တောင်တရုတ်ပင်လယ်၌ ပြဿနာများကို ဖြစ်စေရန် လှုံ့ဆော်နေသည့် ယုံတမ်းစကားများ

By The Interpreter
08 January 2022
တောင်တရုတ်ပင်လယ်၌ ပြဿနာများကို ဖြစ်စေရန် လှုံ့ဆော်နေသည့် ယုံတမ်းစကားများ

ဇန်နဝါရီ  ၈

တရုတ်သည် ရန်လိုဟန်ရှိပြီး နယ်ချဲ့လိုသော စစ်ရေးပါဝါ နိုင်ငံတစ်နိုင်ငံဖြစ်သည်ဟု အမေရိကန် အရာရှိများက မကြာခဏ ပြောဆိုတတ်သလို တဘက်တွင်လည်း တရုတ်အစိုးရ ရင်းမြစ်ဌာနများကလည်း တူညီသော အသုံးအနှုန်းများဖြင့်ပင် အမေရိကန်ကို ပြန်လည်ဝေဖန်သည်။ နှုတ်အားဖြင့် စကားနိုင်လုခြင်းက တရုတ်နှင့် အမေရိကန်အကြား ရှေ့ကာလတစ်ခုတွင် စစ်ပွဲတစ်ခု ဖြစ်နိုင်သည့် အလားအလာနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုကိုသာ မြင့်တက်ထားစေခဲ့ကာ သြစတြေးလျသည် အမေရိကန်ဘက်ကနေ ဝင်ပါနိုင်ဖွယ်ရာရှိသည့် နိုင်ငံတစ်နိုင်ငံအဖြစ် ရှိနေသည်။ စစ်ပွဲတစ်ခု ဖြစ်စေရန် လှုံ့ဆော်နေသည့် ဖြစ်နိုင်ခြေ အရှိဆုံး အခြေအနေတစ်ခုက တောင်တရုတ်ပင်လယ်တွင်းရှိ အငြင်းပွား နယ်မြေများနှင့် သင်္ဘောအသွားအလာလမ်းကြောင်းများကို ထိန်းချုပ်ရန် တရုတ်၏ ကြိုးပမ်းမှုတစ်ရပ် သို့မဟုတ် ထိုင်ဝမ်ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အတင်းအကျပ် ပေါင်းစည်းစေရန် ကြိုးပမ်းမှုကနေ အကြောင်းပြုထွက်ပေါ်နေသည်ဟု ရှုမြင်ရသည်။

တောင်တရုတ်ပင်လယ်နှင့် ပတ်သက်သည့် ယုံတမ်းစကား တသီတတန်းက တင်းမာမှု ဖြစ်စေရန် လှုံ့ဆော်ထားခဲ့သည်။ အဆိုပါ ခေတ်ဟောင်းမှ အတွေးအမြင်များအနက် အထူးသဖြင့် ငါးခုကို ချေပငြင်းဆိုသင့်သည်။

ယုံတမ်းစကား (၁) ။ တောင်တရုတ်ပင်လယ်သည် အလွန်အရေးပါသော သင်္ဘောသွားလာမှု လမ်းကြောင်းတစ်ခု ဖြစ်ပြီး ဖြစ်နိုင်ခြေတစ်ခုက တရုတ်၏ ခြိမ်းခြောက်မှုကို ခံနေရသည်

မကြာခဏ ထောက်ပြပြောဆိုခဲ့သလိုပင် ဒေါ်လာ ၃ ထရီလီယံနှင့် ၅ ထရီလီယံအကြား တန်ဖိုးရှိ ကုန်စည်များသည် နှစ်စဉ် တောင်တရုတ်ပင်လယ်ကို ဖြတ်သန်းကာ ကုန်သွယ်နေပြီး ကမ္ဘာ့ ကုန်သွယ်မှု၏ သုံးပုံတစ်ပုံ ခန့်ပမာဏနှင့် ညီမျှနေသည်။ ယင်းက တရုတ်အတွက် အရေးပါသော လမ်းကြောင်း ဖြစ်စေပြီး ယင်းအတွက်ကြောင့်လည်း တရုတ်သမ္မတ ရှီကျင့်ဖျင်က ခါးပတ်တစ်ကွင်း၊ လမ်းတစ်စင်း စီမံကိန်းကို မည်သည့်အတွက်ကြောင့် အလွန် စိတ်အားထက်သန်နေသလဲ ဆိုသည်ကို ကူညီ ရှင်းပြနိုင်သည်။ ခါးပတ်တစ်ကွင်း၊ လမ်းတစ်စင်း စီမံကိန်း၏ အဓိကက တရုတ်ကနေ အနောက်ပိုင်း အာရှ နှင့် ဥရောပသို့ ကုန်းလမ်း ပို့ဆောင်ရေး လမ်းကြောင်းများ ဖော်ဆောင်ခြင်း ဖြစ်သည်။

သို့ရာတွင် သြစတြေးလျ ဝိုင်ထုတ်လုပ်သူများ၊ ကျောက်မီးသွေးတူးဖော်သူများ သိရှိထားပြီးဖြစ်သည့်အတိုင်း တရုတ်သည် ယင်း၏ ကုန်သွယ်မှု စီးဆင်းရာ လမ်းကြောင်းများကို ထိန်းချုပ်ရန် ပင်လယ်ရေကြောင်း ရေတပ်ပါဝါ မလိုအပ်ပေ။

တရုတ်မှတစ်ပါး အခြားနိုင်ငံများအတွက် တောင်တရုတ်ပင်လယ်ကို ထိန်းချုပ်ရေးက အများအားဖြင့် ပြောဆိုသလောက် အရေးမကြီးပေ။ ပို၍ ကျယ်ပြန့်စွာ အဓိပ္ပါယ်ဖွင့်ရမည် ဆိုပါက ဤ ရေထုတွင် မလက္ကာ ရေလက်ကြားကဲ့သို့ "အရေးပါသည်" ဟု အများအားဖြင့် ထုတ်ဖော်ရင်း နိုင်ငံအများအပြား အသုံးပြုသည့် သင်္ဘောသွားလာမှု လမ်းကြောင်းများ ပါဝင်သည်။ သို့သော် ပို၍တိကျသော ဖော်ပြမှုတစ်ခုက "အဆင်ပြေလိမ့်မည်" ဖြစ်သည်။ မလက္ကာရေလက်ကြားသည် အိန္ဒိယနှင့် ပစိဖိတ် သမုဒ္ဒရာများအကြား အတိုဆုံးနှင့် စရိတ်စက အသက်သာဆုံး လမ်းကြောင်း ဖြစ်သော်လည်း အခြားသော ရွေးချယ်စရာ လမ်းကြောင်း အများအပြား ရှိနေသည်။ ဆွန်ဒါ ရေလက်ကြား ကဲ့သို့ ပေါ်လွင်သော အခြားရွေးချယ်စရာလမ်းကြောင်းများ ပိတ်ဆို့မှုဖြစ်သည့် အဆိုးဆုံးအခြေအနေတွင်လည်း သြစတြေးလျ၏ တောင်ပိုင်း သမုဒ္ဒရာဆိုသည့် ရွေးစရာက အမြဲတစေ ရှိနေသည်။

အခန့်မသင့်၍ "အရေးပါသော" သင်္ဘောသွားလာမှုလမ်းကြောင်းများ ပိတ်သွားခြင်းက နိုင်ငံဆိုင်ရာနှင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးများအပေါ် မဖြစ်စလောက် အနည်းငယ်မျှသော သက်ရောက်မှုတစ်ခုသာ ရှိစေသည် ဆိုသည်ကို ကြုံတွေ့ထားခဲ့ရသည့် အတွေ့အကြုံများက ပြသနေသည်။ မတ်လက စူးအက်တူးမြောင်းတွင် သင်္ဘောအသွားအလာ ပိတ်ဆို့ခဲ့သည့် ဖြစ်စဉ်က COVID-19 ကပ်ရောဂါကြောင့် ထောက်ပံ့ဖြည့်ဆည်းမှုကွင်းဆက်များ အလျဉ်ပြတ်မှုများနှင့် ယှဉ်မည်ဆိုပါက အသေးအဖွဲ့မျှသာ ဖြစ်နေခဲ့သည်။ ထို့ပြင် ၂၀ ရာစုအတွင်း တူးမြောင်းက ပို၍ အရေးပါသော လမ်းကြောင်းတစ်ခု ဖြစ်ခဲ့ချိန်ကလည်း အာရပ်-အစ္စရေး စစ်ပွဲများကြောင့် ယင်းကို နှစ်ချီကြာ ပိတ်ထားခဲ့ရသည်။

မိမိ ယခင်က ထုတ်ဖော်ပြသထားသလိုပင် သင်္ဘောအသွားအလာ လမ်းကြောင်းများအပေါ် အလျဉ်ပြတ်စေမှုကြောင့် စီးပွားရေးအရ ဆုံးရှုံးမှုက ထရီလီံယံပမာဏများဖြင့် မဟုတ်ဘဲ ဘီလီယံပမာဏများသာ ဖြစ်လိမ့်မည်ဖြစ်ပြီး ယင်းက လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအုပ်စုတစ်စု သို့မဟုတ် နှစ်စု၏ လည်ပတ်လှုပ်ရှားမှု ကုန်ကျစရိတ်ကို ကျခံရန်ပင် လုံလောက်မှု ရှိမည် မဟုတ်ပေ။

ယုံတမ်းစကား ၂ ။ တောင်တရုတ်ပင်လယ်သည် တန်ဖိုးကြီးသော အရင်းအမြစ် အများအပြား ရှိရာ နေရာဖြစ်သည်။

တောင်တရုတ်ပင်လယ်တွင် သက်သေပြပြီး သို့မဟုတ် ဖြစ်တန်ရာရှိသည့် အရင်းအမြစ်များအဖြစ် သဘာဝဓာတ်ငွေ့ ကုဗပေပေါင်း ထရီလီယံချီနှင့် ရေနံစည်ပေါင်း ဘီလီယံချီ ရှိနေမည်ဟု မကြာခဏ ခန့်မှန်းကြသည်။ သို့သော် ယင်းတို့၏ အများစုသည် ကာလကြာ အငြင်းပွားနေသည့် ကျွန်းများ၊ ကျောက်တန်းများအောက်တွင်ထက် တောင်တရုတ်ပင်လယ်၏ အနားသတ်မျဉ်းများတလျောက်တွင် တည်ရှိကြသည်။ ပမာဏပိုင်းတွင်လည်း ထင်မြင်ယူဆရသည်ထက် ပိုမို သေးငယ်နည်းပါးပါသည်။

The National Interest က ကိုးကားဖော်ပြထားပြီး မဟာဗျူဟာဆိုင်ရာနှင့် နိုင်ငံတကာ လေ့လာမှုစင်တာမှ ဂရီဂိုရီ ပေါလင်း၏ အဆိုအရ တောင်တရုတ်ပင်လယ်ရှိ ရေနံများကို အကယ်၍ မျက်လှည့်ဆန်ဆန် မနက်ဖြန်တွင် တရုတ်ဈေးကွက်သို့ ရောက်ရှိစေခဲ့မည်ဆိုပါက ယင်းသည် တရုတ်၏ နေ့စဉ် သုံးစွဲမှုပမာဏ၏ တစ်နှစ်စာခန့်မျှနှင့် ညီမျှလိမ့်မည်ဟု ဆိုသည်။ အလားတူ ဓာတ်ငွေ့အရင်းအမြစ်များက ပို၍ များပြားသည် ဆိုသော်လည်း ဘေးတွင် ရှိသည့် နိုင်ငံများတွင် စီးပွားဖြစ် အသုံးပြုနိုင်မည့် အလားအလာ ရှိရုံမျှသာ ဖြစ်သည်ဟု ၎င်းက ဆိုသည်။

နှစ်ပေါင်း ၅၀ ကျော်ကြာ သိရှိထားခဲ့သည် ဆိုသော်လည်း ယင်းဧရိယာတွင် ရှာဖွေတူးဖော်မှု လုပ်ဆောင်မှုများက အလွန်တရာ အကန့်အသတ်ရှိ အတိုင်းအတာတစ်ခု၌သာ ဆက်ရှိနေသည်။ ကာဗွန်လောင်စာများ ခေတ် အဆုံးပိုင်းက နီးကပ်လာနေခြင်းနှင့်အတူ ရေနံနှင့် ဓာတ်ငွေ့ ပမာဏအများအပြားကို အမြဲထုတ်ယူသွားရန်မှာ ဖြစ်နိုင်ခြေ မရှိလှပေ။

နိုင်ငံအဆင့်လယ်ဗယ်ဖြင့် ဟိုက်ဒရိုကာဗွန် ရင်းမြစ်များကို အပြည့်အဝ အသုံးချရန် သို့မဟုတ် အငြင်းပွားနေသည့် နယ်မြေပိုင်ဆိုင်မှု ကိစ္စများနှင့်ပတ်သက်ပြီး တရုတ်နှင့် ယင်း၏ အိမ်နီးချင်းများအကြား သဘောတူညီချက်များအတွက် ညှိနှိုင်းဆွေးနွေးရန် ကြိုးပမ်းမှုများ၏ ရောက်တက်ရာရာ သဘောသဘာဝအရ ဤ ရင်းမြစ်များသည် သံတမန်ဆိုင်ရာ ညှိနှိုင်းကြသည့် ချစ်ပ် များကဲ့သို့ တန်ဖိုးရှိနေသည်။

ဒေသ၏ ငါးဖမ်းလုပ်ငန်း အရင်းအမြစ်များသည်လည်း ယင်းတို့နှင့်ပတ်သက်ပြီး အပြိုင်ငြင်းခုံစစ်ထိုးရလောက်သည်အထိ တန်ဖိုးရှိသည် ဆိုသည်ကို ပြသနေသည့် ရံဖန်ရံခါ ကြိုးပမ်းမှုများလည်း ရှိနေသည်။ ငါးဖမ်း အခွင့်အရေးများအတွက် အငြင်းပွားမှုများကို ကမ္ဘာတဝန်းတွင် တွေ့ရနိုင်ပြီး ရံဖန်ရံခါ ဆိုသလို ယင်းတို့က ထိပ်တိုက်တွေ့မှုဆီ ဦးတည်တတ်ကြသည်။ သို့သော် ဆိုမာလီ ပင်လယ်ဓားပြတိုက်မှု ဖြစ်ပွားမှုနှင့် ဗြိတိန်နှင့် အိုက်စလန်အကြား "cod wars" ဟု ခေါ်သည့် ငါးဖမ်းအခွင့်အရေးများအတွက် ထိပ်တိုက်ရင်ဆိုင်တွေ့မှုများ ဆိုသည့် အငြင်းပွားဖွယ် ခြွင်းချက်ရှိသည်မှလွဲပြီး ယင်းတို့သည် မည်သည့်အခါကမှ လက်တွေ့အမှန်တကယ် စစ်ရေးပဋိပက္ခတစ်ခုဆီ ဦးတည်ခဲ့ခြင်း မရှိသလောက်ပင် ဖြစ်သည်။ ဖြစ်နိုင်ခြေ အန္တရာယ်က အတော်ပင် နည်းပါးသည်။

ယုံတမ်းစကား ၃ ။ ထိုင်ဝမ်ကို ကျူးကျော်ဝင်ရောက်ရန် စစ်ဘက်နှင့် ရေတပ်ဆိုင်ရာ လုပ်နိုင်စွမ်း တရုတ်တွင် ရှိသည် သို့မဟုတ် မကြာမီ ရှိလာလိမ့်မည်။

ယင်းကဲ့သို့သော ပြောဆိုမှုများက တဒင်္ဂမျှသာ ဖြစ်သော စိစစ်မှုကိုပင် စစ်ဆေးခံနိုင်စွမ်း မရှိပေ။ ထိုင်ဝမ်ကို ပင်လယ်ရေကြောင်းကနေ ကျူးကျော်ဝင်ရောက်မှုက D-Day ကမ်းတက်တိုက်ပွဲထက် အလွန်ပင် ပို၍ ခက်ခဲလိမ့်မည် ဖြစ်သည်။ ထို့ပြင် တရုတ်သည် ယင်းကဲ့သို့သော ကျူးကျော်မှုတစ်ခု အတွက် ပြင်ဆင်ရန် ပြင်းထန်လေးနက်သည့် အားထုတ်မှု လုပ်ဆောင်ထားခြင်း မရှိပေ။ တရုတ်တွင် ကမ်းတက် ရေယာဉ် ၆၀ ခန့် (အများအပြားက ခေတ်ကုန်နေ) ရှိပြီး ယင်းတို့က စစ်သည် ထောင်ဂဏန်းအနည်းငယ်ကို သယ်ယူပို့ဆောင်ပေးနိုင်သည်။ ယင်းက ကမ်းလွန်ကျွန်းတစ်ကျွန်းကို သိမ်းယူချုပ်ကိုင်ရန် လုံလောက်ချင် လုံလောက်နိုင်သော်လည်း လူဦးရေ ၂၄ သန်းရှိပြီး ကောင်းစွာ ကာကွယ်ထားသည့် နိုင်ငံတစ်နိုင်ငံကို ကျူးကျော်ရန် လုံလောက်သည့် အင်အား မဟုတ်ပေ။

တရုတ်ပြည်သူ့လွတ်မြောက်ရေးစစ်တပ်၏ တရားဝင် ကျူးကျော်မှု အစီအစဉ် (ယင်းက နာမည်ခံထိုက်သည်ဆိုပါက) သည် ထိုင်ဝမ်ရေလက်ကြားတလျှောက် စစ်သည် သန်းချီကို ပို့ဆောင်ရန် ကော်မာရှယ် ဖယ်ရီသင်္ဘောများကို တာဝန်ထမ်း အသုံးတော်ခံစေရေး တိုက်တွန်းရန် ဖြစ်ပြီး ယင်းကနေတဆင့် သန်းချီသော စစ်သည်များက ကြီးကြီးမားမား ခုခံကာကွယ်ထားသော ကမ်းခြေများကို ကမ်းတက်လိမ့်မည် ဖြစ်သည်။ D-Day တုန်းက ဂျာမန် ခုခံကာကွယ်သူများ၏ နည်းပညာများကဲ့သို့သော ၁၉၄၀ ပြည့်နှစ်ကာလများက နည်းပညာနှင့် ဆိုပါက ယင်းက ဘေးဒုက္ခဆိုးတစ်ခု ဖြစ်လိမ့်မည်ဖြစ်သည်။ သို့သော် ထိုင်ဝမ်တွင် (တရုတ်ပြည်သူ့သမ္မတနိုင်ငံကဲ့သို့ပင်) ပင်လယ်ပြင်တွင်း ရန်သူ၏ လုပ်နိုင်စွမ်းကို ခုခံကာကွယ်ရေး နည်းပညာပိုင်းတွင် ကြီးကြီးမားမား ရင်းနှီးမြှုပ်နှံထားပြီး ပဏာမအကြို ဗုံးကြဲတိုက်ခိုက်မှုလောက်ဖြင့် အစွမ်းပျက်ပြယ်သွားနိုင်စရာ မရှိသည့် ထရပ်ကားပေါ်၌ တင်ထားသော သင်္ဘောဖျက် ဒုံးကျည် ရာချီ ရှိနေသည်။ လေးနက်သည့် ကြိုးပမ်းမှုတိုင်းကို အကဲဖြတ်ရသလောက်ဆိုလျင် ကျူးကျော်ဝင်ရောက်မှုတစ်ခု၏ ဆန့်ကျင်ဘက် အခြေအနေအပေါ် အလေးသာမှုများက အချိန်တိုင်း တိုးနေသည်။

သို့ရာတွင်လည်း ထိုင်ဝမ်ကို အတင်းအကျပ် ပြန်လည်ပေါင်းစည်းစေရေးက ဖြစ်နိုင်ခြေ မရှိသည့် ကိစ္စတစ်ခု ဆိုပြီး မည်သည့် တရုတ်တာဝန်ရှိသူကမှ ဝန်ခံလိမ့်မည် မဟုတ်ပေ။ ထိုသို့ ဝန်ခံပါက ပါတီ၏ အင်အားစွမ်းပကားဆိုင်ရာ ထုတ်ဖော်ချက်များကို ထိခိုက်တိုက်စားစေလိမ့်မည်ဖြစ်သည်။ ထို့ပြင် နိုင်ငံတကာ ပရိသတ်ကို ပြောကြားချိန်များတွင်လည်း ထိုင်ဝမ် နိုင်ငံရေးနှင့် စစ်ရေး ခေါင်းဆောင်များက ၎င်းတို့ ရင်ဆိုင်ရသော ခြိမ်းခြောက်မှုကို လျှောချပစ်ရန် အကြောင်းရင်း မရှိပေ။ ယင်းအတွက်ကြောင့် ဤ ယုံတမ်းစကားက အပြန်အလှန် သဘောတူညီခွင့်ပြုမှုဖြင့် ဆက်ဖြစ်နေသည်။

ယုံတမ်းစကား ၄ ။  တောင်တရုတ်ပင်လယ်တွင် လွတ်လပ်စွာ ရေကြောင်းသွားလာမှု လုပ်ဆောင်ချက်များကို ထိန်းသိမ်းရန် အင်မတန် အရေးကြီးသည်။

ခြေခြေမြစ်မြစ် ဖြစ်သော ရည်မှန်းချက်များထက် သင်္ကေတ အထိမ်းအမှတ်ဖြစ်သော ရည်မှန်းချက်များကို လက်ကိုင်ပြုနေသည်က တရုတ် တနိုင်ငံတည်းတော့ မဟုတ်ပေ။ အမေရိကန်သည် လွတ်လပ်စွာ ရေကြောင်းသွားလာမှု လုပ်ဆောင်ချက်များ (FONOPS) အယူဝါဒကို ထိန်းသိမ်းရန် စိတ်ပိုင်းဖြတ်ထားပြီး ယင်းကို စစ်သင်္ဘောများတွင် ကျင့်သုံးသည်။ ဤ အယူဝါဒက အမေရိကန် လက်မှတ်မထိုးထားသည့် ပင်လယ်ပြင် ဥပဒေဆိုင်ရာ ကုလ ကွန်ဗန်းရှင်း၏ အငြင်းပွားဖွယ် အချက်တစ်ခုအပေါ် အခြေပြုထားသည်။ ယင်းကို သမိုင်းကြောင်းအရ လွှမ်းမိုးခဲ့သည့် ပင်လယ်ရေကြောင်း ပါဝါနိုင်ငံများက ထောက်ခံအတည်ပြုထားသည်။ သို့သော် ယင်းကို တရုတ်က ပယ်ချထားသည်။ ရေတပ် FONOPS အယူဝါဒကို အိန္ဒိယကလည်း ပယ်ချထားပြီး အိန္ဒိယသည် တရုတ်ကို ဘောင်ခတ်ရန် ဖွဲ့စည်းထားသော Quad အုပ်စု၏ အရေးပါသော အဖွဲ့ဝင်တစ်နိုင်ငံဖြစ်သည်။ အမေရိကန် ဥပဒေရပ်တည်ချက်ကို လက်ခံသည့် ဒေသတွင်း နိုင်ငံများကတောင်မှ ယင်း အယူကို မကျင့်သုံးစေရေးကိုသာ ပိုမိုလိုလားသည်။

တရုတ်၏ ပင်လယ်ပြင် ကာကွယ်ရေးလုပ်နိုင်စွမ်းများ တိုးမြင့်ထားခြင်းနှင့်အတူ ပေါ်လွင်ထင်ရှားလာသည်က တရုတ်ပြည်မကြီးအနီး အမေရိကန်ရေတပ် လှုပ်ရှားမှုများက တရုတ်၏ သဘောတူညီခွင့်ပြုခြင်းမှ လွဲပြီး အကန့်အသတ်မရှိ ထိန်းထားနိုင်ရန်မရှိဆိုသည်ပင် ဖြစ်သည်။ အကယ်၍ အမေရိကန်အနေဖြင့် FONOPS နှင့်ပတ်သက်ပြီး ယင်း၏ ရပ်တည်ချက်ကို ကမ္ဘာတဝန်း ထိန်းသိမ်းထားလိုသည် ဆိုပါက ဤကိစ္စတွင် ယင်း၏ ထုတ်ဖော်ထားသော အခွင့်အရေးများကို မကျင့်သုံးခြင်းက ပိုမို အဓိပ္ပါယ် ရှိလိမ့်မည်ဖြစ်သည်။

ယုံတမ်းစကား ၅ ။ တရုတ်သည် တောင်တရုတ်ပင်လယ်ရှိ ယင်း၏ နယ်မြေပိုင်ဆိုင်ကြောင်း တောင်းဆိုမှုများကို ကာကွယ်ရန် နျူကလီးယားစစ်ပွဲတစ်ခုကို တိုက်ရန် ဆန္ဒရှိနေသည်။

၁၉၆၄ ခုနှစ်က တရုတ်တို့ နျူကလီးယားလက်နက်များကို ပထမဆုံး စမ်းသပ်ခဲ့ချိန်က မော်ဇီတုန်း ပြောခဲ့ဖူးသည်က ၎င်းတို့နိုင်ငံသည် မီးကုန်ယမ်းကုန် နျူကလီးယားတိုက်ခိုက်မှုတစ်ခုကနေ ရှင်သန်လွတ်မြောက်ရန် လုံလောက်သည်အထိ လူဦးရေအင်အားရှိနေခဲ့သည်ဟု ဆိုခဲ့သည်။ ၎င်းကို ဆက်ခံသူများမှာ ယင်းကဲ့သို့သော အတွေးမှားအောက်တွင် ရှိမနေပေ။

မော်၏ ထုတ်ဖော်ချက်သည် "မိမိဘက်က အရင်စပြီး မတိုက်" ဆိုသည့် မူဝါဒတစ်ခုကို ကြေညာသည့် အကြောင်းအရာအောက်တွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ယင်းနောက်ပိုင်း အဆိုပါ မူဝါဒကို တရုတ်က လိုက်နာထားခဲ့သည်။ အခြား အင်အားကြီးနိုင်ငံတစ်နိုင်ငံမှ နျူကလီးယားတိုက်ခိုက်လာမှုကို ခုခံဟန့်တားခြင်းမှ လွဲပြီး တရုတ်တွင် နျူကလီးယားလက်နက်များကို အသုံးပြုရန် တစုံတရာ ရည်ရွယ်ချက် မရှိဆိုပြီး သက်သေအထောက်အထားတော့ မရှိပေ။

တောင်တရုတ်ပင်လယ် ဒဏ္ဍာရီနှင့် ဆက်နွယ်ပြီး စစ်လက်နက်အင်အားဖြင့် အပြန်အလှန် ခြိမ်းခြောက်မှုက အမေရိကန်၊ တရုတ်နှင့် အခြားနေရာများရှိ ပါဝင်ပတ်သက်သူ အစုံအလင်ကို အကျိုးပြုနေသည်။ အမေရိကန်သမ္မတဟောင်း အိုက်ဆင် ဟောင်ဝါ ပြီးခဲ့သည့် နှစ် ၆၀ အကြာက သတိပေးခဲ့သည့် စစ်တပ်နှင့် ကာကွယ်ရေးပစ္စည်းထောက်ပံ့ဖြည့်သွင်းမှုလုပ်ငန်းအကြား ဆက်နွယ်မှုက နိုင်ငံတိုင်းတွင် အင်အားကောင်းနေပြီး အရွယ်အစားကြီး စစ်ပွဲအတွက် ပြင်ဆင်ထားခြင်း နှင့် နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ ရည်ရွယ်ချက်များအတွင်း စစ်ရေးပါဝါကို ပုံမှန် အသုံးပြုခြင်းကို အားပေးရန် အမြဲတစေ ကြိုးပမ်းသည်။ အမျိုးသားရေးဝါဒီ နိုင်ငံရေးသမားများက နယ်မြေနယ်နိမိတ် ပိုင်ဆိုင်ကြောင်း ပြောကြားချက် အမျိုးစုံကို အားပေးပြီး ၎င်းတို့၏ အရေးပါမှုကို ပုံကြီးချဲ့ကြသည်။ တရုတ်အစိုးရရော၊ ထိုင်ဝမ် အစိုးရ ရောတွင် ထိုင်ဝမ်ကို ကျူးကျော်မှု စိတ်ကူးအယူအဆကို ဆက်လက်အသက်ဝင်နေစေရန်အတွက် အကြောင်းပြချက်ကောင်းများ ရှိသည်။

ကံမကောင်းစွာနှင့်ပင် ဤ ယုံတမ်းစကားများက အန္တရာယ်ကင်းပါသည်ဆိုပြီး ပြော၍တော့ မရပေ။ အမေရိကန်နှင့် တရုတ်အကြား တစ်နည်းနည်းဖြင့် စစ်ပွဲတစ်ခုဆီ မမြင်မကန်း ဝင်တိုးသွားနိုင်သည့် ဖြစ်နိုင်ခြေအလားအလာတစ်ခုက အမြဲရှိနေသည်။ ပြီးတော့ ယင်းကဲ့သို့ စစ်ပွဲ ဖြစ်လာပါက သြစတြေးလျအနေဖြင့် မကောင်းသည့် ရွေးချယ်စရာများကိုသာ ရွေးရရန် ရှိနေသည်။ ယင်းတို့က ယင်း၏ အကြီးဆုံး ကုန်သွယ်ဘက် ပါတနာနှင့် ဆိုးဝါးလှသော စစ်ပွဲတစ်ခုကို တိုက်မည်လား သို့မဟုတ် ယင်း၏ အရေးကြီးဆုံး မဟာမိတ်ကို သစ္စာဖောက်မလား ဆိုသည့် ရွေးချယ်စရာနည်းလမ်းများဖြစ်သည်။ ခြောက်လှန့်ရေးသမားများ၏ ဝိုင်းအော်မှုတွင် ပူးပေါင်းခြင်းထက်စာပါက အစိုးရအနေဖြင့် တင်းမာမှုများကို လျော့ကျစေရန်သာ ကြိုးပမ်းသင့်ပေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly