ခါးပတ်လမ်းမရပ်ဝန်းအတွက် အချက်အချာကျသော သီရိလင်္ကာတွင် တရုတ်က နယ်မြေချဲ့ထွင်လျက်ရှိ

ခါးပတ်လမ်းမရပ်ဝန်းအတွက် အချက်အချာကျသော သီရိလင်္ကာတွင် တရုတ်က နယ်မြေချဲ့ထွင်လျက်ရှိ

သီရိလင်္ကာသည် အိန္ဒိယသမုဒ္ဒရာရှိ ခါးပတ်လမ်းမရပ်ဝန်း(BRI) အတွက် ပထဝီဝင်အချက်အချာကျသော ကျွန်းနိုင်ငံအဖြစ် ရှုမြင်ခံထားရသောကြောင့် ၎င်းနိုင်ငံရှိ အထူးသဖြင့် စွန့်ပစ်ခံထားရသော နေရာများတွင် တရုတ်သည် ၎င်း၏ ခြေကုပ်ယူထားခြင်းကို တိုးချဲ့လျက်ရှိသည်။ သီရိလင်္ကာတွင် ခြေရာကိုချဲ့ထွင်ရန် သီရိလင်္ကာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ချီကျန်းဟောင်သည် ခရစ္စမတ်မတိုင်မီက တမီးလ်အများစုနေထိုင်ရာ မြောက်ပိုင်းပြည်နယ်သို့ သွားရောက်ခဲ့ကြောင်း မူဝါဒသုတေသနအဖွဲ့ Poreg ၏ ဆောင်းပါးတစ်ပုဒ်တွင် ဖော်ပြထားသည်။ ဒီဇင်ဘာ ၁၅ ရက်မှ စတင်ခဲ့သည့် ၃ ရက်ကြာ ခရီးစဉ်သည် ချစ်ကြည်ရေးခရီးစဉ်ဖြစ်ကြောင်း တရုတ်သံရုံးက ဖော်ပြခဲ့သည်။ သို့သော် သံတမန်ရေးရာ လေ့လာစောင့်ကြည့်သူများက ၎င်းခရီးစဉ်အား သီရိလင်္ကာတွင် ခြေရာချဲ့ထွင်ရန် တရုတ်မဟာဗျူဟာ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ရှုမြင်ကြသည် ဟု Poreg က ဖော်ပြသည်။

မြောက်ပိုင်းပြည်နယ်သို့ တရုတ်သံအမတ်ကြီး၏ ပထမဆုံး ခရီးစဉ်ဖြစ်ပြီး ၎င်းပြည်နယ်သည် ဓလေ့ထုံးတမ်းအားဖြင့် အိန္ဒိယနှင့်နီးစပ်သော တိုင်းရင်းသားလူမျိုးစု တမီးလ်အသိုက်အဝန်းကြီးစိုးသည့် ဒေသဖြစ်သည်။ အိန္ဒိယနှင့် ပထဝီဝင်အနေအထားအရ ထိစပ်နေခြင်းနှင့် အိန္ဒိယနှင့်တမီလ်နာဒူးတို့နှင့် ယဉ်ကျေးမှုနှင့်ဘာသာစကားဆိုင်ရာ ဆက်စပ်မှုရှိသော သီရိလင်္ကာမြောက်ပိုင်းတွင် အိန္ဒိယ၏ သြဇာလွှမ်းမိုးမှုအပေါ် အဆိုပါခရီးစဉ်က ခပ်ပါးပါးစိန်ခေါ်လိုက်ခြင်းဖြစ်ကြောင်း ရှုမြင်လာကြသည်ဟု သုတေသနအဖွဲ့က ဖော်ပြသည်။

သို့သော်လည်း သီရိလင်္ကာ တမီးလ်လူမျိုးများသည် မြောက်ပိုင်းပြည်နယ်တွင် တရုတ်ရင်းနှီးမြှုပ်နှံမှုများနှင့် တရုတ်နိုင်ငံသို့ တင်ပို့ရန် ဂျက်ဖ်နာမြို့တွင် ပင်လယ်မျှော့များမွေးမြူမည့် တရုတ်နှင့် သီရိလင်္ကာတို့အကြား ဖက်စပ်လုပ်ငန်းတို့ကို ကန့်ကွက်နေကြောင်း သိရသည်။ ယခုအခါ တရုတ်သည် လူများစု ဆင်ဟာလီနှင့် လူနည်းစု တမီးလ်လူမျိုးများကို မိတ်ဖွဲ့ရန် ဒွန်တွဲချဉ်းကပ်မှုကို ရှင်းလင်းပြတ်သားစွာ ဗျူဟာမြောက်လုပ်ဆောင်နေသည်။ သံအမတ်ကြီး ချီ၏ ခရီးစဉ်နှင့် ကူညီထောက်ပံ့မှုသည် ရေလုပ်သားများကို ပစ်မှတ်ထားလျက် တရုတ်၏ ခြေရာကို ချဲ့ထွင်ရန် မဟာဗျူဟာမြောက် လှုပ်ရှားမှုတစ်ခု ဖြစ်နိုင်ကြောင်း Poreg က ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly