ငွေကြေးဖောင်းပွမှု မြင့်တက်နေသည့် ပါကစ္စတန်တွင် အစိုးရက အခွန်နှုန်းထားများ တိုးမြှင့်ရန် အဆိုပြု

ငွေကြေးဖောင်းပွမှု မြင့်တက်နေသည့် ပါကစ္စတန်တွင် အစိုးရက အခွန်နှုန်းထားများ တိုးမြှင့်ရန် အဆိုပြု

ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်လျက်ရှိသည့် ပါကစ္စတန်နိုင်ငံတွင် ဝန်ကြီးချုပ် အီမရန်ခန်းဦးဆောင်သည့် အစိုးရက ဒီဇင်ဘာ ၃၀ ရက်က အသေးစားဘတ်ဂျက်ဆိုင်ရာ ဥပဒေမူကြမ်းတစ်ရပ်ကို လွှတ်တော်၌ အဆိုတင်သွင်းခဲ့သည်။

အဆိုပါ ဥပဒေကြမ်းတွင် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က သတ်မှတ်သော သတ်မှတ်ချက်တချို့နှင့် ကိုက်ညီစေရန်အတွက် နိုင်ငံတွင် အခွန်နှုန်းထား အမျိုးမျိုးကို တိုးမြှင့်ရန် အဆိုပြုထားကြောင်း ပြည်တွင်း မီဒီယာက ဖော်ပြသည်။

အဆိုပါ ဥပဒေမူကြမ်း အတည်ပြုပါက အမျိုးမျိုးသော ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများက နိုင်ငံတွင် ပိုမိုဈေးကြီးလာမည် ဖြစ်သည်။

ဥပဒေမူကြမ်းအရ ဖုန်းများ၊ လက်ဝတ်ရတနာများ၊ ကွန်ပြူတာများ၊ လျှပ်စစ်ကားများ၊ ကားများ၊ စက္ကူနှင့် စာရေး ကိရိယာပစ္စည်းများ၊ အစ္စလမ်မာဘတ်ရှိ ဝန်ဆောင်မှုများ၊ နိုင်ငံခြား ရုပ်သံဒရာမာများ၊ ပြည်ပမှ တင်သွင်းသည့် စားသောက်ကုန်ပစ္စည်းများနှင့် အခြားပစ္စည်း အများအပြားအပေါ်တွင် အခွန်နှုန်းထားများ တိုးမြှင့်ရန် အဆိုပြုထားကြောင်း Samaa TV က ဖော်ပြသည်။

အတိုက်အခံ အမတ်များထံမှ ဆန့်ကျင်မှုများ ရှိနေသည့်ကြားကပင် ပါကစ္စတန်ဘဏ္ဍာရေးဝန်ကြီး ရှောကက် တာရင်က ဒီဇင်ဘာ ၃၀ ရက်တွင် နောက်ဆက်တွဲ ဘဏ္ဍာရေး ဥပဒေမူကြမ်း ၂၀၂၁ (အသေးစား ဘတ်ဂျက်) နှင့် ပါကစ္စတန် ဗဟိုဘဏ် လုပ်ပိုင်ခွင့် ဥပဒေမူကြမ်းတို့ကို အမျိုးသားလွှတ်တော်တွင် အဆိုတင်သွင်းခဲ့ခြင်း ဖြစ်သည်။

အစိုးရသည် အတိုက်အခံတို့ကို အမျက်ထွက်စေသည့် ဆုံးဖြတ်ချက်များဖြင့် ပြဋ္ဌာန်းချက် အချို့ကိုလည်း အတည်ပြုထားသည်။

ဖက်ဒရယ် အစိုးရအဖွဲ့သည် အစောပိုင်းက အတည်ပြုခဲ့သည့် ဖြည့်စွက် ဘဏ္ဍာရေး ဥပဒေမူကြမ်းအရ စမတ်ဖုန်းများ၊ ကွန်ပြူတာများ၊ လက်ဝတ်ရတနာများ၊ မော်တော်ယာဉ်များ အပါအဝင် ကုန်ပစ္စည်းအမျိုးပေါင်း ၁၅၀ အပေါ် အထွေထွေရောင်းခွန် (GST) ပိုင်း တိုးမြင့်စေရန် လမ်းဖွင့်ပေးခဲ့ကြောင်း ပါကစ္စတန် သတင်းမီဒီယာက ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly