“မြောက်ကိုရီးယားနဲ့ ဘယ်လိုဆက်ဆံရေးမျိုးက ဘာကောင်းကျိုးမှ မရနိုင်ဘူး”

“မြောက်ကိုရီးယားနဲ့ ဘယ်လိုဆက်ဆံရေးမျိုးက ဘာကောင်းကျိုးမှ မရနိုင်ဘူး”
ဓာတ်ပုံ -  ဟောင်ဆာ၊ ရာမည

အမေရိကန် သံအမတ်နှင့် မဇ္ဈိမ သီးသန့် အင်တာဗျူး

အမေရိကန် သံအမတ်ကြီး Derek Mitchell ၏  သံအမတ်ကြီး တာဝန်မပြီးဆုံး မီတွင် မဇ္ဈိမ အယ်ဒီတာချုပ် ဦးစိုးမြင့်က သူ့အားကိစ္စရပ် အမျိုးမျိုးနှင့် ပတ်သက်၍ တွေ့ဆုံမေးမြန်းခဲ့ပါသည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ အောင်ပွဲ၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ မြန်မာ-မြောက်ကိုရီးယား ဆက်ဆံရေးနှင့် ပတ်သက်၍ စိုးရိမ်ပူပန်စရာများ စသည့် အကြောင်းအရာများကို အဓိကထား မေးမြန်း ခဲ့ခြင်းဖြစ်သည်။ မစ္စတာ Mitchell သည် မကြာမီတွင် အမေရိကန် ပြည်ထောင်စုသို့  ပြန်လည် ထွက်ခွာတော့မည်ဖြစ်သည်။

မဇ္ဈိမ - နိုဝင်ဘာ ရွေးကောက်ပွဲမှာ NLD အောင်ပွဲရခဲ့တာနဲ့ ပတ်သက်ပြီး စမေးခွင့်ပြုပါ။  အစိုးရသစ် အာဏာရလာတဲ့အခါ အစိုးရသစ်အတွက် အဓိက စိန်ခေါ်မှုတွေဟာ ဘာတွေဖြစ်လိမ့်မယ်လို့ ခင်ဗျားထင်ပါသလဲ။

သံအမတ်ကြီး - သူတို့ အာဏာရလာတဲ့အခါမှာ စိန်ခေါ်မှုတွေ အများကြီး ရှိလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ရွေးကောက်ပွဲဟာ လူသစ်တွေကို တာဝန်လွှဲပြောင်း ပေးလိုက်တာပါ။ စိန်ခေါ်မှုတွေကတော့ အရင်အတိုင်း ဆက်ရှိနေမှာပါ။ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေး၊ အလုပ်အကိုင်တွေ ဖန်တီးပေးရေး၊ တရားမျှတမှု ဖော်ဆောင်ရေး၊ နိုင်ငံရဲ့မတူကွဲပြားမှုတွေ ကြားမှာ စည်းလုံးညီညွတ်မှု ဆောင်ကြဉ်းပေးရေးနဲ့ နိုင်ငံရဲ့ သွေးစည်း ညီညွတ်မှုကို အာမခံနိုင်ဖို့အတွက် လူတွေအကြား ယုံကြည်မှု တည်ဆောက် ပေးရေးနဲ့ Institution တွေ တည်ထောင်ရေး စတဲ့စိန်ခေါ်မှုတွေ ရှိနေမှာပါ။

သူတို့အတွက် စိန်ခေါ်မှုတွေ အများအပြား ရှိနေမှာဖြစ်ပြီး၊ အစိုးရအဖွဲ့ထဲကို ရောက်လာမယ့် ဘယ်အတိုက်အခံ ပါတီအတွက်မဆို အဓိက စိန်ခေါ်မှုကတော့ နိုင်ငံကို ကောင်းကောင်း အုပ်ချုပ်နိုင်ရေး၊ အစိုးရ Institution တွေ အားသိပ် မကောင်းသေးခင် အချိန်မှာ ထိထိရောက်ရောက်နဲ့ ချောချောမွေ့မွေ့ လုပ်ငန်းတာဝန်တွေ ဆောင်ရွက်နိုင်မယ့် အစိုးရအဖွဲ့ တစ်ဖွဲ့ ဖြစ်လာအောင် ဆောင်ရွက်ရေးပဲဖြစ် ပါတယ်။ ဒါကြောင့်မို့ သူတို့မှာ စိန်ခေါ်မှုတွေ အများကြီး ရှိနေမှာဖြစ်တဲ့အတွက် ကျွန်တော်တို့အားလုံး စိတ်ရှည်ဖို့ လိုပါတယ်။ ပြီးတော့ အောင်မြင်ဖို့အတွက် သူတို့ကို ကျွန်တော်တို့ ဘယ်လိုကူညီနိုင်မလဲ ဆိုတာကိုလည်း ကျွန်တော်တို့အားလုံး သေချာတွေးဖို့ လိုတယ်လို့ ကျွန်တော်ထင်ပါတယ်။ သူတို့အောင်မြင်ရေးနဲ့ ပတ်သက်ပြီး လူတိုင်းက တော်တော်လေး စိတ်ဝင်စားကြပါတယ်။ ဘာကြောင့်လဲ ဆိုတော့သူတို့ အောင်မြင်တယ်ဆိုရင် နိုင်ငံအောင်မြင်သလိုမျိုး အကျိုးသက်ရောက်မှာ ဖြစ်လို့ပါ။

မဇ္ဈိမ - နိုင်ငံထဲမှာရော နိုင်ငံပြင်ပမှာပါ မျှော်လင့်ထားတာတွေ အများကြီး ရှိနေ လိမ့်မယ်လို့ ယူဆရပါတယ်။ အစိုးရသစ်အတွက် နိုင်ငံတကာအသိုင်းအဝိုင်းကမျှော်လင့် ထားတာတွေက ဘာတွေဖြစ်နိုင်ပါသလဲ။ ဘာကြောင့်လဲဆိုတော့ ဒါဟာဒီမိုကရေစီအစိုးရပါ။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် နှစ်ပေါင်းများစွာ `ရုန်းကန်ပြီးမှမြန်မာမှာ ပေါ်ပေါက်လာတဲ့ အစိုးရပါ။ ဒါကြောင့်မို့ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ အမေရိကန်ပြည်ထောင်စုတို့က မျှော်လင့်ထားတာတွေက ဘာတွေဖြစ်နိုင်ပါသလဲ။

သံအမတ်ကြီး - အခုဆိုရင်ရွေးကောက်ခံထားရသူတွေ၊ ဒီမိုကရေစီလမ်းစဉ်တစ်ရပ်ကို အခြေခံပြီးရွေးကောက်ခံထားရသူတွေ၊ ဒီမိုကရေစီအတွက် နှစ်ပေါင်းများစွာတိုက်ပွဲ ဝင်ခဲ့တဲ့သူတွေ အစိုးရအဖွဲ့ထဲမှာ ရှိလာတော့မှာပါ။ ဒါကြောင့်မို့ ဒီမိုကရေစီဖွံ့ဖြိုးရေး ၊ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းအားထုတ်မှု ၊နိုင်ငံရေးပြုပြင်ပြောင်းလဲမှုဆိုင်ရာ ကြိုးပမ်းအားထုတ်မှု စတာတွေအားကောင်းလာပြီး အရှိန်အဟုန်နဲ့ ရှေ့ဆက်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေ မရှိတော့တာမျိုး၊ မီဒီယာတွေနဲ့ ဖေ့စ်ဘွတ်ခ်ပေါ်မှာရေးမိတာတွေနဲ့ ပတ်သက်ပြီး ဒါမှမဟုတ်လမ်းတွေပေါ်မှာအမြင်တွေ ထုတ်ဖော်ဆန္ဒပြတာနဲ့ ပတ်သက်ပြီးအကျဉ်းချ ခံရတဲ့အဖြစ်တွေ အဆုံးသတ်သွားတာမျိုးကို ကျွန်တော်တို့တွေ့မြင်ချင်ပါတယ်။

စီးပွါးရေးဖွံ့ဖြိုးမှုနဲ့ ရင်းနှီးမြုပ်နှံမှုတွေဖြစ်ထွန်းပြီး၊ အလုပ်အကိုင်တွေဖန်တီးနိုင်ကာ၊ လုပ်ငန်းခွင်ဆိုင်ရာ စံနှှုန်းတွေမြင့်တင်နိုင်ဖို့အတွက် ပိုပြီးပွင့်လင်းတဲ့စီးပွါးရေး ဆောင်ရွက်မှု မျိုးဖြစ်ထွန်းလာ လိမ့်မယ်လို့လည်း ကျွန်တော်တို့မျှော်လင့်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။ မြန်မာနိုင်ငံအတွက်စိန်ခေါ်မှုတွေ တသီတတန်းကြီးနဲ့ ပတ်သက်ပြီးကျွန်တော်တို့ မျှော်လင့်ထားတာတွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ကျွန်တော်တို့ စိတ်ရှည်ရပါမယ်။

ငြိမ်းချမ်းရေးဆိုတာ နေ့ချင်းညချင်းဖြစ်လာမှာ မဟုတ်ပါဘူး။ ယုံကြည်မှုဆိုတာကို နေ့ချင်းညချင်းတည်ဆောက်နိုင်မှာ မဟုတ်ပါဘူး။ လူသန်းပေါင်းများစွာအတွက် အလုပ်တွေနေ့ချင်းညချင်းပေါ်လာမှာ မဟုတ်ပါဘူး။ ဒါပေမဲ့တိုးတက်မှုတွေ ၊ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်အရှိန်မြင့်တင်ဖို့ ပွင့်လင်းမြင်သာမှုတွေ အဲဒါတွေကိုတော့ ကျွန်တော်တို့ တွေ့မြင်ချင်ပါတယ်။

မဇ္ဈိမ - ဒါဆိုရင် နိုင်ငံတကာအသိုင်းအဝိုင်း ဟာစိတ်ရှည်လိမ့်မယ် ၊မြန်မာနိုင်ငံရဲ့ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကိုဆက်ပြီး ကူညီပံ့ပိုးပေး လိမ့်မယ်ဆိုတဲ့ သဘောပေါ့။

သံအမတ်ကြီး -  ဟုတ်ပါတယ်။

မဇ္ဈိမ - နည်းနည်းပိုပြီးကျယ်ပြန့်တဲ့ အကြောင်းအရာတစ်ခုကို မေးခွင့်ပြုပါ။ ဝါရှင်တန်ရဲ့ အာရှယိမ်းတဲ့မူဝါဒမှာ မြန်မာဟာဘယ်လို အနေအထားမျိုးနဲ့ အံဝင်နိုင်ပါသလဲ။

သံအမတ်ကြီး - ယေဘုယျအားဖြင့် အာရှဟာအမေရိကန်နဲ့ ကမ္ဘာကြီးအတွက်  အလွန်ကိုအရေးကြီးပါတယ်။ အဲဒီဒေသဟာကမ္ဘာပေါ်မှာ သက်ဝင်လှှုပ်ရှားမှု အရှိဆုံးဒေသပါ။ အာရှမှာနိုင်ငံရေးအရ အရေးပါလှတဲ့သူတွေ၊ စီးပွါးရေးအရ အရေးပါလှတဲ့ သူတွေရှိနေပါတယ်။ အာရှရဲ့ စီးပွါးရေးဖွံ့ဖြိုးမှုဟာ တခြားဘယ်ဒေသထက်ကို မဆိုပိုပြီး မြန်ပါတယ်။ကျွန်တော်တို့ရဲ့  အဓိကကုန်သွယ်ဘက်တွေထဲက အများစုဟာဒီဒေသကပါ။ဒီဒေသမှာ၊တခြား ဘယ်နိုင်ငံထက်မဆို ကျွန်တော်တို့ ကပိုပြီးရင်းနှီးမြုပ်နှံထားပါတယ်။ ဒါကြောင့်မို့ အမေရိကန်ပြည်ထောင်စုဟာ ဒေါ်လာထရီလီယံနဲ့ ချီတဲ့ကုန်သွယ်မှုတွေ အာရှမှာလုပ်နေပါတယ်။ ဒါကြောင့်မို့ အာရှမှာ ကျွန်တော်တို့ရဲ့အကျိုးစီးပွါးတွေ အများကြီးရှိနေပါတယ်။ အာရှဘက်ကို ဦးစားပေးတာဟာ အဲဒီအချက်ကို အသိအမှတ်ပြုမှု တစ်ခုပါ။

၂၁ရာစုမှာ အာရှဟာကမ္ဘာမှာ ဖွံ့ဖြိုးတိုးတက်မှုတွေ အများအပြားဖြစ်ထွန်းမယ့်ဒေသဖြစ်ကြောင်းနဲ့ ၂၁ရာစုသမိုင်းရဲ့ အစိတ်အပိုင်းတော်တော်များများကို ရေးမယ့်ဒေသဖြစ်ကြောင်းကို အိုဘားမားအစိုးရက အသိအမှတ်ပြုခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာအာရှရဲ့ လမ်းဆုံလမ်းခွ အနေအထား ၊တောင်အာရှ သက်ဝင်လှုပ်ရှားမှုရဲ့ အချက်အချာအနေအထား၊ ပြီးတော့ အရှေ့တောင်အာရှနဲ့ အာရှမှာသက်ဝင် လှုပ်ရှားမှု ရှိတဲ့အနေအထားမျိုးဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီနိုင်ငံဖွံ့ဖြိုးတိုးတက်နိုင်မယ်ဆိုရင်၊ ဒီနိုင်ငံဟာနိုင်ငံရေးအတွက် သာမကစီးပွါးရေးပြုပြင်ပြောင်းလဲမှုတွေ၊ ဖွံ့ဖြိုးရေး၊ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးတွေနဲ့ ပတ်သက်ပြီး လမ်းကြောင်းမှန်ပေါ်ရောက်နိုင်မယ်ဆိုရင်၊  အိမ်နီးချင်းနိုင်ငံတွေနဲ့ ဒေသတွင်းတည်ငြိမ်ရေးအတွက် အများကြီးအကျိုးရှိစေမယ့် လုံခြုံရေးမျိုးရှိလာမယ်ဆိုရင် ၊ဒေသကြီး တစ်ခုလုံးနဲ့ မြန်မာနိုင်ငံ မှာအကြီးအကျယ်ဒုက္ခပေးနေတဲ့ ဆေးယဉ်ပါးသွားတဲ့ ငှက်ဖျားပိုးကိစ္စ၊ HIV နဲ့တီဘီစတဲ့ ပြဿနာတွေကို ကျော်လွှားနိုင်စွမ်းရှိမယ်ဆိုရင် အဆင်ပြေမှာပါ။ မြန်မာနိုင်ငံလမ်းကြောင်းမှန်ပေါ် ရောက်လာမယ် ဆိုရင်၊ မြန်မာနိုင်ငံရဲ့  ပြုပြင်ပြောင်းလဲရေးကို ကူညီပံ့ပိုးပေးပြီး မြန်မာနိုင်ငံအတွင်း စိန်ခေါ်မှုတွေကို ကိုင်တွယ်ကျော်လွှားနိုင်မယ်ဆိုရင် အဲဒါဟာအမေရိကန်ရဲ့ အကျိုးစီးပွါးတွေ အပါအဝင်ပြင်ပကမ္ဘာ အတွက်လည်း အများကြီးအကျိုးရှိမှာပါ။

မဇ္ဈိမ - တရုတ်နိုင်ငံ ကိစ္စကရော။ အဲဒီမူဝါဒမှာ၊ မြန်မာနိုင်ငံအပေါ် တရုတ်လွှမ်းမိုးမှုကို တန်ပြန်ဖို့ဘယ်လောက် ပါဝင်နေပါသလဲ။ ခင်ဗျားဟာတရုတ်ရေးရာ ကျွမ်းကျင်သူတစ်ဦးပါ။ ကျွန်တော်နားလည်ထား တာကတော့၊ ခင်ဗျားကို မြန်မာနိုင်ငံမှာ တာဝန်ထမ်းဆောင်ဖို့ (အမေရိကန်အစိုးရက) ခန့်အပ်တုန်းက၊ ဒေသအတွင်းတရုတ်ကိစ္စနဲ့ ပတ်သက်တဲ့မူဝါဒတစ်ခုရဲ့  အစိတ်အပိုင်းတစ်ရပ် လည်းဖြစ်မယ် ထင်တယ်။

သံအမတ်ကြီး - ကျွန်တော့်ကို ဒီရာထူးမှာခန့်ထားတာက တရုတ်ကိစ္စနဲ့ ဘာမှမဆိုင်ပါဘူး။ တရုတ်နိုင်ငံအကြောင်း ကျွန်တော်ကျွမ်းကျင်တယ်ဆိုတာနဲ့ မဆိုင်ပါဘူး။ ဂျပန်နဲ့ ကိုရီးယားအရေးတွေကိုလည်း ကျွန်တော်ကျွမ်းကျင်ပါတယ်။ ပြီးတော့ ကျွန်တော်တို့ပညာရှင် အဖွဲ့တစ်ဖွဲ့ရဲ့ အရှေ့တောင်အာရှရေးရာ အစီအစဉ်တစ်ခုကိုလည်း ကျွန်တော်ဦးဆောင်နေတာပါ။ ကျွန်တော်ဒီကိုစပြီး ရောက်လာခဲ့တဲ့ ၁၉၉၅ ခုနှစ်ကတည်းက ကျွန်တော်ဟာ ဒီနိုင်ငံအကြောင်းနဲ့ ပတ်သက်ပြီးဆောင်ရွက်နေခဲ့ ၊တွေးတောနေခဲ့တာပါ။ ဒီနိုင်ငံအပေါ်ရေရှည်ချစ်ခင်တွယ်တာစိတ် ကျွန်တော့်မှာရှိပါတယ်။

ကျွန်တော်ဟာ သံတမန်တစ်ဦးအဖြစ်၊ အခုနောက်ပိုင်းမှာ သံအမတ်ကြီးတစ်ဦးအဖြစ် မြန်မာနိုင်ငံကို ကူညီနိုင်လိမ့်မယ်လို့အိုဘားမား အစိုးရအဖွဲ့က အကဲဖြတ်ပြီးကျွန်တော့်ကို ခန့်အပ်ခဲ့တာပါ။ ကျွန်တော့်ကို ခန့်အပ်ခဲ့ခြင်းဟာ၊ တရုတ်နိုင်ငံအကြောင်း ကျွန်တော်ကျွမ်းကျင်တယ်ဆိုတာနဲ့ ဘာမှမပတ်သက်ပါဘူး။ တကယ်တမ်းမှာ၊ ကျွန်တော်ဒီကိုလာခဲ့တဲ့အချိန်မှာ တရုတ်ရေးရာနဲ့ ပတ်သက်တဲ့ အလုပ်တွေအားလုံးကို ဘေးဖယ်ထားခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့၊ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် ကျွန်တော်ဒီမှာ လုပ်နေရတာနဲ့ ဘာမှမပတ်သက်လို့ပါပဲ။

ကျွန်တော်တို့ရဲ့  မူဝါဒဟာမြန်မာနိုင်ငံအပေါ်မှာ အခြေခံထားတာပါ။ ကျွန်တော်တို့မှာ အရင်ကတည်းက ရှိခဲ့တဲ့မူဝါဒကိုချဲ့ထွင်ထားတာဖြစ်ပြီး လူတွေဟာအဲဒါနဲ့ ပတ်သက်ပြီးဆွေးနွေး ငြင်းခုန်နိုင်ပါတယ်။ အရင်ကမူဝါဒဟာ သီးသန့်ထားရှိမှုတွေ၊ ခပ်တန်းတန်းဆက်ဆံမှုတွေနဲ့ ထိုးနှက်မှုတစ်မျိုးအသွင်၊ မူဝါဒခပ်ကြမ်းကြမ်းနဲ့ အပြောင်းအလဲ ဖြစ်ပေါ်ရေးဆန္ဒတစ်ခုအပေါ် အခြေခံထားခဲ့တာပါ။ စေ့စပ်ဆွေးနွေး မှုတွေ၊ ဆွေးနွေးညိနှိုင်းမှုဆိုင်ရာ စည်းမျဉ်းတွေနဲ့ အပြောင်းအလဲ ဆောင်ကြဉ်းပေးဖို့အတွက် ကျွန်တော်တို့ ပိုလုပ်ကောင်းလုပ်နိုင်လိမ့်မယ်လို့ စဉ်းစားတွေးခေါ်ပြီး အခုစမ်းသပ်ကြည့်တာပါ။

မြန်မာနိုင်ငံဟာဆင့်ကဲပြောင်းလဲ လာတဲ့အတွက်ကျွန်တော်တို့ရဲ့ မူဝါဒလည်းဆင့်ကဲ ပြောင်းလဲလာခဲ့တာလို့ ကျွန်တော်ထင်ပါတယ်။ တရုတ်ရေးရာနဲ့ ဘာမှမပတ်သက်ပါဘူး။ မြန်မာနိုင်ငံဟာ အိမ်နီးချင်းနိုင်ငံတွေအားလုံးနဲ့ ဆက်ဆံရေးကောင်းမွန်ဖို့လိုတယ်လို့ ကျွန်တော်ယူဆပါတယ်။ ဒါကြောင့်တရုတ်နိုင်ငံနဲ့ လည်းဆက်ဆံရေးကောင်းဖို့ လိုပါတယ်။ မြန်မာနိုင်ငံတည်ငြိမ်ပြီး လုံခြုံမှုရှိဖို့ဆိုရင် ဆက်ဆံရေးကောင်းမွန်ဖို့လိုပါတယ်။ အဲဒါအတွက်တရုတ်နိုင်ငံမှာ လည်းတာဝန်ရှိပါတယ်။

ဒါပေမဲ့ "မြန်မာနိုင်ငံဟာ  တခြားနိုင်ငံတစ်ခုခုနဲ့ ဆက်ဆံရေးကိုစတေးပြီး အမေရိကန်နဲ့စေ့စပ်ဆွေးနွေးဖို့ကို ရွေးချယ်ရမယ်" ဆိုပြီးမြန်မာနိုင်ငံကို အကျပ်ကိုင် ပြောဆိုတာမျိုး ကျွန်တော်တို့ မလုပ်သင့်ပါဘူး။ လုပ်လည်းမလုပ်ပါဘူး။ မြန်မာနိုင်ငံအနေနဲ့လည်း အဲဒီလိုလုပ်နိုင်မှာ မဟုတ်ပါဘူး။ ပြီးတော့ဘယ်နိုင်ငံက၊ ဒီမှာရှိတဲ့အစိုးရအနေနဲ့ တခြားနိုင်ငံတစ်ခုခုနဲ့ ဆက်ဆံရေးကိုစတေးပြီး သက်ဆိုင်ရာ နိုင်ငံနဲ့ ပဲပြေလည်အောင်လုပ်ရမယ်လို့ ပြောခွင့်မရှိပါဘူး။ ကျွန်တော်တို့ အားလုံးစိတ်ဝင်စား နေတာက ဒီနိုင်ငံအောင်မြင်ရေး ၊ပြုပြင်ပြောင်းလဲရေးအတွက် လက်တွဲဆောင်ရွက်ရေး၊ ဒီမိုကရေစီအကူးအပြောင်းမှာ ကူညီရေး၊ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်အောင်ကူညီရေး၊ မြန်မာနိုင်ငံရဲ့ အလားအလာတွေကို ကူညီဖြည့်ဆည်းပေးရေးတွေပါ။ အဲဒါဟာရေရှည် လုပ်ဆောင်သွားမယ့် အရာလည်းဖြစ်ပါတယ်။

မဇ္ဈိမ - ဒါဆိုရင် မြန်မာနိုင်ငံအပေါ် တရုတ်လွှမ်းမိုးတာနဲ့ ပတ်သက်ပြီးစိုးရိမ် ပူပန်မှုမရှိဘူးလို့ ခင်ဗျားဆိုလိုချင်တာလား။

သံအမတ်ကြီး - မစိုးရိမ်ပါဘူး။ အဲဒါနဲ့ပတ်သက်ပြီးမြန်မာနိုင်ငံက စိုးရိမ်နေမှသာ ကျွန်တော်လည်းစိုးရိမ်မှာပါ။ တကယ်လို့ မြန်မာနိုင်ငံသားတွေမှာ ပြဿနာတစ်ခုခုရှိတယ်ဆိုရင် အဲဒါတွေကို ကျွန်တော်တို့ နားထောင်ပေးမှာပါ။ ဒါပေမဲ့သူတို့ရဲ့ကိုယ်ပိုင် ကိစ္စရပ်တွေမှာ ဆုံးဖြတ်ခွင့်ရှိတာဟာ အမေရိကန်မဟုတ်ပါဘူး။ အဲဒီနိုင်ငံကလူတွေပဲ ဆုံးဖြတ်ရမှာပါ။ မြန်မာနိုင်ငံနဲ့ တခြားနိုင်ငံတစ်ခုရဲ့ ဆက်ဆံရေးနဲ့ ပတ်သက်ပြီး တတိယနိုင်ငံ တစ်ခုခုကပြောတာကိုလည်း သူတို့နားမထောင်သင့်ပါဘူး။ အဲဒါနဲ့ပတ်သက်ပြီး ခြွင်းချက် တစ်ခုတော့ရှိပါတယ်။ အဲဒါကမြောက်ကိုရီးယားကိစ္စပါ။ ဒါပေမဲ့အဲဒါဟာလည်း အလွန်ကွဲပြားတဲ့ ကိစ္စတစ်ခုပါ။

မြောက်ကိုရီးယား ကိစ္စကတော့ခြားနားပါတယ်။ ဘာကြောင့်လဲဆိုတော့ မြောက်ကိုရီးယားဟာ လက်နက်မပြန့်ပွါးရေး စံသတ်မှတ်ချက်တွေနဲ့ ပတ်သက်တဲ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွေကို ချိုးဖောက်နေလို့ပါ။ ကမ္ဘာအရပ်ရပ်ကဆိုးသွမ်းတဲ့ ဇာတ်ဆောင်တွေထဲမှာ မြောက်ကိုရီးယားက အဆိုးဆုံးပါ။ မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးကနေဘာကောင်းကျိုးမှ မရနိုင်ပါဘူး။ ဒီနိုင်ငံရဲ့ ကောင်းကျိုးကို သူတို့စိတ်မဝင်စားပါဘူး။ ဒီဒေသရဲ့ကောင်းကျိုးကိုလည်းသူတို့ စိတ်မဝင်စားပါဘူး။ ဒီဒေသရဲ့လုံခြုံရေးကိုလည်း သူတို့စိတ်မဝင်စားပါဘူး။ သူတို့ဟာသူတို့လုပ်ရပ်တွေရဲ့ အကျိုးဆက်တစ်ခုအဖြစ် နိုင်ငံတကာကပိတ်ဆို့ ဒဏ်ခတ်မှုကိုခံနေရပြီး အထီးကျန်နေတာပါ။  

သူတို့ဟာ သူတို့လုပ်ခဲ့တာတွေကြောင့် ခြွင်းချက်တစ်ခုဖြစ်နေပါတယ်။ ပြီးတော့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ တစ်နည်းအားဖြင့် ကမ္ဘာကြီးရဲ့ပိတ်ဆို့ အရေးယူမှုကိုလည်း ခံနေရပါတယ်။ မြန်မာနိုင်ငံဟာ မြောက်ကိုရီးယားနဲ့ ဆက်ဆံရေး အပေါ်လေးလေးနက်နက် တွေးတောသင့်ပါတယ်။ သံတမန်ဆက်ဆံရေး တစ်ရပ်ရှိနေပြီး၊ စစ်ရေးဆက်ဆံမှုနဲ့ ပတ်သက်ပြီးတော့လည်း ကျွန်တော်တို့ ဆီမှာမေးခွန်းတချို့ရှိနေဆဲပါပဲ။

မဇ္ဈိမ - မြန်မာ - မြောက်ကိုရီးယား ဆက်ဆံရေးနဲ့ ပတ်သက်ပြီးခင်ဗျားရဲ့ စိုးရိမ်ပူပန်မှုတွေက ဘာတွေပါလဲ။ အထူးသဖြင့် နျူကလီးယားဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ကဏ္ဍနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှု ရှိလား။

သံအမတ်ကြီး - ဘာတွေဖြစ်နေတယ်၊ ဘာတွေဖြစ်မနေဘူးဆိုတာကို ဒီမြန်မာအစိုးရနဲ့ ကျွန်တော်တို့ပိုဆွေးနွေးဖြစ်လေ ကျွန်တော်တို့ပိုပြီးအားတက်လေလို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော် ဒီကိုမရောက်သေးခင်တုန်းကရော၊ ရောက်တဲ့ကာလကစပြီးတော့ရော အဲဒီကိစ္စဆွေးနွေးညိနှိုင်းမှုနဲ့ ပတ်သက်ပြီးတိုးတက်မှု အများအပြားရှိခဲ့ပါတယ်။ ကျွန်တော်တို့မှာ ရှိနေတဲ့မေးခွန်းတချို့ကတော့ အရင်က ဆက်ဆံရေးအခြေအနေ၊ သံတမန်ဆက်ဆံရေး၊ လက်ရှိဆက်ဆံရေး အခြေအနေစတာတွေနဲ့ ပတ်သက်ပြီး နည်းနည်းလောက်ပိုပြီး ပွင့်လင်းမြင်သာမှု ရှိဖို့ပဲဖြစ်ပါတယ်။

[မှတ်ချက်။       ။မြောက်ကိုရီးယားသည် နျူကလီးယားစမ်းသပ်မှု တစ်ရပ်ပြုလုပ်ခဲ့ကြောင်း မကြာသေးမီရက်ပိုင်းအတွင်းက သတင်းများထွက်ပေါ်လာခဲ့သည်။] ဒါပေမဲ့ အဲဒီစမ်းသပ်မှုနဲ့ ပတ်သက်ပြီး အင်တာဗျူးတွေ အရအဲဒါဟာ နျူလီးယားသပ်မှု တစ်ခုဟုတ်မဟုတ်မသေချာသေးပါဘူးလို့ ကျွန်တော်ထင်ပါတယ်။ အဲဒါဟာ နျူကလီးယားစမ်းသပ်မှု တစ်ခုဖြစ်နိုင်ကြောင်း ကျွန်တော်တို့ ခန့်မှန်းထားပေမဲ့ ဟုတ်မဟုတ်ကိုနောက်ပိုင်းမှာမှ အတည်ပြုနိုင်မှာပါ။ တကယ်လို့အဲဒါဟာ နျူကလီးယားစမ်းသပ်မှု တစ်ခုတကယ်ဟုတ်နေတယ်ဆိုရင်တော့ ကမ္ဘာ့နိုင်ငံအားလုံးအနေနဲ့၊ အဲဒီစမ်းသပ်ချက်ဟာနိုင်ငံတွေရဲ့  လုံခြုံရေးအပေါ်ဘယ်လိုအကျိုး သက်ရောက်လိမ့်မလဲ၊ နိုင်ငံတကာလုံခြုံရေးကို ကာကွယ်စောင့်ရှောက်ဖို့ ဘယ်လိုအခန်းကဏ္ဍတွေကနေ တာဝန်ယူဆောင်ရွက်သင့်သလဲ၊ အကျိုးဆက် တစ်ခုအနေနဲ့ မြောက်ကိုရီးယားကို ဘယ်လိုဆက်ဆံသင့်သလဲ စတာတွေကို သုံးသပ်အကဲဖြတ်ဖို့ လိုအပ်လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒီနိုင်ငံ [မြန်မာနိုင်ငံ] ဟာလည်းကမ္ဘာ့နိုင်ငံတွေထဲက တစ်ခုဖြစ်တာမို့အဲဒါနဲ့ ပတ်သက်ပြီးတွေးတော သုံးသပ်ရမှာပါ။

မဇ္ဈိမ - မြောက်ကိုရီးယား - မြန်မာဆက်ဆံရေးနဲ့ ပတ်သက်ပြီး NLD ကို၊အစိုးရသစ်ကိုဘယ်လို တိတိကျကျ Message ပေးချင်ပါသလဲ။

သံအမတ်ကြီး - မြောက်ကိုရီးယားနဲ့ ဘယ်လိုဆက်ဆံရေးမျိုးက ဖြစ်ဖြစ်ဘာကောင်းကျိုးမှ မရနိုင်ဘူးဆိုပြီး ကျွန်တော်ပေးခဲ့တဲ့ Message ကိုပဲထပ်ပြောချင်ပါတယ်။ သူတို့ဟာဒီနိုင်ငံကို ဘာအကျိုးစီးပွါးမှ ဆောင်ကြဉ်းပေးမှာ မဟုတ်ပါဘူး။ သူတို့ဟာ ပြဿနာတွေကိုပဲဖြစ်စေမှာပါ။ သူတို့တကယ် စိတ်ဝင်စားတာတစ်ခု ပဲရှိပါတယ်။ အဲဒါဟာဒီကလူတွေရဲ့ အကျိုးစီးပွါးမဟုတ်ပါဘူး။ သူတို့နိုင်ငံသားတွေရဲ့ အကျိုးစီးပွါးတောင် မဟုတ်ပါဘူး။ နိုင်ငံတကာစံသတ်မှတ်ချက်တွေ၊ နိုင်ငံတကာဥပဒေတွေ၊ လက်နက်မပြန့်ပွါးရေး စည်းမျဉ်းတွေနဲ့ နိုင်ငံတကာလုံခြုံရေး စည်းမျဉ်းတွေကို ဆက်ပြီးချိုးဖောက်နေတဲ့ ပြုံးယမ်းက ဆိုးရွားလှတဲ့အစိုးရရဲ့  လုံခြုံရေးကိုပဲ သူတို့စိတ်ဝင်စားတာပါ။ ဒါကြောင့်မို့သူတို့နဲ့ ဆက်ဆံဖို့တွေးပြီဆိုရင် သေချာစဉ်းစားဖို့လိုပါတယ်။ အဲဒါဟာဒီနိုင်ငံအတွက် ဘယ်လိုအကျိုးသက်ရောက်မလဲ၊ ဒီဒေသအတွက်ရော ဘယ်လိုအကျိုးသက်ရောက် လိမ့်မလဲဆိုတာကို စဉ်းစားဖို့လိုပါတယ်။

မဇ္ဈိမ- ခင်ဗျားဟာ ၁၉၉၀ နောက်ပိုင်းမှာ မြန်မာနိုင်ငံဆိုင်ရာ ပထမဆုံး အမေရိကန်သံ အမတ်ကြီးဖြစ်ပါတယ်။ ပြီးတော့မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အထူးညိနှိုင်းရေးမှူး တစ်ဦးလည်းဖြစ်ခဲ့ပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ဘယ်လိုမြင်ပါသလဲ။ ခင်ဗျားရည်မှန်းထားတဲ့အရာတွေ ရရှိအောင်မြင်ခဲ့တယ်လို့ ထင်ပါသလား။ ခင်ဗျားရည်မှန်းထားခဲ့တဲ့ အဓိကတာဝန်တွေက ဘာတွေလဲ။

သံအမတ်ကြီး - အစပိုင်းမှာတော့ အဓိကလုပ်ငန်းတာဝန်က၊ ကျန်ရှိနေသေးတဲ့ပိတ်ဆို့ ဒဏ်ခတ်မှုတွေနဲ့ ထိန်းညိရင်း လက်ရှိအစိုးရ၊ စစ်ဘက်နဲ့တခြားသူတွေနဲ့ ဆွေးနွေးညိနှိုင်းခြင်းဟာ ကျွန်တော်တို့မှာရှိတဲ့၊ မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးဆိုင်ရာ ရည်မှန်းချက်တွေကို ပိုပြီးတိုးတက် လာစေနိုင်မလားဆိုတာကို စမ်းသပ်တာပဲဖြစ်ပါတယ်။ ရိုရှင်းတဲ့နည်းဖြစ်တဲ့ ပိတ်ဆို့အထီးကျန်စေခြင်း၊ ဝိုင်းကြဉ်ခြင်းစတာတွေထက် ပိုကောင်းမလားဆိုတာကို စမ်းသပ်တာပဲဖြစ်ပါတယ်။ စံနှုန်းတွေကို ထိန်းသိမ်းထားရင်း ချိန်ညိချဉ်းကပ်တာဟာ တိုးတက်စေနိုင်မလားပေါ့။

ဆက်လက်ဖေါ်ပြပါမည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly