မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်မှ ရိုဟင်ဂျာဆိုသူတို့၏ ပင်လယ်ဖြတ် ရွှေ့ပြောင်းဝင်ရောက်မှုများ ကျဆင်း

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်မှ ရိုဟင်ဂျာဆိုသူတို့၏ ပင်လယ်ဖြတ် ရွှေ့ပြောင်းဝင်ရောက်မှုများ ကျဆင်း

လူမှောင်ခိုမှုများကို ထိုင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့က ဖြိုခွင်းနှိမ်နှင်းလာခြင်းကြောင့် ပြီးခဲ့သည့် လေးလအတွင်း မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့မှ ရိုဟင်ဂျာဆိုသူများ၏ လှေများဖြင့် နိုင်ငံဖြတ်ကျော်ရွှေ့ပြောင်း ဝင်ရောက်ခြင်းများက ကျဆင်းလာခဲ့ကြောင်း ကုလသမဂ္ဂနှင့် လူ့အခွင့်အရေးအဖွဲ့များက ပြောသည်။

ပြီးခဲ့သည့်နှစ် မေလအတွင်းက မလေးရှားနယ်စပ်အနီး ထိုင်းနိုင်ငံအတွင်း၌ လူမှောင်ခိုဂိုဏ်းစခန်းတစ်ခုအနီးတွင် လူသေလောင်း ၃၀ ကို ရှာတွေ့ပြီးနောက် ထိုင်းရဲတပ်ဖွဲ့က လူမှောင်ခိုဂိုဏ်းများကို ဖြိုခွင်းလာခဲ့ခြင်းဖြစ်သည်။  

ထိုင်းရဲများ၏ စစ်ဆင်ရေးများကြောင့် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်မှ ရွှေ့ပြောင်းဝင်ရောက်သူ ၄၀၀၀ ခန့်ကို မှောင်ခိုဂိုဏ်းများက ပင်လယ်အတွင်း စွန့်ပစ်ထားခဲ့ကြသည်။ ရွှေ့ပြောင်းလှေများအား အင်ဒိုနီးရှား၊ မလေးရှားနှင့် ထိုင်းရေတပ်များက ကမ်းအကပ်မခံသဖြင့် ပင်လယ်အတွင်း ရွှေ့ပြောင်းဝင်ရောက်သူလှေများ သောင်တင်နေခဲ့ရသည်။

၂၀၁၂ ခုနှစ်က မြန်မာနိုင်ငံအတွင်း မတည်ငြိမ်မှုများကြောင့် ရိုဟင်ဂျာဟုဆိုကြသူ ထောင်ပေါင်းများစွာ ရွှေ့ပြောင်းထွက်ပြေးကြသည်။ အများစုက မွတ်စလင်နိုင်ငံဖြစ်သည့် မလေးရှားသို့ ထွက်ပြေး ကြသော်လည်း မှောင်ခိုဂိုဏ်းများက ရွှေ့ပြောင်းသူများကို အခငွေကြေးရမှ သွားလိုရာသို့ ဆက်သွားခွင့်ပြုရန် ထိုင်းတောင်ပိုင်းက တောအုပ်များသို့ ပထမဆုံး ခေါ်ဆောင်ကာ ထိန်းသိမ်းထား ကြခြင်း များဖြစ်သည်။

လက်ရှိရာသီက ရွက်လွင့်သည့် ရာသီဖြစ်သော်လည်း ထိုင်းနှင့် ဘင်္ဂလားဒေ့ရှ်တို့၏ နှိမ်နှင်းမှုများကြောင့် ဘင်္ဂလားပင်လယ်အော်အတွင်း ရွှေ့ပြောင်းဝင်ရောက်သူလှေများ အရေအတွက် အလွန်ကျဆင်း ခဲ့ပြီဖြစ်ကြောင်းလည်း တာဝန်ရှိသူတစ်ဦးက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly