မတူပီမြို့နယ်ရှိ ဆဘောင်းသဲ စစ်ကောင်စီတပ်စခန်း ရုပ်သိမ်း

မတူပီမြို့နယ်ရှိ ဆဘောင်းသဲ စစ်ကောင်စီတပ်စခန်း ရုပ်သိမ်း

ဇန်နဝါရီလ ၈ ရက်

ချင်းပြည်နယ် မတူပီ မြို့နယ်ရှိ ဆဘောင်းသဲ စစ်ကောင်စီတပ်စခန်း ရုပ်သိမ်းသွားကြောင်း ချင်းအမျိုးသားတပ်မတော် (CNA) ပြောခွင့်ရသူ ဆလိုင်းထက်နီက ပြောသည်။

“အင်အား ၂၀ လောက် ရှိမယ်။ အဲဒီစခန်းက လူတွေကို ရဟတ်ယာဉ် သုံးစီးနဲ့ လာခေါ်သွားကြတာ” ဟု ၎င်းက ပြောသည်။

အဆိုပါ စခန်းသည် အိန္ဒိယနိုင်ငံနှင့် ၁၀ မိုင်ခန့် ကွာဝေးသည့် နေရာတွင် ရှိပြီး ဇန်နဝါရီလ ၅ ရက် နေ့တွင် ရုပ်သိမ်းသွားခြင်း ဖြစ်သည်။

ယခုကဲ့သို့ တပ်စခန်းတစ်ခုကို စွန့်ခွာ ရုပ်သိမ်းသော်လည်း စစ်ကောင်စီက ချင်းပြည်နယ် ဖလမ်းမြို့နယ်ရှိ ဝေဘူလမြို့သို စစ်အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင်ရန် ပြင်ဆင်နေကြောင်း ၎င်းက ဆိုသည်။

မတူပီ - ဟာခါး လမ်းမပေါ်ရှိ ဖနိုင်နှင့် ငလိုင်ရွာအကြားတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သည့်နည်းတူ ကီးလှုန်း နှင့် လုံလှော်ရွာဘက်တွင်လည်း CDF-Matu အပါအဝင် ညီနောင် မဟာမိတ်များ ဖြစ်သည့် ချင်းကာကွယ်ရေး တပ်ဖွဲ့ (ဇိုတုန်း) CDF - ZoTung ၊ ချင်းကာကွယ်ရေးတပ်ဖွဲ့ (လောက်တူး) CDF-Lautu တို့နှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ကာ ယနေ့အချိန်ထိ စစ်ရေးတင်း မာလျက်ရှိကြောင်း ဆလိုင်းထက်နီက ပြောသည်။

မင်းတပ်မြို့နယ်တွင်မှု တိုက်ပွဲများ မဖြစ်ပွားသော်လည်း စစ်ကောင်စီတပ်များက အင်အားတိုးချဲ့လျက် နယ်မြေ ရှင်းလင်းခြင်းများ လုပ်နေသည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required