်းမြစ်များကြောင့် ဘလူချီစတန်သည် ပါကစ္စတန်နှင့် တရုတ်နို်ငငံတို့အတွက် အလွန်အရေးပါသည်။ တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံသည် ဂါဝါဒါတွင် အဆုံးသတ်ပြီး တရုတ်သည် ယင်းဒေသမှတစ်ဆင့် အာရေဗျပင်လယ်၊ အိန္ဒိယသမုဒ္ဒရာတို့နှင့် ချိတ်ဆက်နိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly