ထိုင်ဝမ်နှင့် ပြည်မကြီးတို့ ပေါင်းစည်းရေးကို တရုတ်သမ္မက တောင်းဆို

ထိုင်ဝမ်နှင့် ပြည်မကြီးတို့ ပေါင်းစည်းရေးကို တရုတ်သမ္မက တောင်းဆို

ထိုင်ဝမ် ရေလက်ကြား နှစ်ဘက်စလုံးရှိ ပြည်သူများ၏ တူညီသောဆန္ဒဖြစ်သည့် အမိမြေအပြီးသတ် ပြန်လည်ပေါင်းစည်းရေးကို တရုတ်သမ္မက တောင်းဆိုလိုက်ကြောင်း Global Times သတင်း မီဒီယာက ဖော်ပြသည်။

"ကျွန်တော်တို့ရဲ့ အမိမြေအပြီးသတ်ပြန်လည်ပေါင်းစည်းရေးက ထိုင်ဝမ် ရေလက်ကြားနှစ်ဘက်စလုံးမှာ ရှိတဲ့ ပြည်သူတွေရဲ့ မျှော်မှန်းချက်တစ်ခုပါ" ဟု ဒီဇင်ဘာ ၃၁ရက်ညတွင် ပြောကြားခဲ့သည့် ရှီ၏ ၂၀၂၂ ခုနှစ် နှစ်သစ်မိန့်ခွန်းကို Global Times မှ ကိုးကား၍ ဖော်ပြခဲ့သည်။

ဟောင်ကောင်နှင့် မကာအိုတို့၏ သာယာဝပြောရေးနှင့် တည်ငြိမ်ရေးသည် ပြည်မကြီးအတွက် အရေးကြီးသည် ဟု အလေးပေးဖော်ပြပြီး ရှီက "တစ်နိုင်ငံ၊ စနစ် ၂ မျိုး" စံနမူနာကို ကောင်းစွာ အကောင်အထည် ဖော်ရန် အရေးကြီးကြောင်း အလေးပေးပြောကြားခဲ့သည်။

ဟောင်ကောင်ရှိ Stand News ဌာနကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းပြီး အဖွဲ့ဝင် ၆ ဦးကို ဖမ်းဆီးပြီးနောက် ၂ ရက်အကြာတွင် ယခုမှတ်ချက် ထွက်ပေါ်လာ ခြင်းဖြစ်သည်။

၎င်းတို့ထဲမှ ၂ ဦးကို ရဲတပ်ဖွဲ့က ဆူပူအုံကြွရန်နှိုးဆောင်မှုဖြင့် စွဲချက်တင်ထားရာ တရားရုံးက အာမခံလျှောက်ထားမှုကို ငြင်းဆိုထားသည်။

Stand News သည် လုပ်ငန်းလည်ပတ်မှုများကို ရပ်ဆိုင်းခဲ့ပြီး တရုတ်အာဏာပိုင်များက ကန့်ကွက်ထားသဖြင့် ၎င်း၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည့် အကြောင်းအရာများကိုလည်း ဖျက်ပစ်ခဲ့သည်။

တရုတ်၏ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး အစီအစဉ်ကို ရည်ညွှန်းပြီး ရှီက ပြည်သူများ၏ စိုးရိမ်ပူပန်မှုနှင့် ၎င်းတို့၏ ဆန္ဒများကို အလေးထားကြောင်း ပြောကြားခဲ့သည်။

ရှီက ၂၀၂၁ခုနှစ်ကို ထူးခြားအရေးပါသည့်နှစ်ဟုလည်း ခေါ်ခဲ့သည်။ သို့သော် အနောက် နိုင်ငံများက ရှင်ကျန်းပြည်နယ်များရှိ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်ပြီး တရုတ်ကွန်မြူနစ်ပါတီ အား တစ်နှစ်ပတ်လုံးတွင် ဆက်တိုက်ု စွပ်စွဲခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly