ပါကစ္စတန်မှာ နှင်းမုန်တိုင်းအတွင်း ကားတွေထဲ ပိတ်မိခဲ့မှုကြောင့် လူ ၂၁ ဦးထက်မနည်း သေဆုံး

ပါကစ္စတန်မှာ နှင်းမုန်တိုင်းအတွင်း ကားတွေထဲ ပိတ်မိခဲ့မှုကြောင့် လူ ၂၁ ဦးထက်မနည်း သေဆုံး

ဇန်နဝါရီ ၉

ပါကစ္စတန်နိုင်ငံမှာ နှင်းမုန်တိုင်းအကြား ကားတွေထဲ ပိတ်မိနေခဲ့မှုကြောင့် လူ ၂၁ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ဇန်နဝါရီ ၈ ရက်မှာ ပြောပါတယ်။

ခရီးသွား ထောင်သောင်းချီဟာ တစ်မူထူးခြားတဲ့ ဆီးနှင်းကျဆင်းမှုကို ကြည့်ဖို့အတွက် တောင်ပေါ်မြို့တစ်မြို့ဆီ စုပြုံသွားလာခဲ့ချိန် ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပြီး အလွန့်အလွန် အေးတဲ့ အပူချိန်တွေအောက်မှာ လူ ၂၁ ဦးထက်မနည်း သေဆုံးခဲ့ရတာဖြစ်ပါတယ်။

ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ လူ ရှစ်ဦးထက်မနည်းဟာ ၎င်းတို့ရဲ့ ကားတွေထဲ အေးခဲပြီး သေဆုံးခဲ့တယ်လို့ ဆိုပြီး အခြားသူတွေကတော့ ဆီးနှင်းတွေကြား ပိတ်မိနေခဲ့တဲ့ ကားတွေထဲ အိတ်ဇောငွေ့တွေ ရှုရှိုက်မိပြီးနောက် အသက်ရှုမဝ မွန်းကျပ်မှုကြောင့် သေဆုံးခဲ့တာဖြစ်နိုင်ကြောင်း ယူဆထားတယ်လို့ သိရပါတယ်။

မြို့တော် အစ္စလမ်မာဘတ်ရဲ့ အရှေ့မြောက် ၇၀ ကီလိုမီတာ (၄၅ မိုင်) ခန့်အကွာရှိ မာရီးမြို့အနီးမှာ ပိတ်မိနေတဲ့ လူထောင်ချီကို ကယ်တင်ဖို့နဲ့ လမ်းတွေကို ရှင်းလင်းဖို့ စစ်တပ်ကို ဖြန့်ကျက်ထားကြောင်း ပြည်ထဲရေးဝန်ကြီး ရှိတ် ရာရှစ်ဒ်က ပြောခဲ့ပါတယ်။

ဆိုရှယ် မီဒီယာပေါ် တက်လာတဲ့ ဗီဒီယိုတစ်ခုအရ ကားတွေ တစ်စီးနဲ့ တစ်စီး ထိလုမတတ် စီတန်းရှိနေတာနဲ့ ကားခေါင်မိုးတွေပေါ်မှာ တစ်မီတာ (သုံးပေ) ခန့် အမြင့်ရှိ နှင်းတွေ ပုံလျက် ရှိနေတာကို တွေ့ခဲ့ရပါတယ်။

"ဆီးနှင်း ထူထပ်စွာ ကျတာကြောင့် ယာဉ်ကြောပိတ်ဆို့မှုကို ဖြစ်စေခဲ့ပြီး လမ်းတွေ ပိတ်ဆို့ကုန်တာဖြစ်ပါတယ်" လို့ နာရီများစွာကြာ သောင်တင်ပိတ်မိခဲ့တဲ့ ခရီးသွားတစ်ဦးဖြစ်တဲ့ ဘာဘာ ခန်းက အေအက်ဖ်ပီကို တယ်လီဖုန်းနဲ့ ဖြေကြားပါတယ်။

"နေရာတော်တော်များများမှာ သစ်ပင်တွေ လဲနေတာကြောင့် လမ်းတွေ ပိတ်နေခဲ့တာဖြစ်တယ်"

ဆီးနှင်း ထူထပ်စွာ ကျဆင်းမှုက တနင်္ဂနွေ မွန်းလွဲပိုင်းအထိ ယင်းဧရိယာမှာ ဆက်ဖြစ်နေမယ်လို့ ပါကစ္စတန် အမျိုးသား ရာသီဥတု ခန့်မှန်းရေး စင်တာရဲ့ ဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားသလို ဆယ်စုနှစ်တွေချီ ကြာခဲ့တဲ့ ရာသီဥတု စံချိန်မှတ်တမ်းတွေက ပြီးခဲ့တဲ့ ၄၈ နာရီအတွင်း ကျိုးပျက်ခဲ့တယ်လို့ ပြန်ကြားရေးဝန်ကြီး ဖာဝက်ဒ် ချောက်ဒ်ဟရီက ပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly