ရှင်ကျန်းရှိ Tesla ကား အရောင်းပြခန်းကို ပိတ်ရန် မွတ်စလင် လူထုလွတ်မြောက်ရေးအဖွဲ့ တောင်းဆို

ရှင်ကျန်းရှိ Tesla ကား အရောင်းပြခန်းကို ပိတ်ရန် မွတ်စလင် လူထုလွတ်မြောက်ရေးအဖွဲ့ တောင်းဆို

အမေရိကန်မှ မွတ်စလင်လူထုလွတ်မြောက်ရေးအဖွဲ့အစည်းကြီးတစ်ခုက တရုတ်နိုင်ငံ ရှင်ကျန်းဒေသတွင် မကြာသေးမီက ဖွင့်လှစ်ထားသော အရောင်းပြခန်းကို ပိတ်ရန် Tesla မော်တော်ကားထုတ်လုပ်ရေး အမှုဆောင်အရာရှိချုပ် အီလွန်မက်စ်အား တောင်းဆိုလိုက်ပြီး ဘာသာရေးနှင့်တိုင်းရင်းသားလူနည်းစုအပေါ် ပစ်မှတ်ထားသော လူမျိုးတုံးသတ်ဖြတ်မှုလှုပ်ရှားမှု၏အချက်အချာနေရာဖြစ်သည့် ဒေသတွင် မည်သည့်အမေရိကန်ကော်ပိုရေးရှင်းမှ စီးပွားရေးမလုပ်သင့်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်-အစ္စလာမ်ဆက်ဆံရေးကောင်စီ (CAIR) မှ ထုတ်ပြန်ချက်တွင် Tesla သည် လူမျိုးတုံးသတ်ဖြတ်မှုအတွက် စီးပွားရေးအရ ပံ့ပိုးပေးသည့်အရာကို ရပ်ဆိုင်းရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

အမေရိကန်အခြေစိုက် Tesla သည် ရှင်ကျန်းမြို့တော် အူရမ်ကီတွင် အရောင်းပြခန်းဖွင့်ထားကြောင်းကို တရုတ်လူမှုမီဒီယာ Weibo တွင် ကြော်ငြာထားသည်။

မီဒီယာများ၏ ဖော်ပြချက်အရ Tesla သည် ရှင်ကျန်းမြို့တော် အူရမ်ကီရှိ အရောင်းပြခန်းတွင် စတင်လည်ပတ်နေပြီဟု ပြောကြားခဲ့သည်။ ယင်းကြောင့် ဝေဖန်မှုများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့သည်။

တရုတ်သည် ဝီဂါ၊ ကာဇက်၊ ကာဂျစ်နှင့် အခြားသော မွတ်စလင် လူနည်းစု အုပ်စုဝင် ၁ ဒသမ ၈ သန်းကို တရားလက်လွတ် အကျဉ်းစခန်းများစနစ်ဖြင့် အကျဉ်းချထားကြောင်း အမေရိကန်လွှတ်တော်အမတ်များက စွပ်စွဲထားသည်။ ၎င်းစခန်းများတွင် အထည်အလိပ်၊ အီလက်ထရွန်းနစ်၊စားသောက်ကုန်များ၊ ဖိနပ်၊ လက်ဖက်ခြောက်နှင့် လက်မှုပစ္စည်းများကို အတင်းအကျပ်စေခိုင်းထုတ်လုပ်နေသည်။

တစ်ဖက်တွင် ပေကျင်းသည် ရှင်ကျန်းဒေသညှင်းပန်းနှိပ်စက်မှုများနှင့်ပတ်သက်သည့် စွပ်စွဲချက်အားလုံးကို အကြိမ်ကြိမ် ငြင်းဆိုထားသည်။

အမေရိကန်အိမ်ဖြူတော်ကလည်းရှင်ကျန်းဒေသတွင် တရုတ်၏ လူ့အခွင့်အရေးချိုးဖောက်မှုနှင့် လူမျိုးတုံးသတ်ဖြတ်မှုများအား ဆန့်ကျင်ရန် ပုဂ္ဂလိကကုမ္ပဏီများကို တိုက်တွန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly