စာသင်ခန်းထဲပြန်ရောက်မလာနိုင်တော့သည့် ကျောင်းဆရာ

စာသင်ခန်းထဲပြန်ရောက်မလာနိုင်တော့သည့် ကျောင်းဆရာ

ဇန်နဝါရီ ၉

ကရင်နီပြည်နယ် လွိုင်ကော်မြို့တွင်း စစ်ကောင်စီတပ်နှင့် ဒေသခံ တော်လှန်ရေးသမားများတိုက်ပွဲတွင် အရပ်သားများပိတ်မိနေချိန်ဖြစ်သည်။

ဒေသခံကာကွယ်ရေးပူးပေါင်းတပ်များအနေဖြင့် ပိတ်မိနေသော ပြည်သူများအား ကယ်ထုတ်ရန် ကြိုးစားကြရတော့သည်။ ထိုအထဲတွင် KNDF တပ်ရင်း (၆) မှ တပ်ခွဲမှူး ကိုနိုင်လင်းလည်း ရှေ့ဆုံးမှ ပါဝင်ခဲ့သည်။

စစ်ကောင်စီတပ်များ ကင်းပုန်းချထားသည့်နေရာများနှင့် လက်နက်ကြီးကျည်များ အဆက်မပြတ်ကျရောက်ပေါက်ကွဲနေသည့် မိုင်းလုံးရပ်ကွက်အတွင်း နေအိမ်များမှ ပြည်သူများကို အရဲစွန့်က အလျှိုလျှိုကယ်ထုတ်နေသည်။

ထိုသို့ တိုက်ပွဲများကြားပိတ်မိနေသူ ပြည်သူများအား ကယ်ထုတ်နေရင်း ညနေ ၃ နာရီဝန်းကျင်အချိန်ခန့်တွင် ကိုနိုင်လင်း၏ နဘေးသို့ လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲလေတော့သည်။ မီးခိုးနှင့်ဖုန်ငွေ့များ လင်းသွားချိန် ကိုနိုင်လင်းတစ်ယောက်လဲကျနေသည်ကို ဘေးမှ တပ်သားများမြင်တွေ့ခဲ့သည်။

ခန္ဓာကိုယ်တစ်ခြမ်းလုံးတွင်ဒဏ်ရာများပြည့်နေပြီး သွေးအလိမ်းလိမ်းနှင့်ရှိနေသည့် ကိုနိုင်လင်းအား ဆေးကုသရန် အနီးရှိရဲဘော်များက ပွေ့ချီကာသယ်ပြေးကြသည်။ သို့သော် ဒဏ်ရာများပြင်းထန်လွန်းသည့်အတွက် လမ်းခုလတ်တွင်ပင် ကိုနိုင်လင်း ကျဆုံးခဲ့ရသည်။ ကျဆုံးစဉ်က အသက် ၂၃ နှစ်သာရှိသေးသည်။

နေပြည်တော်တွင် အာဏာမသိမ်းခင်က လွိုင်ကော်ပညာရေးကောလိပ် DTEd အပတ်စဉ်(၂၂/၁၇) ဝိဇ္ဇာတန်းခွဲ(A)တွင် ပညာသင်ယူခဲ့သူ ကိုနိုင်လင်းသည် စစ်နှင့် လားလားမျှမဆိုင်သည့် ကျောင်းဆရာတစ်ဦးဖြစ်သည်။  မင်းအောင်လှိုင်ဦးဆောင်သည့် စစ်အုပ်စုက အာဏာသိမ်းပြီးနောက်တော့ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင်ပါဝင်ပြီး CDMကျောင်းဆရာတစ်ဦးအဖြစ် ရပ်တည်ခဲ့သည်။  

ထို့နောက်သူ သည် ၂၀၂၁ ခုနှစ် ဇူလိုင်လတွင်ကရင်နီပြည်နယ်ရှိ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF တပ်ဖွဲ့ဝင်ဖြစ်လာခဲ့သည်။

"ကျောင်းဆရာတစ်ယောက်လက်နက်ကိုင်တာဟာ စာသင်ခန်းထဲက သူ့တပည့်တွေရဲ့အနာဂတ်အတွက်ဖြစ်တယ်။ အရေးတော်ပုံကြီးအောင်ရင် ကလေးတွေပညာရေးကိုသေချာ စနစ်တကျသင်ကြားပေးရမယ်" ဟု ကိုနိုင်လင်းက ပြောခဲ့သည်ဟု သူနှင့်ရင်းနှီးသည့် ရဲဘော်တစ်ဦးက ပြောသည်။

“လက်နက်ကိုင်ပြီးပြန်တိုက်မှ စစ်အာဏာရှင်ကို ဖြုတ်ချနိုင်မယ်ဆိုတာကိုသူယုံကြည်တယ်။ ဒါပေမဲ့ တော်လှန်ရေးကြီးပြီးသွားရင်တော့ သူသိပ်ဝါသနာပါတဲ့ ကျောင်းဆရာအလုပ်ကိုပြန်လုပ်ချင်တယ်ဆိုပြီး ကျွန်တော့ကို တဖွဖွပြောတယ် “ဟု ဆိုသည်။  

ကရင်နီပြည်နယ်အတွင် စစ်ကောင်စီတပ်များအား ခုခံတိုက်ခိုက်သည့် ဒေသခံတပ်ဖွဲ့များ ပေါ်ပေါက်လာခဲ့သည်။

မေလ ၂၀ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့်ထိတွေ့တိုက်ပွဲစတင်ခဲ့သည့် ကရင်နီပြည်နယ်တွင် ခုနှစ်လကြာ စစ်ကောင်စီတပ်နှင့်တိုက်ပွဲဖြစ်ပွားနေခဲ့ပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့တွင် ကရင်နီပြည်၏ မြို့တော်လွိုင်ကော်အထိ စစ်မီးပြင်းထန်ခဲ့သည်။

ထိုနေ့တွင်အကြမ်းဖက်စစ်ကောင်စီတပ်များသည် လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက်မှ ဒီးမော့ဆို (၆) မိုင် နှင့် ဘက်တလင် ကျေးရွာအထိ တပ်ဖြန့်ကာ စစ်ကြောင်းထိုးလာခဲ့သည်။

ထိုညမှစတင်ကာ အကြမ်းဖက်စစ်ကောင်စီတပ်သည် ၎င်းတို့တပ်စွဲရာနေရာမှလွိုင်ကော်မြို့နယ် မိုင်းလုံးရပ်ကွက်ဘက် လူနေအိမ်များသို့ ချိန်ရွယ်ကာ လက်နက်ကြီးများဖြင့်စတင်ပစ်ခတ်တော့သည်။

“ဇန်နဝါရီလ ၆ရက်နေ့မနက်ပိုင်းမှာ လွိုင်ကော် ကရမ်းသာယာကျေးရွာဘက်နဲ့ ဒီးမော့ဆိုမြို့နယ် ဒေါပိုးစီဘက်မှ သူတို့အထိအခိုက်များတယ် ၂၀ ကျော်လောက်ကျပြီး ငါးယောက်လောက်ဒဏ်ရာရကြတယ်၊ ဒါကြောင့်သူတို့အခြေအနေမကောင်းတဲ့အခါကျတော့ ရပ်ကွက်နေအိမ်တွေဘက်ကို လက်နက်ကြီးနဲ့တအားပစ်တယ် နေအိမ်တွေပေါ်ကိုကျည်ဆံကျလို့ဒေသခံတွေ သေတာတောင်ရှိတယ်" ဟု ထိုနေ့ကတိုက်ပွဲအခြေအနေကို KNDF မှ ရဲဘော်တစ်ဦးကပြောသည်။

ထိုသို့စစ်ကောင်စီတပ်မှ အရပ်သားများအားဦးတည်ပစ်ခတ်သတ်ဖြတ်သည်မှာ ပထမဆုံးအကြိမ်တော့မဟုတ်တော့ပေ။

အနီးဆုံးဖြစ်စဉ်သည် ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ကရင်နီပြည်နယ် ဖရူဆိုမြို့ မိုဆိုကျေးရွာအနီးတွင် အရပ်သား ၃၀ ကျော်အား မီးရှို့သတ်ဖြတ်ခဲ့သည်။

“မနက်တုန်းကမှ ရှေ့တန်းတူတူထွက်ပြီး ဂရုစိုက်ဖို့ တစ်ယောက်နဲ့ တစ်ယောက်မှာနေကြသေးတယ်။ ပထမတစ်ချီတိုက်ပွဲပြီးတော့ ကိုယ်တွေဘက်ကဘာမှအထိခိုက်မရှိပြန်ဆုတ်လာနိုင်ပေမယ့် ပြည်သူတွေထွက်မရလို့ ပိတ်မိနေလို့ဆိုပြီး ရှေ့တက်ပြီးကင်းသွားစောင့်ပေးတယ်။ ကိုယ်ကလည်းသူတို့ကင်းစောင့်နေတုန်း နောက်ကနေပြည်သူတွေကိုဘေးလွတ်ရာ ရသလောက်ခေါ်ထုတ်ပေးနေတယ် ပြည်သူတွေဘေးကင်းရာသွားပို့ပြီးစစ်မြေပြင်ပြန်အလာ ငါတို့တပ်ရင်းက လူနှစ်ယောက်ထိတယ်ဆိုပြီး သတင်းပို့လာလို့ အဲ့နေရာကိုကားနဲ့မောင်းလာရင်း လမ်းမှာသူဆိုပြီးတော့ သတင်းသဲ့သဲ့ကြားပေမယ့်မယုံသေးဘူး။

အဲ့ဒီကိုရောက်တော့မှ အသက်မဲ့နေတဲ့ သူ့ ကိုမြင်ပြီး ကျွန်တော့်ရင်တစ်ခုလုံးဟာသွားပြီး မျက်ရည်တွေတောင်ထိန်းမရခဲ့ဘူး” ဟု တပ်ရင်းတူ ရဲဘော်တစ်ဦးက ပြောသည်။

“ဒီမိုကရေစီတိုက်ပွဲ လမ်းခုလတ်တွင် သူရဲကောင်းပီသစွာ ကျဆုံးခဲ့ရသည့်ကိုနိုင်လင်းမှာ ပညာရေးလုပ်ငန်းနှင့် ကျောင်းတွင်းလုပ်ငန်းဆောင်တာများအပေါ် တတ်ကြွစွာပါဝင်ခဲ့သောပညာရေးဝန်ထမ်းတစ်ဦးအနေဖြင့် လည်းကောင်း၊ဒီမိုကရေစီတိုက်ပွဲအတွင်းတွင်လည်း ရဲရင့်တက်ကြွစွာပါဝင်ခဲ့သော တော်လှန်ရေးရဲဘော်အနေဖြင့်လည်းကောင်း ဆုံးရှုံးရသည့်အတွက် နိုင်ငံအတွက်အရေးကြီးသော အနာဂတ်ကြယ်ပွင့်ကြွေလွင့်မှုကြီးအပေါ် ကျွန်ုပ်တို့ပညာရေးကောလိပ်ကျောင်းသားသမဂ္ဂများကိုယ်စားပြုကော်မတီအနေဖြင့် ၊တော်လှန်ရေးရဲဘော်ကိုနိုင်လင်းကို အာဇာနည်သူရဲကောင်းအဖြစ်မှတ်တမ်းတင်အပ်ရင်း ဂုဏ်ယူလေးစားစွာ အလေးနီပြုအပ်ပါသည် ဟု မိခင်တက္ကသိုလ် မိတ်ဆွေရဲဘော်များမှ လည်းသူ့အတွက် ဂုဏ်ပြုရေးသားထားကြသည်။

ကိုနိုင်လင်းတို့တပ်ဖွဲ့တွင် သင်တန်းစတက်ကတည်းက တိုင်တည်လေ့ရှိသည့် သစ္စာစကားတစ်ခုရှိသည်။

"ပြည်သူလူထုအား ကာကွယ်စောင့်ရှောက်ပါမည်" ဟူသည့်စကားဖြစ်သည်။

ထိုသစ္စာစကားအတိုင်း ကိုနိုင်လင်းတစ်ယောက် တိုက်ပွဲကြားတွင်ပိတ်မိနေသူ ပြည်သူများအား ကာကွယ်ကယ်ထုတ်ရင်း အသတ်ပေးသွားခဲ့ပေပြီ။

သူ့မိတ်ဆွေ ရဲဘော်ရဲဘက်များမှာ သူ့အတွက် ဂုဏ်ပြုစကားဆိုရင်း အမှတ်ရလွမ်းဆွတ်နေကြသည်။

အချို့မိတ်ဆွေများက သူ့အတွက် ကဗျာများသီးကုံးပြီး ဂုဏ်ပြုကြသည်။ ထိုအထဲမှ ကဗျာတစ်ပုဒ်အား ပြန်လည်ဖော်ပြအပ်ပါသည်။

သူ
သူ့နာမည်နဲ့ဂုဏ်ပြုသီချင်းတွေမရှိဘူး
သူ့နာမည်နဲ့ဂုဏ်ပြုကဗျာတွေမရှိဘူး
တစ်ယောက်သောသူရဲ့ချစ်သူ
တစ်ယောက်သောသူရဲ့ သား
 တစ်နေရာမှာမြုပ်နှံခံလိုက်ရပြီ
စစ်မြေပြင်မှာကျဆုံးသွားခဲ့ပြီ
စခါစ ဘဝလေး စစ်ပွဲကယူသွားခဲ့ပြီ
ကောင်းကင်ပြာကြီးနဲ့မြက်ခင်းစိမ်းတွေဆီမှာ
သူပြုံးရွှင်စွာအသက်ရှင်ခဲ့ပါတယ်
အလေးနီပြုပါတယ်ဆရာနိုင်လင်း ။

ကိုနိုင်လင်း၏ နောက်ဆုံးခရီးအား ဒီကနေ့ ဇန်နဝါရီလ ၈ ရက် မနက်ပိုင်းတွင် လွိုင်ကော်မြို့တစ်နေရာတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required