စစ်ကောင်စီခေါင်းဆောင်နှင့် ဟွန်ဆန် တွေ့ဆုံခြင်းက အာဆီယံ အဖွဲ့အတွင်း အကွဲအပြဲများကို လှစ်ဟပြသနေ

စစ်ကောင်စီခေါင်းဆောင်နှင့် ဟွန်ဆန် တွေ့ဆုံခြင်းက အာဆီယံ အဖွဲ့အတွင်း အကွဲအပြဲများကို လှစ်ဟပြသနေ

ဇန်နဝါရီ ၉

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် ပြီးခဲ့သည့် သောကြာနေ့က မြန်မာခရီးစဉ် လာရောက်ပြီး အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်နှင့် တွေ့ဆုံခြင်း၊ ယင်းနောက် ပူးတွဲထုတ်ပြန်ချက် ထုတ်ပြန်ခဲ့ခြင်းတို့က ယခုနှစ် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး မတိုင်မီ အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား သဘောထားကွဲလွဲမှုကို ဖြစ်စေနိုင်ကြောင်း အာဆီယံနိုင်ငံများမှ အရာရှိတချို့က ဇန်နဝါရီ ၈ ရက်တွင် ပြောသည်။

ယခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံ၏ ဝန်ကြီးချုပ် ဟွန်ဆန်နှင့်အတူ ပူးတွဲထုတ်ပြန်ချက်တစ်ခုတွင် အာဏာသိမ်းစစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်က နိုင်ငံတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံးနှင့် အပစ်အခတ် ရပ်စဲမှုကို ယခုနှစ်ကုန်အထိ တိုးမြှင့်ကြောင်း ပြောခဲ့သည်။ ထို အပစ်ရပ်စဲမှုကို မူလက ယခုနှစ် ဖေဖေါ်ဝါရီလကုန်အထိ ဖြစ်ကြောင်း ကြေညာထားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် မြန်မာဆိုင်ရာ အာဆီယံအထူးသံတမန်တစ်ဦးကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအပါအဝင် နိုင်ငံ၏ နိုင်ငံရေး ဝရုန်းသုန်းကား အခြေအနေတွင် ပါဝင်ပတ်သက်နေသည့် အဖွဲ့အားလုံးနှင့် တွေ့ဆုံနိုင်ရန် အာမခံမည် ဖြစ်ကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင်က ပြောခဲ့သည်ဟု သိရသည်။

သို့သော် အာဆီယံနိုင်ငံများမှ အရာရှိအချို့က Kyodo News ကို ပြောကြားရာတွင် ဟွန်ဆန်နှင့် မင်းအောင်လှိုင်တို့၏ ပူးတွဲထုတ်ပြန်ချက်ထဲ၌ မုချလိုအပ်သည့်၊ ပဓာနကျသည့် အရာ ဘာမှ မပါဟု ပြောခဲ့ပြီး အာဏာသိမ်းခေါင်းဆောင်၏ ကတိကဝတ်များ အကယ်ဖြစ်ပေါ်လာရေးနှင့်ပတ်သက်ပြီး သံသယရှိမှုများကို ထုတ်ဖော်ခဲ့ကြသည်။ ထို့ပြင် ထို တွေ့ဆုံမှု၏ ရလဒ်ကြောင့် ၁၀ နိုင်ငံပါ အာဆီယံအဖွဲ့တွင်း သဘောကွဲလွဲမှုများကို ဖြစ်စေနိုင်ကြောင်း ၎င်းတို့က ပြောသည်။ အာဆီယံအဖွဲ့သည် ဇန်နဝါရီ ၁၈ နှင့် ၁၉ ရက်တို့တွင် ယင်း၏ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ကျင်းပရန် စီစဉ်ထားသည်။

"သူတို့ ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်က အပြော သက်သက်ပဲ ဖြစ်နေတယ်၊ မြန်မာ့အရေးနဲ့ပတ်သက်လို့ လက်ရှိနိုင်ငံရေး အကျပ်အတည်းကို ပြေလည်အောင် ဖြေရှင်းဖို့အတွက် ခြေခြေမြစ်မြစ် ဖြစ်တာ ဘာမှ မပါဘူး" ဟု အာဆီယံ အတွင်းရေးမှူးချုပ်ဟောင်းတစ်ဦးဖြစ်ခဲ့သည့် စင်္ကာပူဝါရင့် သံတမန် Ong Keng Yong က ပြောသည်။

"ဟွန်ဆန်ရဲ့ခရီးစဉ်အတွက် ကမ္ဘောဒီးယားရဲ့ မဟာဗျူဟာကတော့ ဇန်နဝါရီ ၁၈ ၊ ၁၉ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ မြန်မာ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးကို ဖနွမ်းပင်ဘက်က ဖိတ်ကြားနိုင်စေဖို့အတွက် ဖုံးကွယ်လုပ်ဆောင်လိုတဲ့ နည်းလမ်းတစ်ခုကို ရယူနေတာဖြစ်ပါတယ်" ဟု ၎င်းက ပြောခဲ့သည်။

မြန်မာ အာဏာသိမ်းစစ်ကောင်စီ ခေါင်းဆောင်နှင့် စစ်ကောင်စီ ဝန်ကြီးများကို အာဆီယံ အစည်းအဝေးများ တက်ခွင့် ပြုသင့်ကြောင်း ဟွန်ဆန်က ပြီးခဲ့သည့်လက ပြောခဲ့သည်။ ယင်းမတိုင်မီ ယမန်နှစ်က အာဆီယံအုပ်စုသည် မြန်မာစစ်ကောင်စီကို အောက်တိုဘာလနောက်ပိုင်း အစည်းအဝေးများကနေ ဖယ်ကြဉ်ထားခဲ့ပြီး အကြောင်းမှာ ဧပြီလက အာဆီယံအထူးအစည်းအဝေးတစ်ရပ်တွင် ရရှိခဲ့သည့် ဘုံသဘောတူညီချက် ငါးချက်ကို အာဏာသိမ်းစစ်အုပ်စုဘက်က လျစ်လျူရှုခဲ့၍ ဖြစ်သည်။

ကမ္ဘောဒီးယားသည် မြန်မာစစ်အုပ်စုကို လိုက်လျောချက်များ လုပ်ခဲ့သည့်ဖြစ်ရာ ပူးတွဲထုတ်ပြန်ချက်က "တူညီသော စကား အသုံးအနှုန်း" သို့မဟုတ် ယုတ်စွအဆုံး "ပိုမို အားနည်းသော ၊ တလွဲအသုံးပြုထားသော အသုံးအနှုန်း" မျှသာ ဖြစ်ကြောင်း အခြားသော အာဆီယံနိုင်ငံတစ်နိုင်ငံမှ အမည်မဖော်လိုသည့် အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။

"လွတ်လပ်၊ မျှတသော ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲများ ကျင်းပပေးမည်" ၊ အနိုင်ရ ပါတီကို ဒီမိုကရေစီ စံနှုန်းများနှင့်အညီ နိုင်ငံတာဝန်များ လွှဲပြောင်းပေးပါမည် ဆိုပြီး ကတိကဝတ်တစ်ခုပါသည့် မြန်မာအာဏာသိမ်းစစ်ကောင်စီ၏ အချက်ငါးချက်ပါ လမ်းပြမြေပုံဟု ဆိုသော မူဝါဒနှင့် အာဆီယံ ဘုံသဘောတူညီချက် ငါးချက် ဖော်ဆောင်မှုက "လိုက်ဖက်မှု ရှိသင့်သည်" ဆိုပြီး ပူးတွဲ ထုတ်ပြန်ချက်တွင် ပြောထားကြောင်း အဆိုပါ အရာရှိက ပြောခဲ့သည်။

နိုဘယ်လ် ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ သောင်ပြိုကမ်းပြို အနိုင်ရခဲ့သည့် ၂၀၂၀ နိုဝင်ဘာ ရွေးကောက်ပွဲတွင် မဲမသမာမှု ရှိသည် ဆိုပြီး အာဏာသိမ်းစစ်အုပ်စုက စွပ်စွဲခဲ့သည်။

"ဒါက စစ်ကောင်စီရဲ့ လမ်းပြမြေပုံကို ဖော်ပြဖို့ အဓိက လိုက်လျောချက်တစ်ခု ဖြစ်ပါတယ်၊ အဲဒါကို အခြား အာဆီယံ ထုတ်ပြန်ချက်တွေမှာ ထောက်ခံချက် မပေးသလို မြန်မာပြည်သူလူထုကလည်း လက်မခံပါဘူး" ဟု အထက်ပါ အရာရှိက ပြောခဲ့သည်။

အာဆီယံနိုင်ငံများထဲမှ အရာရှိအချို့က အာဏာသိမ်းစစ်အုပ်စုနှင့်အကြား ဆက်သွယ်ရေး ပြတင်းတံခါးများကို ဆက်ဖွင့်ထားရန် အရေးကြီးကြောင်း အလေးပေး ပြောဆိုရင်း ကမ္ဘောဒီးယားနှင့် မြန်မာစစ်အုပ်စုအကြား တွေ့ဆုံမှုကို အပြုသဘောဆောင်ရှုထောင့်တစ်ခုအဖြစ် ညွှန်ပြသော်လည်း အင်ဒိုနီးရှား၊ မလေးရှား နှင့် စင်္ကာပူ ကဲ့သို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများကမူ ပူးတွဲထုတ်ပြန်ချက်ပါ အကြောင်းအရာနှင့်ပတ်သက်ပြီး သတိထားဖွယ် ရှိသလို အာဆီယံ အစည်းအဝေးများတွင် မြန်မာအာဏာသိမ်းခေါင်းဆောင်နှင့် အခြားစစ်ကောင်စီ အရာရှိများကို ကမ္ဘောဒီးယားဘက်က မဖိတ်ကြားစေရေးကိုသာ မျှော်လင့်ဖွယ် ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required