အာဖဂန်စစ်တပ်တွင် အသေခံဗုံးခွဲသမားများကို လူသစ်စုဆောင်းခေါ်သွင်းရန် တာလီဘန်တို့ စီစဉ်နေ

By Insider Paper
09 January 2022
အာဖဂန်စစ်တပ်တွင် အသေခံဗုံးခွဲသမားများကို လူသစ်စုဆောင်းခေါ်သွင်းရန် တာလီဘန်တို့ စီစဉ်နေ

အာဖဂန်နစ္စတန်နိုင်ငံကို အုပ်ချုပ်နေသည့် တာလီဘန်တာဝန်ရှိသူများက ၎င်းတို့အနေဖြင့် နိုင်ငံ စစ်တပ်၏ တစိတ်တပိုင်းအဖြစ် အသေခံဗုံးခွဲသမားများဖြင့် အထူးတပ်ရင်းတစ်ခု ဖွဲ့စည်းသွားမည်ဟု ထုတ်ဖော်ထားကြောင်း Khaama Press က ဖော်ပြသည်။

အဆိုပါ တပ်ရင်းသည် ၎င်းတို့၏ အထူးတပ်ဖွဲ့များ၏ အစိတ်အပိုင်း ဖြစ်မည် ဖြစ်သလို ကာကွယ်ရေးဝန်ကြီးဌာနအောက်တွင် ရှိမည် ဖြစ်ကြောင်း တာလီဘန်တို့၏ သတင်းပြန်ကြားရေးနှင့် ယဥ်ကျေးမှုဆိုင်ရာ ဒုဝန်ကြီးဖြစ်သလို ပြောရေးဆိုခွင့်ရှိသူလည်း ဖြစ်သည့် ဇာဘီအူလာ မူဂျာဟစ်က ပြောသည်။

အဆိုပါ တပ်ရင်းကို အထူးစစ်ဆင်ရေးများအတွက် အသုံးပြုသွားမည်ဟု ဇာဘီအူလာ မူဂျာဟစ်က ပြောကြားသည်။

အမျိုးသမီးများနှင့် ယခင် အာဖဂန်စစ်တပ် တပ်ဖွဲ့ဝင်ဟောင်းများနှင့် ပတ်သက်၍လည်း လိုအပ်ချက်အပေါ် မူတည်ပြီး အမျိုးသမီးများကိုလည်း လူသစ်စုဆောင်းသွားမည်ဖြစ်ကြောင်းနှင့် ယခင် အာဖဂန်စစ်တပ်မှ အထူးကျွမ်းကျင်သူများကိုလည်း အနာဂတ်စစ်တပ်တွင် နေရာပေးသွားမည်ဖြစ်ကြောင်း ပြောခဲ့သည်။

အာဖဂန်နစ္စတန်၏ တာလီဘန်အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက လက်နက်အပြည့်အစုံ တပ်ဆင်မည့် အင်အား ၁၀၀,၀၀၀ ရှိ စစ်တပ်တစ်တပ် ထူထောင်ရန် လုပ်ဆောင်နေသည်ဟု ထုတ်ပြန်ထားသည်။

အာဖဂန်နစ္စတန် တာဝန်ရှိသူများသည် အသေခံဗုံးခွဲသမားများကို နိုင်ငံ၏ မြောက်ပိုင်း တာဂျစ်ကစ္စတန်နှင့်အကြား နယ်စပ်သို့ စေလွှတ်ထားသည်ဟု သတင်းများထွက်ပေါ်ခဲ့ပြီး ယင်းကို တရားဝင် အတည်မပြုနိုင်ပေ။

ပြီးခဲ့သည့် ဆယ်စုနှစ်နှစ်စုကြာအတွင်း အမေရိကန်တပ်ဖွဲ့များနှင့် ယခင်အာဖဂန် လုံခြုံရေးတပ်ဖွဲ့များကို ပစ်မှတ်ထား တိုက်ခိုက်ရာတွင် အသေခံတိုက်ခိုက်မှုများသည် တာလီဘန်တို့၏ အအောင်မြင်ဆုံး နည်းနာများအနက် တစ်ခုဖြစ်ထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly