ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ရနိုင်ဖွယ် အရိပ်အယောင် မတွေ့ရ

ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ရနိုင်ဖွယ် အရိပ်အယောင် မတွေ့ရ
Photo- Reuters

ဇန်နဝါရီလ ၇ ရက်

မြန်မာနိုင်ငံကို နှစ်ရက်ကြာ ရောက်ရှိနေသည့် ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန် သည် စစ်တပ်၏ ဖမ်းဆီးထိန်းသိမ်းမှုခံထားရသော အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရနိုင်ဖွယ် အရိပ်အယောင် မတွေ့ရကြောင်း နေပြည်တော် အသိုင်းအဝိုင်းနှင့် နီးစပ်သည့် သတင်းရင်းမြစ်များက ပြောဆိုသည်။

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ဖိတ်ကြားမှုဖြင့် လာရောက်သည့် အာဏာရှင်ဆန်သော ဝန်ကြီးချုပ်ဟွန်ဆန်၏ ခရီးစဉ်ကို ဖျက်သိမ်းရန် မြန်မာပြည်တွင်း အရပ်ဖက် အဖွဲ့အစည်းများနှင့် ဒီမိုကရေစီ လှုပ်ရှားသူများက တခဲနက် တိုက်တွန်းနေသည့်ကြားက ယနေ့ ဇန်နဝါရီလ ၇ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာခြင်း ဖြစ်သည်။

ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်သည် အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ အာဆီယံ အသင်း၏ ၂၀၂၂ ခုနှစ်အတွက်အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူရမည့်သူ တစ်ဦးလည်း ဖြစ်သည်။ ၎င်းသည် ယနေ့‌နေပြည်တော်သို့ ရောက်ရှိလာပြီး မွန်းလွဲပိုင်းတွင်အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သည်ဟု သိရသည်။

သို့သော် စစ်တပ်အာဏာသိမ်း ပြီးနောက် ကြီးလေးသော အမှု ၁၂ ခုဖြင့် ဖမ်းဆီး ထိန်းသိမ်းခံနေရသော အရပ်သား အစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရနိုင်မည့် အလားအလာ မတွေ့ရကြောင်း နေပြည်တော် အသိုင်းအဝန်း နှင့် နီးစပ်သူများက သုံးသပ်ကြသည်။

မြန်မာပြည်သူများ အပေါ်၌ လူမဆန်သော အကြမ်းဖက်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ၎င်းတို့အာဏာ တည်မြဲရေးအတွက် ရည်ရွယ်ချက်ရှိရှိ ကျူးလွန်နေသည့် အာဏာသိမ်း စစ်ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးမည့် ကမ္ဘောဒီးယား ဝန်ကြီးချုပ် အနေဖြင့် မြန်မာပြည်သူများ၏ ဆန္ဒသဘောထားနှင့် ဒီမိုကရေစီ ကြိုးပမ်းအားထုတ်မှုကို လေးစားလိုက်နာရန် ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီ CRPH က ယနေ့ ထုတ်ပြန်ထားသည်။

မြန်မာပြည်သူများအပေါ် ဥပဒေမဲ့ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်နေပြီး လူ့အခွင့်အရေး ချိုးဖောက်နေသည့် စစ်ခေါင်းဆောင်များအား လူ့အသိုက်အဝန်းမှ ဖယ်ကျဉ်ထားရမည်ဖြစ်ကာ ၎င်းတို့နှင့် တွေ့ဆုံဆွေးနွေးမှုသည် မြန်မာနိုင်ငံနှင့် ပြည်သူလူထုအတွက် အကျိုးတစ်စုံတစ်ရာ မရှိနိုင်ကြောင်းလည်း CRPH က ဆိုထားသည်။

စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုအပေါ် မှတ်တမ်းတင်နေသော ပြည်တွင်းအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ဇန်နဝါရီလ ၆ ရက်နေ့အထိ မှတ်တမ်းများအရ စစ်အာဏာသိမ်းပြီးနောက် အရပ်သား ၁၄၄၃ ဦး သတ်ဖြတ်ခံထားရပြီး ဖမ်းဆီးခံခဲ့ရသူ ၁၁၃၆၉ ဦး ရှိနေသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly